Friday, October 31, 2014

သမ္မတနှင့် ပါတီထိပ်ပိုင်း ခေါင်းဆောင်များ တွေ့ဆုံပွဲကို မသိရကြောင်း ကြံ့ခိုင်ရေး ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်းပြော

ရန်ကုန်၊ အောက်တိုဘာ ၃၀

သမ္မတ ဦးသိန်းစိန်က ကြံ့ခိုင်ရေးပါတီ ထိပ်ပိုင်း ခေါင်းဆောင် များနှင့် အောက်တိုဘာလ ၃၁ ရက် နေ့တွင် နိုင်ငံတော် သမ္မတ ရုံး၌ တွေ့ဆုံမည်ဟု အောက်တိုဘာလ ၃၀ နေ့ထုတ် 7 Day Daily သတင်းစာ၌ ပါရှိရာ ယင်းကိစ္စနှင့် ပတ်သက်၍ မိမိထံ ဖိတ်ကြားစာ မရောက်ကြောင်းနှင့် မိမိသိထားသည်မှာ အခြားသော နိုင်ငံရေး ပါတီများနှင့် တွေ့ဆုံမည့် ကိစ္စသာ သိကြောင်း ကြံ့ခိုင်ရေး ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်းက အောက်တို ဘာလ ၃၀ ရက်နေ့ နေ့လယ်ပိုင်းတွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။

““ပါတီတွေရဲ့ ခေါင်းဆောင်တွေ အားလုံးကို ဖိတ်တာပဲသိတယ်။ ကျွန်တော်တို့ တစ်ပါတီတည်းနဲ့ပဲ တွေ့မယ် ဆိုတာတော့ မကြားမိပါဘူး။ ပါတီတွေ အားလုံးနဲ့ တွေ့မယ်ဆိုတာက တစ်ပါတီကို တစ်ယောက်၊ နှစ်ယောက်ပဲ ဖိတ်တာဆိုတော့ ဦးရွှေမန်းတို့၊ ဦးခင်အောင်မြင့်တို့ တက်မှာ။ ပါတီအားလုံး ပါပါတယ် ၃၁ ရက်နေ့က။ ပြည်ထောင်စု နေ့စဉ်မှာ သတင်းပါ တယ်လေ။ ရှေ့မျက်နှာဖုံးရဲ့ ညာဘက်ထောင့်မှာ။ ကျွန်တော်တို့ဆီ သတင်း မရောက်ဘူး။ အဲဒီ ဖိတ်ကြားလွှာလည်း မရဘူး။ ပါတီအားလုံး ပါမယ်လို့ပဲ သဘောပေါက်တယ်။ အဲဒီလို ဖိတ်ထားတယ်လို့ပဲ ကြားတယ်။ ကျွန်တော်တို့ တစ်ပါတီတည်းနဲ့ပဲ တွေ့မယ်ဆိုတာ မဟုတ်ပါဘူး။ အဲဒီသတင်း လည်း မကြားမိပါဘူး””ဟု ကြံ့ခိုင်ရေး ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်း က မြန်မာသံတော်ဆင့်သို့ ပြောသည်။
““ပြည်ခိုင်ဖြိုးပါတီတွင် ဗဟိုကော်မတီဝင် စုစုပေါင်း ၃၈ ဦးရှိပြီး ၎င်းတို့အနက် ခေါင်းဆောင် ၁၇ ဦးနှင့် တွေ့ဆုံမည် ဖြစ်ကြောင်း သတင်းရရှိသည်””ဟုလည်း 7 Day Daily သတင်းစာ၌ ဖော်ပြပါရှိသည်။
““လွှတ်တော် မနက်ဖြန် နားမယ် ဆိုတာတော့ သိတယ်။ တွေ့မယ့် ကိစ္စက သေသေချာချာတော့ မသိ သေးဘူး။ ပါတီက CEC တွေတော့ သိမှာပေါ့။ ကျွန်တော်တော့ မသိဘူး။ တွေ့ဖို့ရှိတယ် ဆိုတာတော့ သတင်းကြားထားတယ်””ဟု ပါတီ ဗဟိုကော်မတီဝင် ရန်ကုန်တိုင်း ကြံ့ခိုင်ရေးပါတီ အတွင်းရေးမှူး ဦးသာဝင်းက ပြောသည်။
အာဏာရ ကြံ့ခိုင်ရေးပါတီတွင် ဖွဲ့စည်းပုံအရ ပါတီဥက္ကဋ္ဌ ဦးသိန်းစိန်နှင့် သူရဦးရွှေမန်းတို့ပြီးလျှင် ပါတီဗဟို အတိုင်ပင်ခံများ ဖြစ်သော ဦးအောင်သောင်း၊ ဦးတင်ထွတ်၊ဦးစိုးသာတို့ဖြစ်ကာ၊ ၎င်းတို့ပြီးမှ CEC ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ၂၄ ဦး တို့သည် ပါတီ၏ ထိပ်ပိုင်း ခေါင်းဆောင်များအဖြစ် ဖွဲ့စည်းထားပြီး ပါတီဗဟို ကော်မတီ ၀င်များမှာ ၃၀၀ ကျော်ရှိသည်။ ကြံ့ခိုင်ရေး ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်းသည် အစိုးရနှင့် ပါတီထိပ်ပိုင်း ခေါင်းဆောင်များအပေါ် တပ်မတော်အစိုးရ လက်ထက်မှ ယနေ့တိုင် နိုင်ငံရေးသြဇာ လွှမ်းမိုးလျှက်ရှိသူတစ်ဦးဖြစ်ကြောင်း အများက ထင်မြင်ယူဆခြင်း ခံထားရသူဖြစ်သည်။

သဉ္ဇာဆွေ
  မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald

No comments:

Post a Comment