ရန်ကုန်၊ အောက်တိုဘာ၂၉
တပ်မတော်က ပစ်ခတ်ဖမ်းဆီးမှုကြောင့်
သေဆုံးသွားသည်ဟု သတင်းထုတ်ပြန်ထားသော ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီး
သေဆုံးမှု အမှုမှန် ပေါ်ပေါက်ရေးအတွက် မြန်မာနိုင်ငံ လူ့အခွင့်အရေး
ကော်မရှင်ထံ တိုင်ကြားသွားမည် ဖြစ်ကြောင်း ၈၈ မျိုးဆက်နှင့်
ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီးက ပြောကြားသည်။
အောက်တိုဘာ
၂၆ ရက်နေ့က ကျိုက်မရောမြို့နယ် မြို့မရဲစခန်းတွင် သေမှုသေခင်း ပုဒ်မ (ပ)
၁၁/၂၀၁၄ဖြင့် အမှုဖွင့်ထားသော်လည်း မည်သို့ ဆက်လက်ဆောင်ရွက်မည်ကို
မိသားစုထံသို့ အဆိုပါ ရဲစခန်းမှ တရားဝင် အကြောင်းကြားမှုကို
စောင့်ဆိုင်းနေပြီး အခြေအနေအရ အမှုမှန် ပေါ်ပေါက်ရန် ယင်းသို့
တိုင်ကြားရခြင်း ဖြစ်ကြောင်း သေဆုံးသူ၏ ဇနီးဖြစ်သူ ဒေါ်သန္တာက ဆိုသည်။
“အမှုကို လွတ်လပ်ပြီး အများယုံကြည်သော ပုဂ္ဂိုလ်များ ပါဝင်သည့်
ပုဂ္ဂိုလ်များဖြင့် စုံစမ်းစစ်ဆေးမှု ဖြစ်ဖို့ပဲ လိုလားပါတယ်။ နောက်ထပ်
ကိုပါကြီးလို အဖြစ်မျိုး မဖြစ်စေချင်တဲ့အတွက် ဆောင်ရွက်နေတာပါ။
အငြိုးအတေးနဲ့ လုပ်နေတာ မဟုတ်ပါဘူး” ဟု ၎င်းကဆိုသည်။
တပ်မတော်၏
သတင်းထုတ်ပြန်ချက်တွင် ကွာဟချက်များ ရှိနေ၍ ကိုပါကြီး သေဆုံးမှု အမှုမှန်
ပေါ်ပေါက်ရေးအတွက် တရားဥပဒေ ရှုထောင့်မှ ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူများ၊
အမှုမှန် ပေါ်ပေါက်ရေးနှင့် တရားဥပဒေစိုးမိုးရေးကို လိုလားသူများ၊
အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်များ အားလုံး စုပေါင်းဆောင်ရွက်နေပြီး
ဥပဒေပညာရှင်များနှင့် ညှိနှိုင်းဆောင်ရွက်မည် ဖြစ်ကြောင်း ဦးကိုကိုကြီးက
ပြောကြားသည်။
ထို့ပြင် ထုတ်ပြန်ချက်တွင် ပါဝင်သော ဓာတ်ပုံမှာ ၂၀၁၀
ပြည့်နှစ်က KKO နှင့် အစိုးရစစ်တပ်တို့ စစ်ဖြစ်ရာ ဒေသမှ
ဒုက္ခသည်စခန်းများသို့ သွားရောက်ကူညီရာတွင် ရာသီဥတုဒဏ်နှင့် လုံခြုံရေးအရ
ဓာတ်ပုံပါ အဝတ်အစားများကို ဝတ်ဆင်၍ အမှတ်တရ ရိုက်ကူးခဲ့သော ဓာတ်ပုံသာ
ဖြစ်ကြောင်း၊ ကိုပါကြီးမှာ KKO အဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ မဟုတ်ကြောင်း၊
အလွတ်သတင်းထောက် တစ်ယောက်သာ ဖြစ်ကြောင်း ထုတ်ပြန်ချက်ပါ ဓာတ်ပုံတွင်
ပါဝင်သူ ဦးကိုကိုအောင်က ထောက်ခံပြောဆိုသည်။
တပ်မတော်က
ပစ်ခတ်ဖမ်းဆီးမှုကြောင့် သေဆုံးသွားသည်ဟု သတင်းထုတ်ပြန်ထားသော
ကိုအောင်ကျော်နိုင် (ခ) ပါကြီးသည် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA
လက်အောက်ခံ ကလိုထူးဘော ကရင့်အမျိုးသားအစည်းအရုံး (Klohhtoobor Karen
Organization) အဖွဲ့ဝင် မဟုတ်ကြောင်း DKBA ကလိုထူးဘော စစ်ဦးစီးချုပ်ရုံးမှ
ဗိုလ်မှူးစောထွန်းထွန်းက ပြောကြားသည်။
“ကျွန်တော်တို့ DKBA
အဖွဲ့ဝင်တွေ အကုန်လုံးမှာ ကိုယ်ပိုင်နံပါတ်တွေ ရှိပါတယ်။ အဲဒီနံပါတ်တွေကို
ဌာနချုပ် တစ်ခုတည်းက လုပ်တာပါ။ ကျွန်တော်ကိုယ်တိုင် စိစစ်ရပါတယ်။
ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီးဆိုတဲ့ နာမည် တစ်လုံးမှ မပါပါဘူး” ဟု ၎င်းက
ပြောကြားသည်။
Credit - The Voice Weekly
No comments:
Post a Comment