Friday, October 31, 2014

ယခင်သာသနာရေးဝန်ကြီး ဦးဆန်းဆင့်အား ထောင်တွင်း တင်းကျပ်စွာ ပိတ်ဆို့ အကျဉ်းချထားမှုပုံစံ လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်နေ

ရန်ကုန်၊ အောက်တိုဘာ ၃၀

သာသနာရေးဝန်ကြီးအဖြစ် တာဝန် ထမ်းဆောင်နေစဉ် အစိုးရက ရာထူးမှ ထုတ်ပယ်ကာ တရားစွဲဆို မှုကြောင့် ထောင်ဒဏ် (၁၃)နှစ် ချမှတ် ခံထားရသော တပ်မတော် စစ်ရာထူးခန့်ချုပ်၊ ဒုတိယဗိုလ်ချုပ် ကြီး(ငြိမ်း) သရေစည်သူ ဦးဆန်းဆင့်အား လက်ရှိရမည်းသင်း အကျဉ်းထောင်အတွင်း ပြင်ပနှင့် ဆက်သွယ်မှု ဖြတ်တောက်ကာ တင်းကျပ်စွာ ပိတ်ဆို့ အကျဉ်းချထားမှု ပုံစံသည် လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်နေကြောင်း နိုင်ငံရေး အသိုင်းအ၀ိုင်း က ဝေဖန် ပြောကြားလိုက်သည်။
ဦးဆန်းဆင့်အား တရားရုံးမှ ထောင်ဒဏ်(၁၃)နှစ် အမိန့်ချမှတ်ပြီးနောက် ရမည်းသင်းထောင်အတွင်း အထူးတိုက် (ခေါ်) သီးသန့်နေအိမ်ပုံစံ အခန်းကျဉ်းနှင့် သီးသန့် ခြံဝင်းအတွင်း ထားရှိသော်လည်း ယင်း အထူးတိုက်၏ ပြတင်းတံခါးများ အပါအ၀င် တံခါးများအားလုံးကို အလုံပိတ်ထားသည့်အပြင်
ခြံဝင်းအားလည်း ၀င်းအပြင်ဘက်မှ ပလတ်စတစ် အစိမ်းစများ ကာရံထားကာ အတွင်းတွင် မွန်းကျပ်စွာ နေထိုင်နေရကြောင်း၊ သာမန် အကျဉ်းသားများပင် အခွင့်အရေး ရရှိနေသည့် သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ ရုပ်သံစသည့် မီဒီယာများကို ကြည့်ရှုခွင့် မရဘဲ ပြင်ပလောကနှင့် အဆက်အသွယ် ဖြတ်တောက်ကာ တင်းကျပ်စွာ ပိတ်ဆို့ ထားကြောင်း ဦးဆန်းဆင့်၏ မိသားစုဝင်များက မြန်မာသံတော်ဆင့်သို့ ဖွင့်ဟပြောကြားလာပြီး ယင်းသို့ ဦးဆန်းဆင့်အား ထောင်တွင်း တင်းကျပ်စွာပိတ်ဆို့ အကျဉ်းချထားသည်မှာ တစ်ဦး တစ်ယောက်ကို တမင်တကာ နှိပ်ကွပ်သည့် သဘောသက်ရောက် သကဲ့သို့ ဥပဒေနှင့် မညီညွတ်ဘဲ လူ့အခွင့်အရေး ချိုးဖောက်မှု ပုံစံ ဖြစ်နေကြောင်း နိုင်ငံရေး အသိုင်းအ၀ိုင်းက ဝေဖန် သုံးသပ်ကြခြင်း ဖြစ်သည်။
““ကျွန်တော်တို့ နေတုန်းကဆိုရင်လည်း ကျွန်တော်တို့ စာတောင်ဖတ်ခွင့် မရပါဘူး။ ဘောလ်ပင်တို့၊ ခဲတံတို့ကိုလည်း ကိုင်ခွင့်မရှိဘူး။ စာရွက်စာတမ်းဆို ဝေလာဝေးပေါ့ဗျာ။ ကျွန်တော်တို့ အဲဒီတုန်းက အဲဒီလိုပဲ နေထိုင်ခဲ့ရတယ်။ ၈၈ ခုနှစ်။ ၉၀ ၀န်းကျင်ပေါ့လေ။ အဲဒီတုန်းကတော့ စစ်အာဏာရှင်စနစ် ဆိုတော့ စစ်အာဏာရှင်တွေရဲ့ ထင်သလိုကြဲတဲ့ပေါ်မှာ မူတည်ပြီးတော့ နေထိုင်ကြရတာပေါ့။ စစ်အုပ်ချုပ်ရေး ကာလတုန်း ကတော့ လူ့အခွင့်အရေး ချိုးဖောက်မှုကတော့ အပြည့်ရှိတာပေါ့။ ကျွန်တော်တို့ အခု ဒီမိုကရေစီ ခေတ်ရောက်ပြီ။ ဒီမိုကရေစီကို အသွင်ကူးပြောင်းရေး ကာလနဲ့ သွားနေတယ်။ အဲဒီလို သွားနေတဲ့အခါ ကျတော့ အာဏာရှင်ဆိုတဲ့ ပုံစံကို ဖယ်ရှားပစ်ရမှာပေါ့။ အခုလို ဦးဆန်းဆင့်နဲ့ ပတ်သက်လို့ ကြားနေရ တာတော့ သူက အုပ်ချုပ်ရေးပိုင်းမှာ ၀န်ကြီးအဆင့် ဖြစ်ခဲ့တော့ အခု သူ့ကို ထောင်ထဲမှာ ထားတာတော့ အမြင့်ဆုံး ပုံစံလို့ ပြောရမှာပေါ့။ သူ့ကို သီးခြားအိမ်နဲ့ သီးခြားခြံနဲ့ ထားတယ်။ ဒါကတော့ အထူးအခွင့် အရေးလို့ ပြောရမှာပေါ့။ ဒါပေမဲ့လည်း အပြင်က ဂျာနယ်တွေ၊ ကိုယ်ဖတ်ချင်တဲ့ စာအုပ်စာတမ်းတွေ ဖတ်ခွင့်ရရမယ်။ သတင်းမီဒီယာတွေ၊ တီဗွီတို့ဘာတို့ ကြည့်ခွင့်ရှိရမယ်။ အဲဒီလိုမျိုး ခံစားခွင့်တော့ ရှိသင့်တာပေါ့။ သာမန် အကျဉ်းသားတွေတောင် အခုကာလမှာ ဂျာနယ်တွေ ဖတ်နေကြရပြီလေ။ အဲဒီတော့ အခုလိုလုပ်ခြင်းဟာ တစ်ဦးတစ်ယောက်ကို မုန်းတီးပြီးတော့ တစ်ဦးတစ်ယောက်ကို တမင်တကာ နှိပ်ကွပ်တဲ့ သဘောဆန်နေ တယ်ဗျ။ ဒါကတော့ ဥပဒေမဲ့တဲ့ သဘောဖြစ် တယ်။ နောက်တစ်ခုက ဒီမိုကရေစီ စံနှုန်းနဲ့ မညီညွတ်ဘူး။ လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်တယ်””ဟု နိုင်ငံရေး အကျဉ်းသားများအဖွဲ့ချုပ်မှ ဦးဆောင်သူ တစ်ဦးဖြစ်သည့် ဦးမြင့်ဝင်းမောင်က ပြောသည်။
ဦးဆန်းဆင့်မှာ သာသနာရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်စဉ် ငွေကျပ် သိန်းခုနစ်ဆယ်ကို အလွဲသုံးစား ပြုမူသည်ဆိုခြင်းနှင့် အုပ်ချုပ်ရေးပိုင်း အကြီးအကဲဖြစ်သူ သမ္မတ၏ စကားကို မနာခံဟူသော စွဲချက်များဖြင့် ရာထူးမှ ထုတ်ပယ်ကာ တရားစွဲဆို ထောင်ချခံရခြင်း ဖြစ်သော်လည်း ယင်းဖြစ်စဉ်မှာ နိုင်ငံရေး လှည့်ကွက်အရ ပြုမူခံရခြင်း ဖြစ်သလို ယခုကဲ့သို့ အကျဉ်းချ ခံထားရစဉ်တွင် လူသားချင်း စာနာစွာ ဆက်ဆံခံရရန် လိုကြောင်းလည်း သုံးသပ် ပြောကြားကြသည်။
နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦးဖြစ်သလို လက်ရှိအစိုးရက ဖွဲ့စည်း ပေးထားသော နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော်မတီဝင် တစ်ဦးဖြစ်သည့် ဦးညိုထွန်းက ““လေရော ကောင်းကောင်းဝင်ရဲ့ လား၊ အသက်ရှူရော ကျပ်သလား။ နောက်တစ်ခါ အလင်းရောင် ကောင်းကောင်း ၀င်ရဲ့လား။ အလင်းရောင် ကောင်းကောင်း မ၀င်ဘူးဆိုရင် ဦးဆန်းဆင့် အသက်အရွယ်နဲ့ သူ့မျက်လုံးဟာ တစ်လ၊ နှစ်လ အတွင်းမှာ ထိခိုက် သွားနိုင်တယ်။ မှုန်ဝါး သွားနိုင်တယ်။ တကယ်က နိုင်ငံရေး လှည့်ကွက်အရ ချကြတာ။ ဒါပေမဲ့ လူသားချင်းတော့ စာနာရမှာလေ””ဟု ပြောကြားသည်။
နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦးဖြစ်သူ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင် ဦးကျော်ခင်ကမူ ယခု ဖြစ်ရပ်သည် လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်ပြီး ယခုဒီမိုကရေစီ အသွင်ကူးပြောင်းရေး မတိုင်မီ စစ်အာဏာရှင် စစ်အစိုးရ လက်ထက်တွင်ပင် အကျဉ်းထောင်များ သို့ နိုင်ငံတကာ ကြက်ခြေနီ (ICRC) အဖွဲ့ ၀င်ရောက်မှုများ ရှိပြီးနောက် အကျဉ်းသားများအနေဖြင့် လူ့အခွင့်အရေး အထိုက်အလျောက် ရရှိ ခဲ့သေးကြောင်း မြန်မာသံတော်ဆင့်သို့ ပြောကြားသည်။
““ဒါဟာ လူ့အခွင့်အရေး ချိုးဖောက်တာပဲ။ စစ်အာဏာရှင် အစိုးရ လက်ထက်မှာကိုက အပိုင်းနှစ်ပိုင်း ဖြစ်တယ်။ အရင်တုန်းကတော့ အားလုံး အမှောင်ချထားတာပေါ့ဗျာ။ နောက်ပိုင်း အထိုက်အလျောက် လွတ်လပ်မှု ရှိလာတယ်။ ဘာအပြောင်းအလဲ ဖြစ်လာလဲဆိုတော့ အကျဉ်းထောင်ထဲကို ICRC ၀င်လာတယ်။ ဒီအခါမှာ အကျဉ်းသားတွေ ICRC နဲ့ တွေ့ပြီးနောက် အားကစားပစ္စည်းတွေ၊ သတင်းစာတွေ၊ ဂျာနယ်တွေ သွင်းခွင့်ရတယ်။ အခြေအနေက အဲဒီလို အခြေအနေ။ အခု အခြား အကျဉ်းသားတွေလည်း စာတွေ ဘာတွေ ဖတ်လို့ ရနေတယ်။ အထိုက်အလျောက် လွတ်လပ်ခွင့် ရနေကြတာပဲ။ အခုလို သီးသန့်လို လုပ်တာတော့ လူ့အခွင့်အရေး ချိုးဖောက်တဲ့အပိုင်း ဖြစ်တယ်”” ဟု ပြောသည်။
ယခုကဲ့သို့ အကျဉ်းချခံ ထားရသော ဦးဆန်းဆင့်အား ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့်ရရန် နိုင်ငံတော် သမ္မတထံ အသနားခံစာ တင်ပြထားသော်လည်း သမ္မတထံ အသနားခံစာ ရောက် မရောက်ကိုမူ မသိရကြောင်း မိသားစုဝင်များက မြန်မာသံတော်ဆင့်သို့ ပြောသည်။

MH-0099
  မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald

No comments:

Post a Comment