ရန်ကုန်၊ အောက်တိုဘာ ၂၈
အလုပ်သမားရေးရာ အငြင်းပွားမှု
ဖြေရှင်းရေး ဥပဒေတွင် ထောင်ဒဏ် ထည့်သွင်းပေးရန် ရန်ကုန်မြို့တော်ရှိ မြို့
တော်ခန်းမရှေ့တွင် မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (MTUF)
ဦးဆောင်ကာ နိုဝင်ဘာလ ၂ ရက်နေ့တွင် ဆန္ဒပြမည် ဖြစ်ကြောင်း MTUF ၏
ပြန်ကြားရေး တာဝန်ခံ ဦးသက်နှင်းအောင်က ပြောကြားသည်။
သမ္မတက
ထောင်ဒဏ်ထည့်ရန် သဘောထားမှတ်ချက် ပေးထားသော်လည်း ထောင်ဒဏ် ထည့်သွင်းခြင်း
မပြုဘဲ ငွေဒဏ်အနည်းဆုံး ကျပ်ငါးသိန်းထည့် သွင်းကာ အလုပ်သမားရေးရာ
အငြင်းပွားမှု ဖြေရှင်းရေး ပြင်ဆင်သည့် ဥပဒေကြမ်းကို ပြည်ထောင်စု လွှတ်တော်က
အတည်ပြုလိုက်၍ ဆန္ဒပြရန် စီစဉ်ခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ရန်ကုန်မြို့တော်တွင် အလုပ်သမား ငါးရာဝန်းကျင်ဖြင့် ဆန္ဒပြရန် သက်ဆိုင်ရာ
မြို့နယ် ရဲတပ်ဖွဲ့ထံ ခွင့်ပြုချက် လျှောက်ထားပြီး ဖြစ်ပြီး
မန္တလေးတိုင်းဒေသကြီးတွင်လည်း ဆန္ဒပြမှုများ ဆက်လက်ပြုလုပ်သွားမည် ဖြစ်ကြောင်း
MTUF ထံမှ သိရှိရသည်။
စက်တင်ဘာလ ၂၂ ရက်နေ့က ကျင်းပသည့် ပြည်ထောင်စု
လွှတ်တော် အစည်းအဝေးတွင် အဆိုပါ ဥပဒေကြမ်းကို ထောင်ဒဏ်
ထည့်သွင်းခြင်းမပြုဘဲ ငွေဒဏ်ဖြင့်သာ အတည်ပြုခဲ့သဖြင့် အလုပ်သမားများနှင့်
အရပ်ဘက် အဖွဲ့အစည်းများ စုပေါင်း၍ ဆန္ဒပြမည် ဖြစ်ကြောင်း MTUF ထံမှ
သိရှိရသည်။
အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေတွင်
ပြစ်မှုကျူးလွန်ပါ က ငွေဒဏ်သာပါရှိ၍ အလုပ်ရှင်များ လိုက်နာမှု
အားနည်းသည်ဟုဆိုကာ ထောင်ဒဏ် ထည့်သွင်း၍ အလုပ်သမား၊ အလုပ်အကိုင်နှင့်
လူမှုဖူလုံရေး ဝန်ကြီးဌာနက ယင်းဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို
လွှတ်တော်သို့ ယခုနှစ် နှစ်ဆန်းပိုင်းက တင်ပြခဲ့သည်။
ပြင်ဆင်သည့်
ဥပဒေကြမ်းတွင် ပြစ်မှုအလိုက် တစ်နှစ်ထက် မပိုသော ထောင်ဒဏ်၊ ခြောက်လထက်
မပိုသော ထောင်ဒဏ်၊ သုံးလထက် မပိုသော ထောင်ဒဏ်တို့ကို ကျပ်တစ်သိန်းထက်
မပိုသော ငွေဒဏ်တို့နှင့် တွဲထားကာ ဒဏ်တစ်ရပ်ရပ်ကို ဖြစ်စေ၊
ဒဏ်နှစ်ရပ်လုံးကိုဖြစ်စေ ချမှတ်ရမည်ဟု ထည့်သွင်းခဲ့သည်။
Credit - The Voice Weekly
No comments:
Post a Comment