အပိုင်း (၂)
************
ငွေစန္ဒီ၊ ကျော်စိုးဦး ရေးသည်။
ရန်ကုန်တိုင်းမ် ဂျာနယ်၊ အတွဲ (၁၀)၊ အမှတ် (၄၂)။
တံတားတည်ဆောက်ရန်အတွက်မှာ လတ်တလောအခြေအနေအရ မဖြစ် နိုင်သေးကြောင်းကို
ဒေါက်တာကျော်လတ်က ပြောကြားခဲ့သည်။ ''ကြည့်မြင်တိုင် က လူတွေရယ်
ကြည့်မြင်တိုင်တစ်ဖက်ကမ်းကလူတွေရယ်ကနေပြီးတော့
ရန်ကုန် မြို့ကို တိုးချဲ့သင့်ပါတယ်ဆိုပြီး
ဆန္ဒတွေပြနေတယ်ဆိုတာတော့
ကြားပါတယ်။ သို့သော် အဲဒီကိုတိုးချဲ့ဖို့က တံတားကြီးတွေထိုးရလိမ့်မယ်။
တံတားကိုလဲ မြေ ပေါ်က တံတားထိုးလို့မရဘူး။ မြေအောက်ကတံတားထိုးရမှာ။
မြေပေါ်ကထိုးလို့ မရတာက အဲဒီလှိုင်မြစ်က သင်္ဘောတွေသွားနေတယ်။ သင်္ဘောတွေသွားတော့
အဲဒီတံတားကြီးကို အမြင့်ကြီးဆောက်ရမယ်။ အမြင့်ကြီးဆောက်တယ်ဆိုလို့ရှိရင် လက်ရှိ မြို့ထဲကိုပြန်ဆင်းလာတဲ့လမ်းနဲ့ ပြန်ဆက်တဲ့အခါကျတော့ သိပ်ကိုမတ်မတ် ကြီး ဖြစ်သွားလိမ့်မယ်။
အဲဒါကြောင့် မြေအောက်ကသွားမှရမယ်။ မြေအောက် ကသွားလို့ရှိရင်
အကြမ်းအားဖြင့် ပညာရှင်တွေမှန်းတာက ဒေါ်လာတစ်ဘီလီယံလောက် ကုန်မယ်လို့
ဂျပန်ပညာရှင် တွေမှန်းကြတယ်။ အဲဒီပိုက်ဆံက တစ်ဘီလီယံဆိုတာက
တို့တိုင်းပြည်အကြွေးရှိတာက
လေးဘီလီယံလား၊ ငါးဘီလီ ယံလားပဲရှိတာ။ တစ်ဘီလီယံဆိုတဲ့ပိုက်ဆံက အများကြီး။
အဲဒါကြောင့် တံတားကိုတိုးချဲ့မယ်၊ မြို့ကိုတိုးချဲ့မယ်ဆိုရင် အဲဒီနေရာကို
မတိုးချဲ့ဘူးမဟုတ်ဘူး။ နောက်နောင်ကျမှ တိုးချဲ့ရလိမ့်မယ်။
ပိုက်ဆံမရှိသေးလို့။ ပိုက်ဆံရှိတဲ့တစ်ချိန် ကျရင် တိုးချဲ့ပေါ့။ အခုလက်ရှိက
မြေလည်းသိမ်းပြီးသား အဆင်သင့်ရှိပြီးသား အရှေ့မြောက်ဘက်မှာ တိုးချဲ့မယ်။
အခုတိုးချဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ မကြာခင်တို့ဆီက နေ အစီရင်ခံစာတင်မယ်။ အဲဒီအစီရင်ခံစာကနေပြီး မြို့ တော်ဝန်ဆီကိုတင်မယ်။ မြို့တော်ဝန်ကနေတစ်ဆင့်တင်ပြီး လို့ရှိရင် ရန်ကုန်တိုင်းလွှတ်တော်တို့၊ ပြည်ထောင်စုအစိုးရ တွေဆွေးနွေးပြီး အဲဒီကျရင်တော့ အကုန်လုံးပေါ်လာမှာ ပေါ့''ဟုဆိုသည်။
ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီအတွင်းရေး မှူး ဦးသာဝင်းကတော့ ဒေသဖွံ့ဖြိုးရေးအတွက် စီမံကိန်းများ နေရာတိုင်းမှာရှိသင့်ကြောင်းနှင့် လူထုခေါင်းဆောင်များ သည် ဒေသခံတို့၏တောင်းဆိုမှုများကို နားစွင့်နေသင့်ကြောင်း ပြောကြားခဲ့သည်။
''ဒေသဖွံ့ဖြိုးရေးတွေအတွက် စီမံကိန်းတွေကနေရာ တိုင်းမှာရှိသင့်တယ်။
ဒီလိုစီမံကိန်းတွေရှိမှ ဒေသခံပြည်သူ တွေကအလုပ်အကိုင်ရရှိမှာ။
ဒီစီမံကိန်းသာဖြစ်ခဲ့ရင် ဒေသခံ တောင်သူတွေလဲ ချက်ချင်း
လက်ငင်းအကျိုးရှိလာမှာ။ ဘယ် အလုပ်မဆိုတစ်ယောက်နဲ့တစ်ယောက် နားလည်နိုင်ဖို့က အရေးကြီးတာ။ အခုလဲ လူထုက တောင်းဆိုသံတွေလဲကြား နေရတယ်။ အဲဒါကလဲ သူတို့ရဲ့လိုအပ်ချက်ကြောင့် တောင်း ဆိုနေကြရတာဖြစ်တယ်။ လူထုခေါင်းဆောင်ဆိုတာက ဒေသခံ တွေတောင်းဆိုမှုကို နားစွင့်နေကြရတာ''ဟု ဆိုသည်။
ဒေသခံများကတောင်းဆိုမှုကြောင့် မြို့သစ်စီမံကိန်း ကို ပြန်ပြီးလုပ်ချင်တယ်ဟုဆိုပါက အစိုးရကို မေးခွန်းထုတ် ချင်တာတွေရှိနေပါပြီဟုလည်း ဒေါက်တာညိုညိုသင်းက ပြောကြားခဲ့သည်။
''ရန်ကုန်မြို့မှာ အိမ်ရာစီမံကိန်းဖော်ဖို့ဆန္ဒပြတဲ့သူ တွေထက် ကြီးကျယ်တဲ့ ဆန္ဒထုတ်ဖော်မှုတွေများစွာရှိခဲ့တယ်။ မိကျောင်းကန်တို့ မြန်မာ့ဂုဏ်ရောင် အိမ်ရာ၊ တာမွေရာ ပြည့်ကွင်း၊ သိမ်ဖြူကွင်းဒီလိုဆန္ဒပြတဲ့အသံတွေကို လျစ်လျူ ရှုပြီး ဒီဒေသခံလူတစ်စုလောက်ရဲ့အသံကို နားထောင်မယ် ဆိုရင် အစိုးရကိုထပ်မေးချင်ပါသေးတယ်။ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီးသုံးသပ်ပါလို့''။
မည်သည့်စီမံကိန်းပင်ဖြစ်ပါစေဒေသဖွံ့ဖြိုးရေးဟု ခေါင်းစဉ်တပ်မည်ဆိုပါက အမှန်တကယ်ဖွံ့ဖြိုးမည့်အစီအ စဉ်အမှန်တကယ်ပြည့်စုံသည့် ကွန်ပလိပလန်ဖြစ်ဖို့ရာလိုအပ် ကြောင်းကို ဦးစောမြင့်မောင်ကပြောကြားခဲ့သည်။
''တောင် ဒဂုံ၊ မြောက်ဒဂုံမြို့သစ်တွေ တည်ထားခဲ့တယ်။ ဒီမြို့တွေက မြို့လို့သာခေါ်လိုက်တာ၊ တန်းဝင်တဲ့ဖွံ့ဖြိုးတဲ့မြို့ကြီးတွေဖြစ် မလာဘူး။ ရန်ကုန်မြို့ကားကျပ်တယ်ဆိုတာအဲဒါ။
နေ့ကျရင် အဲဒီကလူတွေက မြို့ထဲကိုလာတယ်။ ညနေပြန်ကြတယ်။ အဲဒီအတွက်
လမ်းကဒီလမ်းပဲရှိတယ်။ အဲဒီနေရာမှာ ဘစ် စနက် ဧရိ ယာပါရမယ်ဆိုတာကိုပြောချင်တာ။ အော့ဖစ်ဧရိ ယာနဲ့ ဖျော်ဖြေရေးလုပ်တဲ့ဧရိယာတွေပါရမယ်။
အစုံပေါ့။ စက်မှုဇုန်တွေပါရမယ်။ စက်မှုဇုန်ဆိုတာ နာမည်ပေးလက် ညှိုးထိုးပြီး
နာမည်တပ်ပေးတာပဲရှိတာပဲလေ။ လိုအပ်တဲ့ ဖစ်ဆက်လတီတွေပါရမယ်။ မပါဘဲနဲ့မရဘူး။
အစိုးရဆိုတာ အဲလိုလုပ်ရတာမဟုတ်ဘူး။ ဒီနေရာပဲခင်ဗျားတို့နေချင်သ လိုနေဆိုတာမျိုး။ လောလောဆယ်ဖြေရှင်းမယ်။ ပြီးပြီးတာ ပဲ။ နောက်တော့မှကြည့်လုပ်မယ်ဆိုတာမျိုးပေါ့။
အဲဒီလို အတွေးအခေါ်နဲ့ လုပ်ခဲ့တာတွေက မှားပေါင်းကများလှပြီ။ အကျိုးဆက်က
ဒါနဲ့ရပ်နေတာမဟုတ်ဘူး။ ဆိုရှယ်အီကော နောမစ်ပရောဆက်ဆိုတာ ကွက်တိမရှိဘူးလေ။
တောက် လျှောက်သွားနေရမှာ ကာလကိုသာပိုင်းပိုင်းပြီးလေ့လာရ မှာ''ဟုသုံးသပ်သည်။
ခေတ်အဆက်ဆက်အစိုးရအနေဖြင့် နေရေးပြဿနာ များဖြေရှင်းနိုင်ရန် နည်းလမ်းများစွာသုံးခဲ့သော်လည်း စီမံ ခန့်ခွဲမှုပိုင်းများအားနည်းခဲ့ကြောင်းလည်း ယင်းကဆက် လက်ထောက်ပြပြောဆိုခဲ့သည်။
''ကိုယ်တို့မှတ်မိသလောက် နောက်ကြောင်းပြန်ကြည့် မယ်ဆိုရင် ရန်ကုန်မြို့ကို စနစ်တကျတိုးချဲ့ခဲ့တယ်ဆိုတာ
တစ်ခါမှမရှိခဲ့ဘူး။ နည်းနည်းပါးပါးတော့ရှိတယ်။ ဥပမာ ရန်ကင်းတို့
သုဝဏ္ဏတို့ဆိုတာကတော့ သေသေချာချာလုပ် တာမျိုးပေါ့။ နောက်ပြီးတော့
အဲဒီခေတ်ကမတိုင်ခင်က လမ်း သစ်ရိပ်သာတို့ ဦးဝိစာရအိမ်ရာတို့
တိုက်အဟောင်းတွေ တော့ရှိခဲ့တယ်။ ဒါပေမဲ့အဲဒီတုန်း ကလူဦးရေတိုးနှုန်းတော့
မသိဘူး။ မူဝါဒကတော့ တစ်မျိုးပေါ့။ ဝန်ထမ်းဦးစားပေးနဲ့ လုပ်တော့
စောစောကပြောတဲ့နေစရာအိမ်မရှိတဲ့သူတွေ အတွက်ဖြေရှင်းတဲ့ မြို့ရွာစီမံကိန်းပုံစံမျိုးအဲဒီအဆင့်ထိ
ရောက်မလာဘူး။ မြို့သစ်ချဲ့တယ်ဆိုတာက ၅၂၊ ၅၉မှာ သာကေတ၊ တောင်ဥက္ကလာ၊
မြောက်ဥက္ကလာတစ်ကြိမ်၊ အဲဒီနမူနာကိုယူပြီးတော့ ၈၉၊၉ဝမှာ တောင်ဒဂုံ၊ မြောက်
ဒဂုံ၊ အရှေ့ဒဂုံမြို့သစ်တွေ၊ ရွှေပြည်သာတို့လှိုင်သာယာ
တို့မြို့သစ်တွေလုပ်ခဲ့တယ်။
အဲဒီတုန်းကနမူနာကို ယူပြီးလုပ် ခဲ့တာ။ ဒါပေမဲ့အဲဒီလို
မြို့သစ်ချဲ့ခြင်းရဲ့ ကွန်းဆက်ပေါ့၊ ရည်ရွယ်ချက်ဆိုတာက
မြို့မှာသိပ်သည်းနေတဲ့လူတွေကို မြို့ပြင်ထုတ်ရေး။ ဒါပဲအဓိကဖြစ်သွားတာပေါ့။ မြို့တစ်မြို့ ကို စနစ်တကျဘယ်လိုတည်ဆောက်မယ်ဆိုတဲ့ပုံစံနဲ့ လုပ် တာမဟုတ်ဘူး။ အခုစီမံကိန်းတွေလုပ်မယ်ဆိုရင် ဘယ်စီမံ ကိန်းပဲလုပ်လုပ် အဲဒါတွေနမူနာယူဖို့လိုပါတယ်''ဟု ပြောကြား ခဲ့သည်။
ယင်းနှင့်ပတ်သက်၍လည်း ပညာရှင်ဒေါက်တာကျော် လတ်က ''မြို့တိုးချဲ့တယ်ဆိုရင်
အိမ်ရာတွေ၊ တိုက်ခန်းတွေ လဲပါလာမှာပဲ။ တန်ဖိုးနည်းဆိုတာက ဟိုရှေးတုန်းကလို
ပေ၄ဝx၆ဝအကွက်လေးတွေ ရိုက်ပြီးတော့ ဆင်းရဲသားတွေ ကိုချပေးလိုက်တယ်ဆိုတဲ့အခါကျတော့ ဆရာတို့အနေနဲ့ မြို့ကြီးကကျယ်ပြန့်သွားတယ်။
အဲဒီဆင်းရဲသားတွေက လည်းပဲ သူတို့နေရတဲ့နေရာတွေမှာ ရေ၊ မီးအပြည့်အစုံမရှိ
ဘူး။ နောက်တစ်ခါသူတို့နေရတဲ့ နေရာတွေမှာ မီးလောင် တယ်ဆိုလဲ သူတို့ပဲခံရတာ။
အခုလှိုင်သာယာမှာကြည့်ရင် လှိုင်သာယာမှာဆိုရင် ရေကို လုံလုံလောက်လောက်မပေး
နိုင်ဘူး။ လျှပ်စစ်လဲ လုံလုံလောက်လောက် မပေးနိုင်ဘူး။
အဲဒီတော့ဆရာတို့မြို့ပြစီမံကိန်းပညာရှင်တွေအနေနဲ့မြို့ ကြီးပြန့်လာမှာကို မလိုလားဘူး'' ဟု ယင်း၏အမြင်ကိုပြော ကြားခဲ့သည်။
မြို့တစ်မြို့ကိုစီမံကိန်းချတိုးချဲ့သည့်အခါတွင်မြို့တစ် မြို့၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ယင်းအခြေအနေပေါ်မူ တည်ပြီး တိုးနှုန်းဖြစ်လာနိုင်ဖွယ်ရှိသည့် လူဦးရေအစရှိသည် များပေါ်တွင် အခြေခံခန့်မှန်း တွက်ချက်ပြီး တစ်နှစ်အတွင်း လူဦးရေတိုးနှုန်းများအားကြိုတင်ခန့်မှန်းပြီး ကြိုတင်မြို့စီမံ ကိန်းများလုပ်လေ့လုပ်ထရှိပြီး စီးပွားရေးလုပ်ငန်းများအ တွက် စီမံခန့်ခွဲမှု၊ လိုအပ်သောသယ်ယူပို့ဆောင်ရေး၊ လမ်း ပန်းဆက်သွယ်ရေး၊ လျှပ်စစ်၊ ရေနုတ်မြောင်း၊ ရေရရှိရေး၊ အချို့နိုင်ငံများတွင်ဂက်စ်လိုင်းများ ယင်းအပြင် ဖုန်းလိုင်း များပြည့်စုံသည့် အခြေခံ စနစ်မျိုးလိုအပ်ကြောင်းလည်း ပညာရှင်များက သုံးသပ်သည်။
ဝေဖန်သံညံနေသည့်ရန်ကုန်မြို့သစ်စီမံကိန်းကြောင့် စီမံကိန်းမြေနေရာဒေသများတွင် မြေအရောင်း၊ အဝယ် များ၊ မြေဈေးကစားခြင်းများလည်း ဘဝဂ်ညံနေခြင်းများဖြစ် ပေါ်နေခဲ့သော်လည်း စီမံကိန်းရပ်နားထားသည့်အချိန်မှ စ၍ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်လည်း စိတ်ဝင်စား မှုများလျော့နည်းသွားကြောင်း ဒေသခံတို့ကပြောကြားခဲ့ သည်။
ယင်းအချက်သည်ကပင် မူမှန်မဟုတ်သည့် ဒေသဖွံ့ ဖြိုးရေးခေါင်းစဉ်တပ် မရသည့် ကိစ္စရပ်တစ်ခုပင်ဖြစ်ကြောင်း လည်း ဦးစောမြင့်မောင် ကပြောကြားခဲ့သည်။
''အခုဟာကရန်ကုန်မြို့သစ်စီမံကိန်းက
ဆရာ့အမြင် နဲ့ကြည့်မယ်ဆိုရင် အရင်တုန်းက ပုံစံအတိုင်းပြန်လုပ်တယ်
လို့ပဲမြင်တယ်။ အဲဒီမှာရှိတဲ့ မြေကွက်တွေ သိမ်းမယ်။ မြေ ကွက်တွေရိုက်မယ်၊
ပြီးရင်ပြန်ရောင်းစားမယ်။ ပါမစ်ချထား မယ်။ ဒီထဲမှာအရောင်းအဝယ်တွေရှိမယ်။
ဈေးတွေကစား မယ်။ ဟိုးအရင်ကဖြစ်ခဲ့သလို ပြန်ဖြစ်မယ်။ အခုပုံစံပေါ့ဒါ
မျိုးကရိုးနေပြီလေ။ တစ်ကြိမ်လဲမက နှစ်ကြိမ်လဲမက၊ အဲတော့
ဆရာတို့ဖြစ်စေချင်တာ ကြည့်မြင်တိုင်တစ်ဖက်ကမ်းကို မြို့သစ်တည်မယ်ဆိုလို့ရှိရင် အရင်ဆုံးမြို့သစ်တည်ဖို့အ တွက်က လူဦးရေဘယ်လောက်အတွက်လုပ်မှာတုန်း၊
အကျယ် အဝန်းဘယ်လောက်ကို အဲဒီအတွက်လိုအပ်သလဲ။ ဘယ်လို
နေအိမ်မျိုးတည်ဆောက်မှာလဲ။ မြို့သစ်တစ်ခုအတွက် အဲဒီ
အခြေခံလောက်ကစပြီးစဉ်းစားရမှာ။ ဆရာသိသလောက် ကတော့ အဲဒါဘာမှမရှိဘူး။ အဲဒါတွေမရှိသေးဘဲနဲ့စလိုက် တာဆိုရင် အရင်တုန်းက ဖြစ်ခဲ့တဲ့အတိုင်းပြန်ဖြစ်မှာပဲ''ဟု ဆိုသည်။
လူဦးရေထူထပ်များပြားလာသဖြင့် နေစရာရရှိနိုင်ရေး ဆောင်ရွက်ရာတွင် မြို့ကိုကျယ်ပြန့်သွားစေသည့် ဖြေရှင်းနည်း များမှာ အလွယ်တကူဖြေရှင်းနည်းဖြစ်သည့်အတွက်သဘော ကျမှုမရှိခြင်းမှာတော့ ဒေါက်တာကျော်လတ်နှင့် ဦးစောမြင့် မောင်တို့က တစ်သဘောတည်းပဲဖြစ်သည်။
ဒေါက်တာကျော်လတ်က''မြို့ကြီး
ကျယ်ပြန့်သွားတယ် ဆိုလို့ရှိရင် ပြဿနာတွေက အမျိုးမျိုးတက်လာမယ်။ အခု
လှိုင်သာယာက လူတွေက သူတို့နေရာကနေ အလုပ်သွား လုပ်တဲ့သူတွေက တစ်နေ့ကို
နှစ်နာရီလောက်အချိန်ကုန် တယ်။ အသွားနှစ်နာရီ၊ အပြန်နှစ်နာရီလေး နာရီအချိန်
ကုန်တယ်။ အလုပ်လုပ်ရတာကရှစ်နာရီဆိုရင် ၁၂နာရီ လောက်က သူတို့အိမ်ကနေထွက်နေရတာပဲ။ ဒါတွေဟာ မသင့်လျော်တဲ့အတွက်ကြောင့်မို့လို့ မြေကြီးပြန့်တာကိုတို့ မလိုချင်ဘူး''ဟု ဆိုသည်။
ဦးစောမြင့်မောင်ကလည်း အလွယ်တကူဖြေရှင်းနည်း များကိုသဘောမကျကြောင်း၊ ဟန်ပြစီမံကိန်းမျိုးမဖြစ်စေ ချင်ကြောင်းလည်းပြောကြားခဲ့သည်။
''အလွယ်တကူဖြေ ရှင်းတဲ့နည်းသိပ်သဘောမကျဘူး။ ခုဟာက လူတွေကလဲ သူတို့ရဲ့အကျိုးစီးပွားနဲ့ယှဉ်ပြီးပြောတာပေါ့။ အခုဖြစ်တာ က ပွဲလှန့်လိုက်တဲ့အခါလူတွေကဝင်ကစားကြတာ။ ကစား ကွက်ဖော်ဖို့ရာ အတွက်လုပ်တဲ့ ဟန်ပြစီမံကိန်းမျိုးဖြစ်မယ်
ဆိုလို့ရှိရင်တော့ ဘာမှမကောင်းနိုင်ဘူး။ မြေဈေးနဲ့အိမ်ဈေး ကစားနေတဲ့
ကမ္ဘာပေါ်က အဆိုးရွားဆုံးနိုင်ငံထဲမှာ မြန်မာ ပြည် ပါနေပြီ။
ရည်ရွယ်ချက်မရှိဘဲနဲ့ပေါ့။ လုပ်ပုံလုပ်နည်း ကို မပြောင်းဘူးဆိုလို့ရှိရင်
ဒီသံသရာ ပြန်လည်မှာပဲ။ ဈေးကစားတာပဲသွားမှာ။ ခုနကပြောတဲ့မြို့တော်စီမံကိန်း မှာဆိုလို့ရှိရင် မြေဈေးကစားလို့ကို ဝင်လို့ကိုမရဘူး။ ဖွံ့ဖြိုး ရေးနဲ့စမယ်ဆိုရင် နေမယ့်သူအရောင်းအဝယ်လုပ်သူနဲ့စရ
မှာမဟုတ်ဘူး။ အစိုးရအနေနဲ့က မြို့ရွာ၊ ဖွံ့ဖြိုးရေးကိုသူလုပ် ရမှာပဲ။
တခြားလူ အနေနဲ့လုပ်လို့မရဘူး။ အာဏာပိုင်အဖွဲ့ အစည်းက သူဖြစ်နေတာကိုး။
ရန်ကုန်မြို့ဖွံ့ဖြိုးရေးအတွက်
စီမံကိန်းလုပ်တဲ့အခါကျရင် တိုင်းဒေသကြီးအစိုးရကလုပ်ရ မယ်။ လုပ်တဲ့အခါမှာ
ခုနကပြောသလိုစဉ်းစားရမှာ။ ကွန်ပလိ ပလန်ကြီး တစ်ခုကို ပညာရှင်တွေနဲ့စရမှာ''
ဟုဆိုသည်။
ဒေါက်တာညိုညိုသင်းက ''လုပ်မယ်ဆိုရင် ရန်ကုန်မြို့ သစ်စီမံကိန်းဆိုင်ရာ ဥပဒေတွေပြဋ္ဌာန်းပြီးလုပ်သင့်တယ်။ မြို့သစ်စီမံကိန်းဆိုတာ ဒီအတိုင်းလုပ်လို့မရဘူး'' ဟုဆိုသည်။
မည်သို့ပင်ဆိုစေကာမူ လတ်တလော ရန်ကုန်မြို့တွင် နေထိုင်သည့် ကိုယ်ပိုင်အိမ်ရာမရှိသူများအဖို့ရာ မြို့သစ် စီမံကိန်းသည် အိပ်မက်တစ်ခု၊ မျှော်လင့်ချက်တစ်ခုဟု ဆို ရပေလိမ့်မည်။
သို့သော် အစိုးရ၏လုပ် နည်းလုပ်ဟန်မပြေ ပြစ်မှု၊ ဒီမိုကရေစီ၏
အနှစ်သာရတစ်ခုဖြစ်သော ပွင့်လင်း မြင်သာခြင်းဟူသည့် စံနှုန်းနှင့်
ကိုက်ညီခြင်းမရှိခဲ့ပါသော ကြောင့် ရန်ကုန်မြို့သစ်စီမံကိန်းသည် ရှေ့မတိုးသာ နောက် မဆုတ်သာဖြစ်နေခဲ့ရပါသည်။
တစ်နှစ်ထက်တစ်နှစ်ကြီး မြင့်လာသော အိမ်ငှားခ၊ တိုးပွားလာသည့် လူဦးရေအတွက် နေစရာအခန်းရှားပါးလာမှု၊ မြို့ပြအင်္ဂါရပ်ကွယ်ပျောက်ပြီး ကားကျပ်လမ်းကျပ် လူမှုဒုက္ခအဖုံဖုံကို ခံစားနေရသည့် ပြည် သူများအတွက်ကတော့ ကျောတစ်ခင်းစာမျှော်လင့်ချက် မှာ အမှန်တကယ်လိုအပ်နေပြီဖြစ်ရာ အစိုးရအနေဖြင့် မည်သို့မည်ပုံ လုပ်ဆောင်ပေးနိုင်မည်ကို ပြည်သူတွေကလဲ မျှော်လင့်နေကြပေပြီ။
ထို့ကြောင့် အုပ်ချုပ်ရေးနှင့် ဥပဒေ ပြုရေးမှတာဝန်ရှိသူများအနေဖြင့် အားလုံးလက်ခံနိုင်သော နည်းလမ်းများ ရှာဖွေတွေ့ရှိနိုင်မှသာလျှင် သားရွှေအိုးထမ်း ကိန်းဆိုက်တော့မည်ဟုဆိုရပေတော့မည်ဖြစ်သည်။
#TheYangonTimes
Credit - Yangon Media Group
No comments:
Post a Comment