Friday, October 31, 2014

ဖွဲ့စည်းပုံအကြပ်အတည်း ထိပ်သီး ၁၄ ဆွေးနွေးပွဲ ရလဒ်မရှိဘဲ ပြီးဆုံး

မြန်မာပြည်မှာ ဖြစ်ပေါ်နေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အကြပ်အတည်းကို ကျော်လွှားဖို့၊ ပြည်တွင်းငြိမ်းချမ်းရေးရဖို့နဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအတွက် အောက်တိုဘာ ၃၁ရက်နေ့ ထိပ်သီး ၁၄ဦး တွေ့ဆုံမှုဟာ ခိုင်မာတိကျတဲ့ရလဒ် ထွက်မလာဘဲ ပြီးဆုံးသွားခဲ့ပါတယ်။ အစိုးရပြောသလို အောင်မြင်မှုကို နိုဗယ်လ်ငြိမ်းချမ်းရေးဆုရှင် ဘယ်လိုမြင်လဲ။ မြန်မာအစိုးရက ဒီထိပ်သီးဆွေးနွေးပွဲ အောင်မြင်တယ်လို့ပြောတာ ဘယ်လိုသတ်မှတ်လဲဆိုတာ သူ့အနေနဲ့ မသိပေမယ့် ဒီနိုင်ငံရေး တွေ့ဆုံမှုဟာ
သူမြင်တဲ့ လေးပွင့်ဆိုင်ပုံစံမျိုးမဟုတ်ဘူးလို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ သူ့အနေနဲ့ လေးပွင့်ဆိုင် တွေ့ဆုံမှုကို အခုထိ ဆုတ်ကိုင်ထားတာဟာ ပါတီစွဲ၊ ဝါဒစွဲကြောင့်မဟုတ်ဘဲ လက်တွေ့ကျကျ လိုအပ်တာကြောင့်ဖြစ်တယ်လို့ဆိုပါတယ်။ ဒီလိုတွေ့ဆုံမှုမျိုး အခါအားလျော်စွာ ကျင်းပမယ်ဆိုတဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ ပြောဆိုချက်ဟာ စဉ်းစားစရာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။ သမ္မတဦးသိန်းစိန်က နိုင်ငံရေးထိပ်သီးဆွေးနွေးပွဲခေါ်ယူကျင်းပတာ အာဆီယံထိပ်သီးဆွေးနွေးပွဲအတွက် အမေရိကန်သမ္မတ မြန်မာပြည်လာရောက်ချိန်နီးလို့ လုပ်တာမဟုတ်တဲ့အကြောင်း ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ငြင်းဆိုခဲ့ပြီး သမ္မတအိုဘားမား ဦးသိန်းစိန်ဆီ ဖုန်းဆက်တာ ဒီဆွေးနွေးပွဲနဲ့ မဆိုင်ဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ ရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေပါဝင်တဲ့ နိုင်ငံရေးအင်အားစု ၅စုရဲ့ တွေ့ဆုံပွဲဖြစ်ပြီး မြန်မာပြည်အပြောင်းအလဲအတွက် လေးပွင့်ဆိုင်တွေ့ဆုံတာထက် အခုလို အားလုံးပါဝင်တာမျိုးကို ပိုပြီးလိုလားတယ်လို့ ဦးရဲထွဋ်က ပြောပါတယ်။ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်ပြီး ပုဒ်မ တစ်ခုချင်း ဆွေးနွေးတာမရှိခဲ့ပေမယ့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ဖွဲ့စည်းပုံပြင်ဆင်ရေးကို သဘောတူတဲ့အကြောင်း။ ဒါပေမယ့် ပုဒ်မ ၄၃၆ ပြဌာန်းချက်အတိုင်းပဲ ပြင်ဆင်ဖို့သဘောထားရှိတယ်လို့ ဦးရဲထွဋ်က ဆိုပါတယ်။ တပ်မတော်အနေနဲ့ ပြုပြင်ပြောင်းလဲရေး၊ ငြိမ်းချမ်းရေးဖြစ်စဉ်တွေမျာ ပါဝင်ဖို့နဲ့ စိတ်ရှည်သည်းခံဆောင်ရွက်ဖို့၊ ဥပဒေပြုတဲ့အခါ မဲဆန္ဒရှင်အများစုက အနိုင်ယူတာမလုပ်ဘဲ လူနည်းစုဆန္ဒက ဥပဒေနဲ့ညီညွတ်ရင် တူညီတဲ့ ဘုံသဘောတူညီချက် Consensus ကို ရှာဖို့ တပ်မတော်က သဘောထားရှိတယ်လို့ ပြန်ကြားရေးဝန်ကြီးက ပြောပါတယ်။ ဖွဲ့စည်းပုံပြင်ဆင်ရေး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ သဘောထားနဲ့ပတ်သက်လိုပ သူ့အနေနဲ့ သိပ်အံ့သြစရာမရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။ နောက်တစ်ကြိမ် ဆွေးနွေးပွဲ ဘယ်တော့လုပ်မလဲဆိုတာ အိုဘားမား နောက်တစ်ကြိမ် ဘယ်တော့ပြန်လာမလဲဆိုတာ မေးရမလိုဖြစ်နေပြီလို့ ပြောသူက SNLD ပါတီအတွင်းရေးမှူး စိုင်းညွန့်လွင်ပါ။ သမ္မတဦးသိန်းစိန်အနေနဲ့ ဘယ်လောက်ရိုးသားမှုရှိသလဲဆိုတာ သူ့အနေနဲ့ မပြောလိုဘဲ သမိုင်းက အဖြေပေးသွားမှာပါလို့ ဆိုပါတယ်။ နိုင်ငံရေးတွေ့ဆုံပွဲရလဒ်က သိပ်မျှော်လင့်လို့ မရဘူးလို့ ဆိုပါတယ်။

http://kamayutmedia.com/video/politics/1837

Credit -  Kamayut MEDIA

No comments:

Post a Comment