မိုးစပါးသစ်များ စတင်ရိတ်သိမ်းနေပြီး မိုးစပါးသစ်ပေါ်ချိန်မှာပင်
စပါးဈေးနှုန်း ဆက်တိုက်ကျဆင်းနေပြီး ဝယ်လက်မရှိသဖြင့် လယ်သမားအများစု
အရှုံးပေါ်နေကြောင်း သိရသည်။
စပါးဈေးကျဆင်းမှုဒဏ်ကို
ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးမှ လယ်သမားများ
အများဆုံးခံနေရပြီး စိုက်ပျိုးစရိတ် မကျေသည့် လယ်သမားအများအပြား
ရှိလာခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်း ဒေသကြီးအတွင်း
စပါးအရည်အသွေးအလိုက် မြောင်းမြ၊ အိမ်မဲ၊ လပွတ္တာ၊ ဝါးခယ်မ၊ ဖျာပုံ၊ ဘိုကလေး
စသည့် မြို့နယ်များတွင် စပါးအသန့်များမှာ တင်းတစ်ရာလျှင်
ကျပ်သုံးသိန်းရှစ်သောင်းမှ လေးသိန်းဝန်းကျင်သာ ဈေးရှိနေသည်။ စပါးအရည်အသွေး
အနည်းငယ် ညံ့ဖျင်းသော ဟင်္သာတ၊ လေးမျက်နှာ၊ ကျုံပျော်၊ ငသိုင်းချောင်း၊
ရေကြည် စသည့်မြို့နယ် များတွင်မူ
အခြောက်ခံပြီး စပါးအသန့်များသာ
တင်းတစ်ရာလျှင် ငွေကျပ်နှစ်သိန်းခုနစ်သောင်းမှ သုံးသိန်းအထိသာ ရရှိသည်ဟု
အဆိုပါဒေသများမှ လယ်သမားများက ဆိုသည်။ ထိုပမာဏအထိ စပါးဈေးကျဆင်းနေသည့်အပြင်
ကုန်သည်ကြီးများနှင့် ဆန်စက်များကလည်း ဝယ်ယူခြင်းမရှိသဖြင့်
စိုက်ပျိုးစရိတ် ရှုံးသည်အထိ ဖြစ်လာခဲ့ကြောင်း သိရသည်။
“အဒေါ်တို့ဘက်မှာက တစ်ဧကကို တင်းလေးဆယ်ကနေ ငါးဆယ်လောက်ပဲ ထွက်တာ။ ကုန်တာက
တစ်ဧကကို တစ်သိန်း ကျော်ကုန်တယ်။ စပါးဈေးက လေးသိန်းမပြည့်ဘူး။ ဆန်စက်တွေကို
သွားပြီးရောင်းလည်း မဝယ်ချင်တော့ ကွင်းထဲဆင်းလာတဲ့ ပွဲစားတွေကို
ရောင်းရတယ်။ ပွဲစားတွေက သုံးသိန်းခြောက်သောင်းပေးတယ်။ မရောင်းလို့လည်း
မရတော့ဘူး။ အကြွေးတွေရှိတယ်။ အလုပ်သမားတွေကို ရှင်းပေးရမှာတွေရှိတယ်။
တစ်ဧကကို သုံးသောင်းကျော်ရှုံးတယ်။ အကြွေးက ဆက်တင်နေမှာပဲ” ဟု
ကျုံမငေးမြို့နယ်မှ ဒေါ်လှကြွယ်က ပြောကြားသည်။
ယခုနှစ်
စပါးဈေးနှုန်းမှာ ယခင်နှစ်များကဲ့သို့ ဆန်ကြမ်းနှင့် ဆန်ချောဈေးနှုန်း
အတက်အကျ မတူညီဘဲ ဆန်ကြမ်းစပါးဈေးနှုန်း စပါးတင်းတစ်ရာလျှင်
ကျပ်လေးသိန်းအောက်နှင့် ပေါ်ဆန်းဆန်မှာ စပါးတင်းတစ်ရာလျှင်
ကျပ်ရှစ်သိန်းဝန်းကျင်အထိ ရှိနေကြောင်း၊ ပေါ်ဆန်းမိုးစပါးမှာ ပေါ်ထွက်လာခြင်း
မရှိသေးကြောင်း သိရသည်။ ပေါ်ဆန်းမိုးစပါး ပေါ်ထွက်လာခြင်း မရှိသေးသော်လည်း
ယခုနှစ် ပေါ်ဆန်းစိုက်သူ လယ်သမားများမှာ ကြွက်၊ ဖြုတ်၊ ခရုစသည့်
ပိုးမွှားများ ဖျက်ဆီးမှုကြောင့် ပျက်စီးမှုများပြားခဲ့ပြီး တောင်သူအချို့မှာ
လုံးဝရိတ်သိမ်းရန်မလိုဘဲ အပင်သေသည့် တံစဉ်လွတ်ပုံစံမျိုးပင် ဖြစ်ခဲ့ကြောင်း
သိရသည်။
“ကျွန်တော်တို့ဘက်မှာက တင်းတစ်ရာကို နှစ်သိန်းရှစ်သောင်းပဲ
ရှိတယ်။ တစ်ဧကထွက်တာက တင်းခြောက်ဆယ်ပဲထွက်တယ်။ ရှုံးတယ်။ လေးသောင်းလောက်ကို
ရှုံးတာ။ ဒီဈေးကတော့ ကျွန်တော်တို့ လယ်သမားတွေ ရှင်လျက်နဲ့ သေတဲ့ဘဝ
ဖြစ်မှာပဲ။ အခုချိန်မှာ ရောင်းရင်ရောင်း၊ မရောင်းရင် ဆက်ကျမှာပဲဆိုတော့
အကြွေးဆပ်နိုင်ဖို့က အခက်အခဲဆုံးပဲ” ဟု လေးမျက်နှာမြို့နယ်ရှိ
တောင်သူဦးဝင်းခိုင်စိုးက ဆိုသည်။
မျိုးစပါးနှင့် နည်းပညာပေးကာ
ဈေးနှုန်းအာမခံချက်ဖြင့် စိုက်ပျိုးရေးအထူးပြု ကုမ္ပဏီများက တောင်သူများနှင့်
အကျိုးတူပူးပေါင်း စိုက်ပျိုးသည့် စနစ်မှာလည်း လက်တွေ့အခြေအနေ၌
လယ်သမားအားလုံးကို လွှမ်းခြုံနိုင်မှု မရှိခြင်းကြောင့် လယ်သမားများ အနေဖြင့်
အခက်အခဲများစွာကို ဆက်လက်ရင်ဆိုင်ရဖွယ် ရှိနေသည်။
“အစ်ကိုတို့
အဖွဲ့အစည်းအနေနဲ့ လယ်သမားတွေကို ဆင်းသွယ်လတ်လိုမျိုး မျိုးစပါးတွေကို
ဝေမျှပြီး စိုက်ခိုင်းတယ်။ အာမခံချက် ဘာပေးလဲဆိုတော့ စပါးပေါ်ချိန်မှာ
ရှုံးရင် အစ်ကိုတို့စိုက်မယ်။ ပြန်ဝယ်မယ့် စပါးဈေးနှုန်းကိုလည်း အာမခံချက်
ပေးထားတယ်။ တောင်သူတော်တော်များများ လာရောက် ပူးပေါင်းလိုကြတယ်။
အစ်ကိုတို့ဘက်က တတ်နိုင်သလောက် ပူးပေါင်းလုပ်ကိုင်ပေးတယ်။ ဒါပေမဲ့
များများလုပ်ဖို့ကတော့ အခက်အခဲရှိတယ်” ဟု ဧရာဝတီတိုင်း ဒေသကြီး
ဆန်စပါးအသင်းရုံးဥက္ကဋ္ဌ ဦးဝင်းမြင့်လှိုင်က ပြောကြားသည်။
“ရှုံးတယ်။
အားလုံးရှုံးတာ။ အကြွေးဆပ်ဖို့ အခက်အခဲကြီးမှာပဲ။ အခုတင်းတစ်ရာမှ
ကျပ်သုံးသိန်းအောက်ပဲရှိတာ။ တစ်ဧကကို စပါးအထွက်က ခြောက်ဆယ်ဝန်းကျင်ပဲ
ရှိတယ်။ သွင်းအားစုတန်ဖိုးက ကျပ်တစ်သိန်းကျော်ရှိတယ်။ အမြတ်ဆိုလို့
သုံးသောင်းလောက်ပဲ ရှိတာ။ ဧကတစ်ရာ စိုက်ထားတဲ့ တောင်သူဆိုရင်
ကျပ်သိန်းသုံးဆယ်ပဲ အမြတ်ရှိမှာ။ ဒီငွေနဲ့ ဘယ်လိုအဆင်ပြေမလဲ။ မိသားစုတွေ
ဘယ်လိုသွားစားမလဲ။ စပါးဈေး ကျပ်လေးသိန်းကျော်မှ အဆင်ပြေမှာ။
ဒီနှစ်လယ်သမားတွေ အားလုံးရှုံးမှာပဲ” ဟု ငသိုင်းချောင်းမြို့နယ်မှ
ဦးစိုးခိုင်ကဆိုသည်။
လယ်သမားများ အနေဖြင့် တစ်ရာသီ
စပါးစိုက်ပျိုးပါက တစ်ကြိမ်ရှုံးပြီး နှစ်သီးစားစိုက်ပါက နှစ်ကြိမ်ရှုံးသည့်
အခြေအနေသို့ ရောက်ရှိလာနိုင်သည်။
မိုးစပါးမပေါ်မီအချိန်က တရုတ်ဘက်မှ
အဝယ်ရှိမည်ဆိုသော သတင်းများရှိခဲ့ပြီး စပါးသစ်ပေါ်ချိန်တွင်မူ စပါးဈေး
တက်မလာခဲ့ကြောင်း ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်မှ ကိုဝဏ္ဏက
ပြောကြားသည်။
“တရုတ်ဘက်က ဝယ်မယ်ပြောပေမယ့် ဈေးမတက်ဘူး။
မိုးခေါင်လို့ ပျက်စီးမှုပိုများတယ်။ မိုးနှောင်းခေါင်လို့ စပါးခင်းတွေ
အကုန်ပျက်တယ်။ အနှံထွက်ချိန်မှာ မိုးမရတော့ ပျက်တာပဲ။ ဈေးကျတာ အသာထားဦး။
ရောင်းဖို့ကို မထွက်တာ။ တချို့ဆို စိုက်ထားတဲ့ စပါးခင်းတွေဖျက်ပြီး
ပဲတွေစိုက်ကုန်ကြပြီ” ဟု ပန်းတောင်းမြို့နယ်မှ ဦးစန်းဝင်းက ပြောကြားသည်။
စပါးဈေးကျဆင်းမှုသည် တရုတ်သို့ တင်ပို့မှုရပ်သွားခြင်းနှင့်
ဆက်စပ်မှုရှိကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် တွဲဖက်အတွင်းရေးမှူး
ဒေါက်တာစိုးထွန်းက သုံးသပ်သည်။
“ဆန်ဈေးကျတာက တရုတ်ဘက်ကို တင်ပို့တာ
ရပ်သွားတာနဲ့ ဆက်စပ်မှုရှိတယ်။ အရင်က တစ်ရက်ငါးသောင်း လောက်ပို့ရင် အခုက
တစ်ရက်နှစ်သောင်းလောက်ပဲ ထွက်တယ်။ တရားဝင်တင်ပို့ဖို့က
အခုထိညှိနှိုင်းတုန်းပဲ ရှိသေးတယ်။ အဓိက က တရုတ်ဘက်မှာ
ဖမ်းဆီးမှုများနေတဲ့အတွက် ဝယ်သူနည်းနေတာ ဖြစ်တယ်။ နောက်တစ်ချက်က အခုချိန်က
စပါးသစ်ပေါ်တဲ့အချိန်၊ အရောင်းအဝယ်က မကောင်းတော့ ဈေးကျသွားတာဖြစ်မယ်” ဟု
ဒေါက်တာစိုးထွန်းက ပြောကြားသည်။
မြန်မာနိုင်ငံ၏ ပြည်ပသို့
ဆန်တင်ပို့မှုတွင် တရုတ်နိုင်ငံသို့ တင်ပို့မှုက အများဆုံးဖြစ်နေပြီး
ထိုသို့တင်ပို့ရာတွင်လည်း တရားဝင်လမ်းကြောင်းမှ တင်ပို့ခြင်း မဟုတ်သဖြင့်
နစ်နာမှုများစွာ ပေါ်ပေါက်လျက်ရှိသည်။ တရုတ်နိုင်ငံသို့
တရားဝင်တင်ပို့နိုင်သည့် အစီအစဉ်မှာ ၂ဝ၁၅ ခုနှစ် နှစ်ဆန်းပိုင်းတွင်
စတင်နိုင်ပြီး တရုတ်နိုင်ငံက မြန်မာနိုင်ငံမှ ဧည့်မထဆန်တန်ချိန်
နှစ်သိန်းကို ဝယ်ယူရန် ကမ်းလှမ်းထားကြောင်း သိရှိရသည်။
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရှိရသော အချက်များအရ
ယခုဘဏ္ဍာရေးနှစ်တွင် စက်တင်ဘာလကုန်အထိ ဆန်တန်ချိန်ခုနစ်သိန်းကျော်
တင်ပို့ထားပြီး အောက်တိုဘာ၊ ဒီဇင်ဘာလများတွင် တစ်လလျှင်
ပျှမ်းမျှဆန်တန်ချိန် တစ်သိန်းခန့် တင်ပို့ရန်နှင့် ဘဏ္ဍာရေးနှစ်
ကုန်ဆုံးချိန်တွင် ဆန်တန်ချိန် ၁ ဒသမ ၅ သန်းအထိ တင်ပို့နိုင်ရန်
ခန့်မှန်းထားကြောင်း သိရသည်။
လတ်တလောအချိန်တွင် လယ်သမားများအနေဖြင့်
စပါးကို လှောင်ထားနိုင်စွမ်းမရှိသည့် အခြေအနေ၌ ရှိနေပြီး ဖြစ်ပေါ်နေသော
တန်းဖိုးနည်း ပေါက်ဈေးဖြင့်ပင် ထုတ်ရောင်းကာ တင်ရှိနေသော ကြွေးမြီအချို့
ပေးဆပ်၍ အကြွေးသံသရာဖြင့် ဆက်လက်ရုန်းကန်ရမည့် ပုံစံဖြစ်နေသည်။
စပါးဈေးနှုန်း ကျဆင်းမှုမရှိစေရန်အတွက် အစိုးရက အရန်ဆန်ဝယ်ယူခြင်းဖြင့်
ထိန်းညှိသော်လည်း ဆန်အရည်အသွေး ကန့်သတ်ချက်ကြောင့် လယ်သမားများအတွက်
အကျိုးဖြစ်ထွန်းမှုမရှိ ဖြစ်နေကြောင်း သိရသည်။
Credit - Eleven Media Group
No comments:
Post a Comment