မြို့နယ် ၁၂ ခုမှ စုစုပေါင်းထောင်ဒဏ် ၁၁ နှစ်နှင့် လေးလချမှတ်ခံထားရသည့် ကိုထင်ကျော်အား ပုဒ်မ ၅၀၅ (ခ) ၏ အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ်
နှစ်နှစ်ထပ်မံချမှတ်
မြို့နယ် ၁၂ ခုမှ စုစုပေါင်းထောင်ဒဏ် ၁၁ နှစ်နှင့်လေးလချမှတ်ခံထားရသည့် ကိုထင်ကျော်အား ကြားဖြတ်အစိုးရတင်မြှောက်ကြောင်း သဘောထားထုတ်ပြန်မှုဖြင့် ပုဒ်မ ၅၀၅(ခ)တွင် အမြင့်ဆုံးပြစ်ဒဏ်ဖြစ်သည့် ထောင်ဒဏ်နှစ်နှစ်အား ကျောက်တံတားမြို့နယ်တရားရုံးမှ အောက်တိုဘာ ၃၀ ရက် နံနက်ပိုင်းတွင် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင် ၇ ရက် နံနက် ၁၀ နာရီခန့်တွင် ရန်ကုန်မြို့ ဆူးလေဘုရားအနီး မြို့တော်ခန်းမရှေ့တွင် (MDCF) အဖွဲ့ဝင် ၃၀ ကျော်သည် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားဒီမိုကရေစီအင်အားစုများကို ကြားဖြတ်အစိုးရအဖြစ် ပြည်သူများကတင်မြှောက်ကြောင်း သဘောထားထုတ်ပြန်ခဲ့ကာ ဆန္ဒထုတ်ဖော်ခဲ့ကြပြီး ယင်းကိစ္စနှင့်ပတ်သက်၍ ကိုထင်ကျော်အား ပုဒ်မ ၅၀၅(ခ)/၃၄၊ အဖွဲ့ဝင် ကိုနောင်နောင်ကိုမူ ပုဒ်မ-၅၀၅(ခ)၊ ပုဒ်မ-၁၈တို့ဖြင့် အမှုဖွင့်ခဲ့ကြောင်း သိရသည်။
ကိုနောင်နောင်ကိုလည်း ကျောက်တံတားမြို့နယ်တရားရုံးမှ ပုဒ်မ-၅၀၅(ခ)ဖြင့် ထောင်ဒဏ်နှစ်နှစ်၊ ပုဒ်မ-၁၈ဖြင့် ထောင်ဒဏ်လေးလတပေါင်းတည်းကျခံစေဟု ချမှတ်ခဲ့ခြင်းကြောင့် ထောင်ဒဏ်နှစ်နှစ်ချမှတ်ခံရသည်။
"ကျွန်တော်တို့ကိုထောင်ချပေမယ့် အရှင်သခင်ပြည်သူတွေနဲ့ ဒုက္ခတွေခံစားနေရတုန်းပဲ။ ကျွန်တော်တို့မျိုးဆက်တွေရဲ့လှုပ်ရှားမှုတွေအားလုံးဟာ မကြာခင်အောင်မြင်မှာဖြစ်တယ်။ ဒီကနေ့တိုင်းပြည်မှာ ကျွန်တော်တို့ပြည်သူတွေနဲ့ အမှန်တရားကိုဖော်ထုတ်နေတဲ့ မီဒီယာတွေကို စနစ်တကျဖိနှိပ်နေတာတွေ့ရတယ်။ ကျွန်တော်တို့နိုင်ငံသားတွေ လုံခြုံမှုမရှိတော့ဘူး။ ဥပဒေအကာအကွယ်ကို ဘယ်သူမှမရကြတော့ဘူး" ဟု တရားရုံးမှထွက်စဉ် ကိုထင်ကျော်ကဆိုသည်။
လက်ရှိတွင် ကိုထင်ကျော်အား နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)ဖြင့် တောင်ဥက္ကလာပတရားရုံးမှ အလုပ်ကြမ်းနှင့် ထောင်ဒဏ်ခြောက်လ၊ ဒဂုံမြို့သစ်မြောက်ပိုင်းတရားရုံးမှ အလုပ်ကြမ်းနှင့် ထောင်ဒဏ်တစ်နှစ်၊ ဒဂုံမြို့သစ်အရှေ့ပိုင်းတရားရုံးမှ အလုပ်ကြမ်းနှင့် ထောင်ဒဏ်တစ်နှစ်၊ ဒဂုံမြို့သစ်တောင်ပိုင်းတရားရုံးမှ အလုပ်ကြမ်းနှင့် ထောင်ဒဏ်တစ်နှစ်၊ သင်္ဃန်းကျွန်းတရားရုံးမှ အလုပ်ကြမ်းနှင့် ထောင်ဒဏ်တစ်နှစ်၊ မရမ်းကုန်းတရားရုံးမှ အလုပ်ကြမ်းနှင့် ထောင်ဒဏ်တစ်နှစ်၊ လှိုင်သာယာတရားရုံးမှ အလုပ်ကြမ်းနှင့် ထောင်ဒဏ်တစ်နှစ်၊ ဒဂုံဆိပ်ကမ်းမြို့နယ်မှ အလုပ်ကြမ်းနှင့် ထောင်ဒဏ်တစ်နှစ်၊ မြောက်ဥက္ကလာပတရားရုံးမှ ထောင်ဒဏ်တစ်နှစ်၊ ရွှေပြည်သာတရားရုံးမှ ထောင်ဒဏ်နှစ်နှစ်တို့ကိုချမှတ်ခဲ့ပြီး ပုဒ်မ ၅၀၅ (ခ)ဖြင့် ၁၀ နှစ်ခြောက်လချမှတ်ထားပြီးဖြစ်ကြောင်း ပုဒ်မ (၁၈) ဖြင့်
ကျောက်တံတားတရားရုံးမှ အလုပ်ကြမ်းနှင့်ထောင်ဒဏ်သုံးလ၊ ဗဟန်းတရားရုံးမှ ထောင်ဒဏ်သုံးလ၊ မြောက်ဥက္ကလာပတရားရုံးမှ ထောင်ဒဏ်လေးလတို့ချမှတ်ထားပြီး ပုဒ်မ(၁၈)ဖြင့် ထောင်ဒဏ် ၁၀ လချမှတ်ထားသည်။

Credit - Eleven Media Group
No comments:
Post a Comment