Friday, October 31, 2014

ထောင်နှုတ်ခမ်းပေါ်မှာ လမ်းလျှောက်နေရသူများ

အယ်ဒီတာ့ အာဘော်

- ရန်ကုန်တိုင်းမ် ဂျာနယ်၊ အတွဲ (၁၀)၊ အမှတ် (၄၂)။

မိမိစားပွဲရှေ့တွင် သတင်းထောက်ကောင်မလေးတစ် ယောက် မျက်နှာညှိုးငယ်စွာဖြင့် လာရပ်သည်။ သူ့လက်ထဲ တွင် စာရွက်တစ်ရွက် ကိုင်ထားသည်။ မိမိ သူ့မျက်နှာကိုမော့ အကြည့်တွင်

''ဆရာ သမီးရဲ့အလုပ်ထွက်စာပါ'' ဟု ပြောကာ သူ့လက်ထဲကစာရွက်အား မိမိကိုကမ်းပေးသည်။

သည်ကလေး က သတင်းကိုချစ်သည်။ သတင်းအတွက်ဆို မနေမနား ကြိုး စားသူဖြစ်သည်။ ယခု အလုပ်ထွက်တော့မည်ဆိုတော့ စိတ် ထဲမကောင်း၊ အကျိုးအကြောင်းမေးကြည့်တော့ ပို၍စိတ်မ ကောင်းဖြစ်ရသည်။ ခုခေတ်မှာ သတင်းထောက်ဆိုတာ ထောင် နှုတ်ခမ်းပေါ်မှာ လမ်းလျှောက်နေရတာ ဟုဆိုကာ မိဘများ က အလုပ်ထွက်ခိုင်း၊ ပြောင်းခိုင်းခဲ့၍ပဲ ဖြစ်သည်။

ထိုကလေးမိဘများ၏ သုံးသပ်ချက်အပေါ် မိမိဘာမျှ စောဒကမတက်နိုင်။ သူတို့က သတင်းမီဒီယာလောက၏ ဖြစ် ပျက်ခဲ့မှုများနှင့် ပစ္စက္ခအပေါ် လက်တွေ့ကျကျ သုံးသပ်ပြော ကြားလိုက်ခြင်းဖြစ်သည်။

တကယ်လည်း သူတို့ပြောသည့် အ ခြေအနေနှင့်မခြား ဖြစ်နေသဖြင့် မိမိ နှုတ်ဆွံ့နေလိုက်ရသည်။ သို့လိုနှင့် အရည်အချင်းရှိသော သတင်းသမား တစ်ယောက် ကို မိမိတို့ လက်လွှတ်လိုက်ရသည်။

ထိုနည်းနှင်နှင်ဖြင့် မိမိတို့ မီဒီယာလောကတွင် သတင်းထောက် ဘယ်နှဦး ဆုံးရှုံးရဦး မည်တဲ့လဲ။

မနေ့ကလည်း မိမိစားပွဲပေါ် တစ်ကွက်ကာတွန်းလေး တစ်ပုံ ရောက်လာသည်။ သူခိုးနှစ်ယောက်က မီဒီယာသမား တစ်ယောက်ကို လက်ညှိုးထိုး၍ သူတို့ချင်း စကားပြောနေပုံ ဖြစ်သည်။

သူပြောသည့်စကားက

''သူတို့က ငါတို့ထက်မြင့် တယ်။ ထောင်ကျတဲ့နေရာမှာ'' ဟူ၏။

ပြစ်မှုကျူးလွန်တာချင်း အတူတူ မီဒီယာသမားက ထောင်ပိုကျလွယ်၍ နှစ်ပိုကြီးကြောင်း ပြောလိုရင်းဖြစ်သည်။ ဝမ်းနည်းဖွယ်ပင်။

ထို့ထက် ပို၍ ဝမ်း နည်းဖွယ်ကောင်းသည်က ပြစ်ဒဏ်ကျခံပြီးသော်လည်း အယူ ခံဝင်ခွင့် မရခြင်းဖြစ်သည်။

အောက်တိုဘာ ၂၇ ရက်က Bi မွန်းတည့်နေဂျာနယ်အမှုကို အနောက်ပိုင်းခရိုင် တရားရုံးသို့ အယူခံတင်သွင်းခဲ့သော်လည်း ပလပ်ခံခဲ့ရကြောင်း သိရသည်။

ထို့ထက် ပို၍ပို၍ ဝမ်းနည်းကြေကွဲဖွယ်ကောင်းနေပြန် သည်က အလွတ်တန်းသတင်းထောက် ကိုအောင်ကျော်နိုင် (ခ)ကိုပါကြီး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသော ဖြစ်စဉ်ဖြစ်သည်။

ယင်းသေဆုံးမှုသည် နိုင်ငံသားတစ်ဦးအပေါ် စစ်တပ်၏ဥပ ဒေမဲ့လုပ်ရပ် ဖြစ်သည်ဟုဆိုကာ ၁၉၉ဝ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အဖွဲ့အပါအဝင် အရပ်ဘက် အဖွဲ့အစည်း တော်တော်များများက ကန့်ကွက် ရှုတ်ချနေကြလျက် ရှိသည်။ ထိုဖြစ်စဉ်အပေါ် တောင်းဆိုဆန္ဒပြမှုများကလည်း ဖြစ်ပေါ် နေလျက်ရှိသည်။

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)ကလည်း အောက်တိုဘာ ၂၆ ရက် ရက်စွဲဖြင့် သတင်းထုတ်ပြန်ခဲ့သည်။ ယင်းထုတ်ပြန်ချက်တွင် အပိုဒ်(၃)ပိုဒ် ပါရှိ၍ သတင်းရယူရေး သားမှုနှင့်ပတ်သက်၍ အငြင်းပွားဖွယ်ကိစ္စများ ဖြစ်ပွားပါက မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)သို့ တိုင်ကြားနိုင် သည်ကို ထုတ်ပြန်ပြီးဖြစ်ကြောင်း၊ ကိုအောင်ကျော်နိုင်(ခ)ကိုပါ ကြီး သေဆုံးမှုနှင့်ပတ်သက်၍ နိုင်ငံသားတစ်ယောက် ရသင့် ရထိုက်သည့် ဥပဒေပါအခွင့်အရေးများကို ရပိုင်ခွင့်ရှိသည် ဟု စာနယ်ဇင်းကောင်စီ(ယာယီ)က ယုံကြည်ကြောင်း၊ ယင်းသေ ဆုံးမှုနှင့်ပတ်သက်၍ အချိန်နှင့်တစ်ပြေးညီ ပွင့်လင်းမြင်သာ သော သတင်းထုတ်ပြန်ရေးအတွက် ပူးပေါင်းကူညီဆောင်ရွက် ရန် တိုက်တွန်းကြောင်း အစရှိသဖြင့် ပါရှိသည်။

အကယ်တန္တုမီဒီယာဟူသည် ဒီမိုကရေစီစနစ်ကို ထောက်ကန် အားပြုပေးထားသော ဒေါက်တိုင်တစ်ခုသာလျှင် ဖြစ်ပါ သည်။ ထို့အတူ သတင်းထောက်များဆိုသည်မှာလည်း မီဒီ ယာ၏ အဓိကအကျဆုံးသော ဒေါက်တိုင်များသာ ဖြစ်ပါသည်။ ယခုအခါ ထိုဒေါက်တိုင်များမှာ တချို့ပြိုလဲ၊ တချို့ရိုက်ချိုးခံ နေရပါသည်။

သို့ဆိုလျှင် အများပြည်သူ မျှော်လင့်နေသည့် ဒီမိုကရေစီနန်းတော်အား မည်သည့်အရာများဖြင့် ကျားကန် ထားပါမည်နည်း။ လုပ်ပိုင်ခွင့်အာဏာသည် လူသားတစ်ဦး၏ ရသင့်ရထိုက်သည့် ဥပဒေပါအခွင့်အရေးကို ရိုက်ချိုးဖျက်ဆီး ရန် မဟုတ်မူဟု သုံးသပ်မိပါသည်။

ကမ္ဘာကျော်ပုဂ္ဂိုလ်ကြီး ဝင်စတန်ချာချီကတော့

''လုပ် ပိုင်ခွင့် အာဏာပါဝါနှင့် ကရုဏာတရားတို့ဟာ ကမ္ဘာမှာ အကောင်းဆုံးသော တွဲဖက်မှုပါ။ အဆိုးဆုံးသော တွဲဖက်မှု ကတော့ ညံ့ဖျင်းအားနည်းခြင်းနဲ့ မညီမညွတ် အတိုက်အခိုက် ရန်တွေပဲ...'' ဟု ဆိုထားခဲ့ပါကြောင်း...။

အယ်ဒီတာ

ရန်ကုန်တိုင်း ဂျာနယ်

#TheYangonTimes


Credit - Yangon Media Group

 
 

No comments:

Post a Comment