Friday, October 31, 2014

မင်းလှမြို့နယ် တရားသူကြီး အမိန့်ချခါနီး တောင်းသောငွေ မပေးနိုင်၍ ထောင်ချခံရ – ပေးစာ

ကျွန်တော် ဦးအေးထွန်း (ဘ)ဦးထွန်းလှိုင်၊ မှတ်ပုံတင်အမှတ်၊ ၇/မလန(နိုင်) ၀၇၃ ၃၁၇ သည် ပဲခူးတိုင်း ဒေသကြီး (အနောက်ပိုင်း)၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ကျွဲတဲကုန်း ကျေးရွာတွင် နေထိုင်ပါသည်။
ကျွန်တော်သည် မင်းလှမြို့နယ်၊ ကျွဲတဲကုန်းကျေးရွာနေ ဒေါ်ထားထားမြင့် ၏ နေအိမ်တွင် စာရင်းငှား လုပ်ငန်းကို တစ်ရာသီ စပါးတင်း ၁၃၀ ဖြင့် လုပ်ကိုင်ပါသည်။
ထိုသို့ ၎င်းထံတွင် စာရင်းငှား အလုပ်အား လုပ်ကိုင်ခဲ့သည်မှာ (၃)နှစ်ခန့် ကြာမြင့်ပါသည်။ ထိုသို့ လုပ်ကိုင်စဉ်၌ ကျွန်တော်၏ လုပ်အားခအား ရာသီကုန်၍ ရှင်းရန်ရှိသည့်အခါ ကျွန်တော်၏ သူရင်းငှားခအား ပေးရန် အဆင်မပြေသဖြင့် ၎င်းပိုင်သော နွား ၂ ကောင်အားရောင်း၍
ယူရန်နှင့်ပိုသော ငွေအား ၎င်းအား ပြန်ပေးရန် နှစ်ဦး သဘောတူညီချက်ဖြင့် ၎င်းပိုင် နွား ၂ ကောင်အား တာကလေးကျေးရွာမှ ဇော်မိုး၊ စံလင်း တို့ထံတွင် ငွေကျပ် ၆ သိန်းခွဲဖြင့် ရောင်းချခဲ့ပါသည်။
ထိုသို့ ရောင်းချကြောင်းကိုလည်း တရားလိုအား ကျွန်တော် ပြောပြခဲ့ပါသည်။ ကျွန်တော်တို့မှာ တော်သလင်း၊ သီတင်းကျွတ် ကာလတွင် စပါးတင်း(၂၀)ခန့် ကြိတ်စားခွင့်ပြုရန် တောင်းသည့်အခါ တရားလိုကလည်း စပါးတင်း ၂၀ ပေးခဲ့ပါသည်။ တရားလိုထံ၌ ကျွန်တော်၏ လုပ်ခ စပါးတင်း ၁၁၀ ကျန်ရှိ နေပါသေးသည်။ ဆောင်းသီးနှံ ရောက်သည့်အခါ ပဲ ကိုင်းထွန် ရန် နွားလိုအပ်သောကြောင့် ကျွန်တော့်အား အဆင်ပြေသလို ပြုလုပ်ရန် မထားထားမြင့်က လမ်းညွှန်သောကြောင့် ကြည်ကုန်း ကျေးရွာနေ မွတ်တား ဆိုသူထံမှ နွားတစ်ရှဉ်း ငှားပြီး ကိုင်းထွန်ခဲ့ပါသည်။ ထိုနွားငှားခအား စပါးဖြင့် ပြုလုပ်ရာ စပါး ၄၃ တင်းဖြစ်၍ ကျွန်တော်က စိုက်ပေး လိုက်ရပါသည်။ ထိုစဉ်က စပါးတင်း ၄၃ ၏ တန်ဖိုးမှာ ၁၈၀၀၀၀ ဖြစ်ခဲ့ပါသည်။
ကျွန်တော်၏ လုပ်အားခဖြစ်သော စပါးတင်း ၁၁၀ ၏ စုစုပေါင်း တန်ဖိုးငွေမှာ ၄၄၀၀၀၀ိ/ရှိပြီး ပဲကိုင်းထွန်ရန် နွားငှားခမှာ စပါး ၄၃ တင်း၊ တန်ဖိုးငွေ ၁၈၀၀၀၀၊ စုစုပေါင်း ကျွန်တော်ရမည့်ငွေမှာ ၆၂၀၀၀၀ ဖြစ်ခဲ့ပါသည်။ ကျွန်တော်တို့မှာ ၎င်းနွား ၂ ကောင် ရောင်းရငွေဖြစ်သော ၆၅၀၀၀၀ ဖြစ် သဖြင့် နုတ်ပြီးကျန် ငွေ ၃၀၀၀၀ိ သာ ၎င်း မထားထားမြင့် အားပေးရန် ကျန်ရှိပါတော့သည်။ ကျွန်တော်က ၎င်းနွား ၂ ကောင်အား အလွဲ သုံးစား ပြုလုပ်ပြီး ရောင်းချခဲ့ခြင်း မဟုတ်ပါဘဲ ဒေါ်ထားထားမြင့်၏ ခွင့်ပြုချက်ဖြင့်သာ ရောင်းချခဲ့ပြီး ကျွန်တော် ရသင့် ရထိုက်သော လုပ်အားခအား ခုနှိမ်ခဲ့ခြင်းသာ ဖြစ်ပါသည်။
တရားလိုမှ ဘဏ်ငွေထုတ်ပြီး ငွေ ၄ သိန်း ပေးသည်မှာ မဟုတ်မမှန်ပါ။ ကျွန်တော်သည် လယ်ပိုင်ရှင် မဟုတ်သဖြင့် ဘဏ်ချေးငွေ ထုတ်ယူခွင့်လည်း မရှိပါ။ သို့ဖြစ်ပါ၍ တရားလိုဖြစ်သူက ဘဏ်ချေးငွေထုတ်ပြီး ကျွန်တော့်အား ငွေ ၄ သိန်းပေး ဆိုသည်မှာ မဟုတ်ပါ။ ကျွန်တော့်အား နွားရောင်းပြီး ၇ လကျော်ကြာမှ တရားစွဲ ဆို၍ နွားရောင်းရငွေမှာလည်း ၃ သိန်းသာရရှိပြီး ကျန်ငွေမှာ မရရှိကြောင်း ပြောသည့်အခါ နွားဝယ်သူအား တိုင်လျှင် ငွေကုန် မည် ဖြစ်ကြောင်းနှင့် နင့်နည်းနင့် ဟန်ဖြင့်ရအောင် တောင်းဟုပြော၍ ကျွန်တော်လည်း တာကလေး ကျေးရွာသို့ (၃၊ ၄) ခေါက် သွားရောက် တောင်းခဲ့ပါသည်။ နွားဖိုး ကျန်ငွေများလည်း မရရှိပါ။ နွားဝယ်သူများ ထွက်ပြေးသွား၍ ကျန်ငွေများအား ကျွန်တော်ရှုံးခဲ့ပါသည်။ (၇)လကျော်ကြာမှ ကျွန်တော့်အား ၎င်းနွားတစ်ရှဉ်းအား ရောင်းစားကြောင်း အလွဲသုံးစား ပြုလုပ်ပါသည်ဟု တိုင်ကြားခြင်းမှာ တရားလိုဖြစ်သူ ဒေါ်ထားထားမြင့်က ကျွန်တော့်အား ပဲနယ်ရန် ဆက်လက်ငှားရမ်းသဖြင့် ကျွန်တော်မှ မိသားစု စားဝတ် နေရေးအတွက် ၀င်ငွေမရှိသဖြင့် မလုပ်နိုင်ကြောင်း၊ အခြားသူထံမှ ပဲနယ်စရိတ် ယူထားသဖြင့် တရားလိုဖြစ်သူထံ ပဲမနယ်နိုင်တော့ကြောင်း ကျွန်တော်က ငြင်းဆိုခဲ့ခြင်း ဖြစ်ပါသည်။
သို့အတွက်ကြောင့် ကျွန်တော့်အား နွားဖိုးငွေရလိုကြောင်းနှင့် နွားအား အလွဲသုံးစား ပြုလုပ်ကြောင်း မတရား စွပ်စွဲပြီး တရားစွဲဆိုခဲ့ခြင်း ဖြစ်ပါသည်။ ထိုနွား တစ်ရှဉ်းအား ကျွန်တော် ရောင်းချခဲ့ခြင်းမှာ ပိုင်ရှင်ဖြစ်သူ တရားလို ဒေါ်ထားထားမြင့်၏ ခွင့်ပြုချက်ဖြင့် ရောင်းချခဲ့ခြင်း ဖြစ်ပါသည်။ သို့ပါသော်လည်း တရားရုံးမှ ဒုတိယမြို့နယ် တရားသူကြီး ဒေါ်အေမီဝင်းနိုင်သည် ကျွန်တော့်အား အချုပ်ထဲ၌ ၆ လခန့် ချုပ်ထားပြီး အမှုစစ်ပြီးသောအခါ ဘာမှမဆိုင်သော ကျွန်တော်၏ အမျိုးသမီးအား ထောင် ၆ လ ချလိုက်ခြင်းမှာ မတရားသဖြင့် နိုင်လို မင်းထက် ငွေယူ၍ ပြုလုပ်ခြင်း ဖြစ်ပါသည်။
ကျွန်တော့်အမှုဖြစ်စဉ် ကာလပတ်လုံး ဒုတိယမြို့နယ် တရားသူကြီး ဒုတိယတန်း ရာဇ၀တ် အာဏာရ ဒေါ်အေမီဝင်းနိုင် (တ/၂၉၈၈)အား အမှုမှ လျှော့ပေါ့ရန် အတွက် ၎င်းတောင်းသောငွေ ပထမအကြိမ် ၅၀၀၀၀ ကျပ်အား ကျွန်တော် ၏ ရှေ့နေဖြစ်သူ ဒေါ်ဘေဘီခင် မှတစ်ဆင့်ပေးပြီး အမိန့်ချခါနီးတွင် ၂၅၀၀၀၀ ကျပ်အား မပေးနိုင်၍ ကျွန်တော်၏ မိန်းမအား ထောင်ဒဏ် ၆လ အမိန့်ချခဲ့ သည်မှာ ကျွန်တော်တို့လို အောက်ခြေ နင်းပြားများ အနေဖြင့် ဘယ်လိုမှ ခံနိုင်ရည် မရှိသဖြင့် ယခုလို ကျွန်တော်၏ ဖြစ်စဉ်ကို အထက်မှတာဝန်ရှိသူ လူကြီးမင်းများအနေဖြင့် ဆုံးဖြတ်ပေးပါရန် မြန်မာသံတော်ဆင့် ပေးစာကဏ္ဍမှ ရိုသေစွာဖြင့် ရေးသားတိုင်ကြား အပ်ပါသည်။

အေးထွန်း၊ ကျွဲတဲကုန်းရွာ၊ မင်းလှမြို့နယ်
  မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald

No comments:

Post a Comment