နေပြည်တော်၊ အောက်တိုဘာ ၃၀
တရားရေးမဏ္ဍိုင်တွင် တာဝန်ယူ
လုပ်ကိုင်နေကြသည့် အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် အချင်းချင်း
အပြန်အလှန် အကာအကွယ် ပေးနေပြီး အချို့မှာ လာဘ်ပေး၊ လာဘ်ယူ ယဉ်ကျေးမှုထဲတွင်
ပျော်မွေ့နေကြောင်း တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊
အသနားခံစာများ စိစစ်ဆောင်ရွက်ရေး ကော်မတီ ဥက္ကဋ္ဌ သူရဦးအောင်ကိုက
ဝေဖန်ပြောကြားသည်။
တရားရုံးအဆင့်ဆင့် အထက်အောက် အပြန်အလှန် အကာအကွယ်
ပေးနေခြင်းကြောင့် တရားရေးကော်မတီက လုပ်ဆောင် စစ်ဆေးရမည့်
လုပ်ငန်းတာဝန်များမှာလည်း ၉၀ ရာခိုင်နှုန်းခန့် အောင်မြင်မှု မရှိကြောင်း ၎င်းက
ထပ်လောင်းပြောဆိုသည်။
“တရားရေးနယ်ပယ်မှာ ပါဝင် လုပ်ဆောင်နေကြတဲ့
ပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေထဲမှာ တချို့က လာဘ်ပေး၊ လာဘ်ယူ ယဉ်ကျေးမှုထဲမှာ
ပျော်မွေ့နေတယ်လို့ ပြောရမလို ဖြစ်နေပြီ။ တရားရုံး အဆင့်ဆင့် အထက်အောက်
အကာအကွယ် ပေးနေကြတယ်” ဟု ၎င်းကဆိုသည်။
တရားရုံးများ မထီမဲ့မြင်ပြုမှု
ဥပဒေ အပါအဝင် တရားရုံးများ၊ တရားသူကြီးများအား ကာကွယ်ပေးထားသည့် တည်ဆဲဥပဒေ
များပြားလွန်းခြင်းကြောင့် ထိရောက်စွာ စစ်ဆေးအရေးယူနိုင်ခြင်း မရှိဘဲ
ခရိုင်အဆင့်၊ မြို့နယ်အဆင့် တရားသူကြီး အနည်းငယ်နှင့် ဝန်ထမ်းအချို့ကိုသာ
အရေးယူနိုင်ခဲ့ခြင်းကြောင့် ပြည်သူများအကြား တရားရေးနယ်ပယ်အား ဝေဖန်မှု
ပိုမိုထွက်ပေါ်လာခြင်း ဖြစ်ကြောင့် ၎င်းက ထောက်ပြသည်။
ထို့ကြောင့်
မှန်ကန်သည့် ပြည်သူများ နစ်နာဆုံးရှုံးမှု မဖြစ်စေရန် စာချွန်တော် ဥပဒေကို
တင်သွင်းရာတွင်လည်း ဟန့်တားမှုများကြောင့် ၂ နှစ်ကျော်ကြာမှ
အတည်ပြုနိုင်ခဲ့ကြောင်း ၎င်းကဆိုသည်။
အခြေခံဥပဒေတွင် မဏ္ဍိုင်သုံးရပ်
အနေဖြင့် အာဏာအား တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲခြင်းနှင့် အပြန်အလှန်
ထိန်းကျောင်းရမည်ဟု ပြဋ္ဌာန်းထားသော်လည်း လက်တွေ့တွင် သီးခြားစီ
ပိုင်းခြားသုံးစွဲမှုကို အပီအပြင် ကျင့်သုံးနေကြပြီး အပြန်အလှန်
ထိန်းကျောင်းခြင်းကို မပြုလုပ်လိုကြကြောင်း ၎င်းကဆိုသည်။
တတိယမဏ္ဍိုင်ဖြစ်သော တရားစီရင်ရေးသည် လွတ်လပ်စွာ တရားစီရင်ခွင့် ဆိုသည့်
ခေါင်းစဉ်ကို အကာအကွယ်ယူပြီး လုပ်ဆောင်နေသည်ကို တွေ့ရှိရကြောင်း
သူရဦးအောင်ကိုက ပြောသည်။
ထို့ကြောင့် တရားရေးမဏ္ဍိုင်
ကြံ့ခိုင်စေရန်အတွက် တရားလွှတ်တော် အဆင့်ဆင့် ပြင်ဆင်ဖွဲ့စည်းရေး၊
ပြည်သူ့ကိုယ်စားလှယ်များ၊ အရပ်ဘက် အဖွဲ့အစည်းများမှ ဥပဒေပညာရှင်များ
ထည့်သွင်းဖွဲ့စည်းရေးနှင့် ပြည်သူများ ထိခိုက်နစ်နာစေသော ဥပဒေဟောင်းများ
ပယ်ဖျက်ကာ ကာကွယ်စောင့်ရှောက်နိုင်မည့် ဥပဒေသစ်များ ပြဋ္ဌာန်းနိုင်ရးအတွက်
ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကျယ်ပြန့်စွာ ပြင်ဆင်နိုင်ရန် လိုအပ်ကြောင်း ၎င်းက
ဆက်လက် ပြောကြားသည်။
Credit - The Voice Weekly
No comments:
Post a Comment