Thursday, October 30, 2014

သမ္မတအိမ်တော်တွင် မြန်မာ့နိုင်ငံရေး ထိပ်သီးခေါင်းဆောင်များတွေ့မည်

 နေပြည်တော်ရှိ သမ္မတ အိမ်တော်၌ မြန်မာ့နိုင်ငံရေးခေါင်းဆောင်များပါဝင်သော ထိပ်သီး တွေ့ဆုံဆွေးနွေးမှုတစ်ရပ်ကို ယခုလ ၃၁ ရက်တွင် ပထမဆုံး အကြိမ်ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။
  ဆွေးနွေးပွဲတွင် သမ္မတ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစု ကြည်၊ ပြည်ထောင်စုလွှတ်တော် နာယကသူရဦးရွှေမန်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးတင်အေးနှင့် နိုင်ငံရေး ပါတီအချို့မှ ခေါင်းဆောင်များ ပါဝင်ရန်ရှိကြောင်း ဆွေးနွေးပွဲ အတွက် ဖိတ်ကြားခြင်းခံရသည့် ပါတီခေါင်းဆောင်များက ပြောသည်။

ထို့ပြင် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး၊ ရှမ်းတိုင်းရင်းသား များဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်း၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီဥက္ကဋ္ဌ ဦးသန်းတင်နှင့် အမျိုးသားဒီမိုကရေစီအင် အားစုပါတီ (NDF)ဥက္ကဋ္ဌ ဦးခင်မောင်ဆွေတို့လည်း ပါဝင်မည်ဖြစ်သည်။

နိုင်ငံရေးထိပ်သီးတွေ့ဆုံပွဲ အတွက် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခြင်းရှိ၊  မရှိကို အောက်တိုဘာ ၂၉ ရက်မွန်းလွဲ၃ နာရီတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ ဆက်သွယ်မေးမြန်းရာရန်ကုန်မြို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးသို့ ဖိတ်စာမရောက်ရှိသေးကြောင်း ယင်းပါတီမှ  ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းကပြောသည်။
သို့သော်အောက်တိုဘာ ၃၁ ရက်တွေ့ဆုံမှုအတွက် ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်ရန်ရှိသည်ဟု သတင်းစကားများ ကြားသိရကြောင်း ဖိတ်စာဖိတ်ကြားခြင်းခံရသည့် နိုင်ငံရေးပါတီခေါင်းဆောင် အချို့မှ သိရသည်။
အထွေထွေနိုင်ငံရေးကိစ္စရပ်များကိုဆွေးနွေးရန် နိုင်ငံရေး ထိပ်သီးအစည်းအဝေးဟုအမည် ပေးထားသော ဖိတ်စာကို သမ္မတ ကလက်မှတ်ရေးထိုးထားပြီး ဖိတ်စာအား အောက်တိုဘာ ၂၈ ရက်တွင် လက်ခံရရှိခဲ့ကြောင်း အမျိုး သားဒီမိုကရေစီအင်အားစုပါတီ (NDF)ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောသည်။
 ဖိတ်စာဖိတ်ကြားရာတွင် နိုင်ငံရေးပါတီ ၁၀ဖွဲ့ ကျော်ဖြင့် ဖွဲ့ စည်းထားသော ဖက်ဒရယ်ဒီမို ကရေစီမဟာမိတ် (FDA)ကို ကိုယ်စားပြုဖိတ်ကြားထားခြင်း ဖြစ်သည်ဟု ဦးခင်မောင်ဆွေက ဆိုသည်။
 တိုင်းရင်းသားပါတီ ၂၀ ကျော်ဖြင့်ဖွဲ့စည်းထားသော ညီ နောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်းကို ကိုယ်စားပြုကာ ဖိတ်ကြားထားခြင်းခံရကြောင်း လွှတ်တော်တွင်း တတိယအင်အားကြီးနိုင်ငံရေးပါတီဖြစ်သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP)ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းကပြောသည်။
 ယင်းသို့တွေ့ဆုံမှုသည် လွှတ်တော်တွင် နိုဝင်ဘာအတွင်း ဆွေးနွေးမည့်ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးအပါအဝင် ရွေးကောက်ပွဲစနစ် ပြောင်းလဲရေး ကိစ္စရပ်များအတွက်ဖြစ်နိုင် ကြောင်း နိုင်ငံရေးပါတီများထံမှ သိရသည်။ တွေ့ဆုံဆွေးနွေးမှုသည် ယခင်ကပြုလုပ်ခဲ့ဖူးခြင်းမရှိ၍  ကြုံတွေ့နေရသည့်နိုင်ငံရေးပြဿနာများကိုဖြေရှင်းနိုင်ရေးအတွက်  အဖြေတစ်ခုထွက်ပေါ် လာရန်  မျှော်မှန်းသည်ဟု ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်အတွင်းရေးမှူးဦးစိုင်း ညွန့်လွင်ကပြောသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်ပြီး အစိုးရ၊ လွှတ်တော်၊  တပ်မတော်တို့နှင့် လေးပွင့်ဆိုင်  တွေ့ဆုံနိုင်ရေးအတွက် ပြီးခဲ့သည့်လပိုင်းအတွင်း က ဒေါ်အောင်ဆန်းစုကြည်ကတောင်းဆိုထားသည်။
 
Credit - 7DAY DAILY

No comments:

Post a Comment