Wednesday, October 29, 2014

အကြမ်းဖက် တိုက်ခိုက်ရေးသမားများကို နိုင်ငံတော်အဆင့် စုံစမ်းစစ်ဆေး

ရန်ကုန်၊ အောက်တိုဘာ ၂၈

အကြမ်းဖက် တိုက်ခိုက်ရေးသမားများနှင့် ပတ်သက်ဆက်နွှယ်နေကြောင်း သံသယရှိခဲ့သူ ၃၁ ဦးကို ဖောက်ခွဲရေး ပစ္စည်းများနှင့်အတူ ဖမ်းဆီး ရမိခဲ့သောကြောင့် ကာကွယ်ရေး ဝန်ကြီးဌာနနှင့် ပြည်ထဲရေး ဝန်ကြီးဌာနတို့ ပူးပေါင်းကာ နိုင်ငံတော်အဆင့် စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်လျက် ရှိကြောင်း နေပြည်တော်ရှိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနမှ အကြီးတန်း ရဲအရာရှိတစ်ဦးက ပြောကြားသည်။
“နိုင်ငံတော်ရဲ့ လုံခြုံရေးနဲ့ပတ် သက်ဆက်နွှယ်တဲ့ သတင်းဖြစ်တာကြောင့် အားလုံးစစ်ဆေး ပြီးသွားတာနဲ့ သတင်း ထုတ်ပြန်ပေးသွားမှာပါ။ တချို့ကိစ္စတွေက သတင်းထုတ်ပြန် ပေးလိုက်ရင် ကွင်းဆက်
တရားခံတွေက ရှောင်တိမ်း သွားနိုင်တာကြောင့် လတ်တလော သတင်းမထုတ်ပြန် ပေးသေးတာပါ” ဟု ၎င်းကဆိုသည်။
ပြီးခဲ့နှစ်လအတွင်း ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် တနင်္သာရီတိုင်းများမှ အကြမ်းဖက် တိုက်ခိုက်ရေးသမားများနှင့် ပတ်သက်ဆက်နွှယ်သူ ၃၁ ဦးကို ဖမ်းဆီးရမိခဲ့ပြီး ရုံးတင်စစ်ဆေးမှုများ ဆောင်ရွက်လျက် ရှိကြောင်း၊ အစ္စလာမ္မစ်နိုင်ငံတော် ထူထောင်ရေးအဖွဲ့ (IS) တပ်ဖွဲ့နှင့် မြန်မာ နိုင်ငံသား ၇၀ ကျော်က ပူးပေါင်းခဲ့ကြောင်း နိုင်ငံတကာ သတင်းအချို့က ဖော်ပြခဲ့သည်။
“မြန်မာနိုင်ငံမှာ အကြမ်းဖက်နဲ့ ဆက်နွှယ်သူတွေ ရှိတယ်လို့ သူတို့စွပ်စွဲမယ်ဆို ဒီလူတွေက မည်သူမည်ဝါ ဆိုတာကို အမည်ဓာတ်ပုံနဲ့ လိပ်စာနဲ့အတူ ဖော်ပြစေချင်တယ်။ ဒီလို ဖော်ပြပေးမယ်ဆို ရဲတပ်ဖွဲ့က ချက်ချင်းဖမ်းဆီး အရေးယူမှာပါ။ ဒီသတင်းတွေက အမှန် ဟုတ်မဟုတ် ဘယ်သူမှ အတည်ပြု မပေးနိုင်သေးပါဘူး” ဟု ရန်ကုန်တိုင်းဒေသကြီး နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ဆိုသည်။
မြန်မာနိုင်ငံရှိ လေဆိပ်၊ ရေဆိပ်နှင့် နယ်စပ် ဂိတ်ပေါက်များကို လုံခြုံရေးများ တိုးမြှင့် ဆောင်ရွက်ထားပြီး အကြမ်းဖက် တိုက်ခိုက်ရေးသမားများနှင့် နိုင်ငံတကာမှ အလိုရှိနေသော ရာဇဝတ်ကောင်များ စာရင်းကို ပြည်ပဝင်ထွက် ဂိတ်များတွင် တိုက်ဆိုင် စစ်ဆေးလျက် ရှိကြောင်း၊ IS အကြမ်းဖက်အဖွဲ့မှ မြန်မာနိုင်ငံကို အကြမ်းဖက် တိုက်ခိုက်ရန် တရားဝင် ကြေညာထားသည့် နောက်ပိုင်း ပြည်တွင်း လုံခြုံရေးကို နိုင်ငံတော်အဆင့်အထိ လုံခြုံရေးများ တိုးမြှင့် ဆောင်ရွက်နေကြောင်း နိုင်ငံဖြတ်ကျော် မှုခင်းဌာန၊ ရဲမှူးချုပ် စိုးမြိုင်က ပြောကြားသည်။
“စစ်ထောက်လှမ်းရေး မရှိတဲ့နောက် အမျိုးသား လုံခြုံရေးနဲ့ ပတ်သက်ပြီး သတင်းရယူမှုပိုင်းမှာ အားနည်းသွားတယ်လို့ ယူဆနေမှုတွေက မှားနေပါတယ်။ စရဖကို ချက်ချင်းပြန်ဖွဲ့စည်းပြီး သတင်းအချက်အလက်တွေ ရယူမှုမှာ အရင်ထောက်လှမ်းရေး အဖွဲ့ဝင်အချို့က ပူးပေါင်း ဆောင်ရွက် ပေးနေတာကြောင့် မြန်မာနိုင်ငံရဲ့ လုံခြုံရေးအပိုင်းက စိုးရိမ်စရာ အခြေအနေမှာ မရှိသေးပါဘူး” ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်မှ အကြီးတန်း ရဲအရာရှိတစ်ဦးက ရှင်းလင်းပြောကြားသည်။

Credit - The Voice Weekly

No comments:

Post a Comment