Friday, October 31, 2014

မြန်မာနိုင်ငံက မွတ်စလင်တွေ အကြမ်းဖက်အဖွဲ့တွေနဲ့ မပတ်သက်ကြောင်း ရှင်းလင်း

မြန်မာနိုင်ငံအတွင်းမှာနေထိုင်တဲ့ မွတ်စလင်တွေဟာ အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ ပတ်သက်ဆက်နွယ်မှုမရှိကြောင်း ဘာသာကြီး ၄ ခုက ခေါင်းဆောင်တွေက မန္တလေးမြို့ ကံတက်ကုန်း မစိုးရိမ်ကျောင်းတိုက်မှာ ဒီနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွာမှာ ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၇ ရက်နေ့ထုတ်ဝေတဲ့ ရန်ကုန်အခြေစိုက် အောင်ဇေယျတုဂျာနယ်မှာ ဆောင်းပါးရှင် သူရိယဦးအောင်က "အစွန်းရောက်ဝါဒနိဒါန်း" ဆိုတဲ့ခေါင်းစဉ်နဲ့ အစ္စလာမ်ဘာသာဝင်တွေအပေါ် ပုတ်ခတ်ရေးသားမှုတွေရှိနေတယ်လို့ သတင်းစာရှင်းလင်းပွဲမှာ အစ္စလာမ့်ဓမ္မသတ်မှူး ဒေါက်တာမြင့်သိန်း က ပြောပါတယ်။


"မြန်မာနိုင်ငံမှာရှိတဲ့ အစ္စလာမ်ဘာသာဝင်တွေအနေနဲ့ ပြည်ပက အကြမ်းဖက်မှုပဲဖြစ်ဖြစ်၊ ပြည်တွင်းက အကြမ်းဖက်မှုပဲဖြစ်ဖြစ် အားလုံးကို ကန့်ကွက်ရှုံ့ချတယ်၊ ဒါကျနော်တို့ ဘာသာတရားကပေးထားတဲ့ အသိတရား၊ နောက်တစ်ခု မေတ္တာရပ်ခံချင်တာက ကျနော်တို့ အစ္စလာမ်ဘာသာဝင်တွေကလည်း ကန့်ကွက်ရှုံ့ချသလို ကျန်တဲ့ညီအစ်ကို မောင်နှမတွေအားလုံး၊ ဘာသာရေးအကြီးအကဲတွေကလည်း တချို့ကတော့ အပြင်မှာတရားမဝင်ရေးတယ်၊ တချို့ကျတော့လည်း တရားဝင်ရေးတယ်၊ တရားဝင်ရေးတဲ့အထဲမှာဆိုရင် အစ္စလာမ်သာသနာဟာ အစွန်းရောက်များ မွေးဖွားရာသာသနာဖြစ်တယ်၊ အစ္စလာမ်ကြောင့် ကမ္ဘာပေါ်မှာ လူပေါင်းများစွာ သေဆုံးခဲ့တယ်၊ မိုဟာမက် ပေါ်လာခြင်းဟာ ကမ္ဘာပေါ်မှာ ကပ်ဆိုက်တာပဲ၊ နောက်တခါ အစ္စလာမ်သာသနာမှာ မထိမ်းမြားပဲနဲ့ စိတ်ကြိုက်မုဒိန်းကျင့်ခွင့်ပြုထားတယ် စသဖြင့် တရားဝင်ရေးတယ်၊ ဒီဟာတွေက လိမ်လည်မှု၊ လှည့်ဖြားမှု"

ဒါ့အပြင် အဲဒီဂျာနယ်မှာပဲ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ရဲသူရိန်မင်း ဘာသာပြန်ရေးသားတဲ့ ကြောက်စရာ အစ္စလာမ်ဗိုင်းရပ်စ်ဆောင်ပါးနဲ့ မောင်သွေးချွန်ရဲ့ အစ္စလာမ်ဗိုင်းရပ်စ်နိဒါးဆိုတဲ့ ဆောင်းပါးတွေကို ဖော်ပြခဲ့တယ်လို့ သိရပါတယ်။

အဲဒီလိုရေးသားဖော်ပြခဲ့တဲ့ အောင်ဇေယျတုဂျာနယ် တာဝန်ရှိသူတွေကို အရေးယူပေးဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးက နိုင်ငံတော်သမ္မတ၊ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)၊ ပြည်ထဲရေးဝန်ကြီးဌာနဲ့ သာသနာရေးဝန်ကြီးဌာနကို တိုင်ကြားထားတယ်လို့ သိရပါတယ်။

ဒီနေ့ ရှင်းလင်းပွဲကို ဂဠုန်နီဆရာတော် ဦးကောဝိယ၊ မန္တလေးမြို့လုံးဆိုင်ရာ ခရစ်ယာန်ကောင်စီ ဥက္ကဌ ဦးကျော်ရွှေ၊ အထက်ဗမာပြည် ဟိန္ဒူဘာသာရေးအဖွဲ့ ဦးစီးအဖွဲ့ဝင် ဦးကံကောင်း၊ ဃရာနာ ပရမတ္တအစ္စလာမ် အဖွဲ့ခေါင်းဆောင် ဦးသိန်းဝင်းအောင်နဲ့ အစ္စလာမ့်ဓမ္မသတ်မှူး ဒေါက်တာမြင့်သိန်း တို့ တက်ရောက်ခဲ့ပါတယ်။

Credit - RFA Burmese


No comments:

Post a Comment