Friday, October 31, 2014

အိုဘားမားက ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ထံ ဖုန်းဖြင့်ဆက်သွယ် ဆွေးနွေး

Photo - MSNBC

အမေရိကန် သမ္မတ ဘာရတ်အိုဘားမားက မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (ဒီချုပ်) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ထံ ဖုန်းဆက်ပြီး မြန်မာ့နိုင်ငံရေးနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း အိမ်ဖြူတော်က သတင်းထုတ်ပြန်သည်။
အိုဘားမားသည် အောက်တိုဘာ ၃၀ ရက်က သမ္မတ ဦးသိန်းစိန်ကို တယ်လီဖုန်းနှင့် ဆက်သွယ် စကားပြောခဲ့ပြီး ရေတိုကာလ တစ်ခုအတွင်း အလုံးစုံ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရရှိအောင် အစွမ်းကုန် ကြိုးစားရန် တိုက်တွန်းခဲ့သည်။
နိုဝင်ဘာ ၁၂ ရက်နှင့် ၁၃ ရက်များတွင် အာဆီယံအစည်းအဝေး တက်ရောက်ရန် မြန်မာနိုင်ငံသို့ ရောက်ရှိလာမည့် အိုဘားမားက ရခိုင်ပြည်နယ်ရှိ ဘင်္ဂလီ လူမျိုးစုများအတွက် လူမှုရေးနှင့် နိုင်ငံရေးဆိုင်ရာ အခွင့်အလမ်းများ ပိုမိုထောက်ပံ့ ရရှိလာအောင် ဆောင်ရွက်ပေးရန်လည်း တိုက်တွန်း တောင်းဆိုခဲ့ကြောင်း အိမ်ဖြူတော်၏ ကြေညာချက်တွင် ဖော်ပြထားသည်။
အိုဘားမားသည် ဒီချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ထံသို့လည်း ဖုန်းဖြင့်ဆက်သွယ်ပြီး စကားပြောခဲ့ကြောင်း အိမ်ဖြူတော်က ကြေညာသည်။ သမ္မတ အိုဘားမားနှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည်  လက်ရှိ မြန်မာ့ နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှု အခြေအနေများနှင့် စပ်လျဉ်းပြီး ဆွေးနွေးခဲ့သလို ၂၀၁၅ တွင် ကျင်းပမည့် ရွေးကောက်ပွဲနှင့် ပတ်သက်၍လည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
အမေရိကန် သမ္မတက ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် မြန်မာနိုင်ငံကို ဒီမိုကရေစီစနစ် ပိုမိုထွန်းကားလာအောင် အားထုတ် လုပ်ဆောင်နေမှုအပေါ် အသိအမှတ် ပြုခဲ့ပြီး မြန်မာနိုင်ငံကို ပိုမိုပွင့်လင်း လွတ်လပ်ပြီး ကြွယ်ဝချမ်းသာသည့် နိုင်ငံတစ်ခုအဖြစ် ရပ်တည်နိုင်အောင် အမေရိကန်က ဆက်လက် ကူညီသွားမည်ဟု ကတိပြုခဲ့ကြောင်းလည်း အိမ်ဖြူတော်၏ ကြေညာချက်တွင် ဖော်ပြထားသည်။

_Ref: Reuters

Credit - 7DAY DAILY

No comments:

Post a Comment