Saturday, November 1, 2014

ထောက်လှမ်းရေး အခိုင်းခံ နင်းပြားကြံ့ခိုင်ရေးအသင်းသားဘ၀ – တာမွေအောင်ကို

လူကြီးများက ကြံ့ခိုင်ရေး အသင်းကြီးကို လူရာဝင်ဆံ့အောင်၊ နိုင်ငံရေး လုပ်ငန်းစဉ်များ လုပ်တတ်ကိုင်တတ် ရင်းနှီး ကျွမ်းဝင်မှုရှိအောင် လက်တွဲခေါ်ဆောင် အတွေ့အကြုံ ပညာပေးသည့်သဘော လုပ်ကိုင်စေခဲ့ . . . အဲဒါကို လုပ်ပိုင်ခွင့်ရှိသူ ခေါင်းဆောင်များက သူတို့တစ်သက်စာ လုပ်စားခွင့် လက်မှတ်ပေးလိုက်သည့် သဘောမှတ်ယူ ဝေသာလီပြည် ဘီလူးစီး သလို ထိန်းမရ သိမ်းမရ ၀ုန်းဒိုင်းကြဲ စားကြ၀ါးကြ . . . နောက်ဆုံးအနင်းပြားခံ ပြည်ခိုင်ဖြိုး အသင်းသားများ ဘ၀ကတော့ ထောက်လှမ်းရေးတွေရဲ့ အခိုင်းခံဘ၀ကနေ၊ ကိုယ်ကျိုးရှာ လုပ်ပိုင်ခွင့်ရှိသူများ၏ နင်းချေခံဘ၀ . . .


စာရေးသူ ကျွန်တော်သည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းကြီး စတင်ခဲ့ချိန်မှစ၍ ပါဝင် လှုပ်ရှားခဲ့သူ တစ်ဦးဖြစ်ခဲ့သည်ကို အထူးတလည် ပြောစရာ လိုလိမ့်မည် မဟုတ်တော့ချေ။ အကြံအားကြီးသူ၊ ဉာဏ်အားကြီးသူ၊ အပြောဆို အလိမ်အပတ် ကောင်းသူတွေကြောင့် အသင်းကြီးနှင့် ဝေးရာသို့ ရောက်ရှိ ခဲ့သည်မှာ ၃ နှစ်ကျော် ၄ နှစ်နီးပါးသို့ ရောက်ရှိခဲ့ပြီ ဖြစ်သည်။ ကြံ့ခိုင်ရေး အသင်းကြီး၏ ချမှတ်ခဲ့သည့် မူဝါဒ၊ လမ်းစဉ်၊ ကျင့်ဝတ် ဆောင်ပုဒ်များကို ကြိုက်နှစ်သက်ခဲ့သူ၊ သဘောကျ နှစ်ခြိုက်ခဲ့သူ လူမှုရေး လုပ်ငန်း များကိုသာ အားစိုက်လုပ်ခဲ့ချင်သူများ ရှိခဲ့ဖူးသောကြောင့် အပြုသဘောဆောင် ကောင်းမွန်သော ဆန္ဒဖြင့် ရည်ရွယ်၍ အမှားကိုမြင်၊ အမှန်ကိုသိမြင်အောင် ဖော်ထုတ် ရေးသားနေရခြင်း ဖြစ်ပေသည်။

လူမှုရေး လုပ်ငန်းများသာ လုပ်ချင်ခဲ့သည့် စိတ်ဓာတ်များနှင့် လှုပ်ရှားခဲ့ကြသူများလည်း အများအပြား ရှိခဲ့သည်။ စတင် ဖွဲ့စည်းခဲ့စဉ်က လူမှုရေး လုပ်ငန်းများ အဓိကထား လုပ်ဆောင်ခဲ့ရတယ် ဆိုပေမယ့် နိုင်ငံရေး ကိစ္စ များတွင်လည်း မသိမသာ ပါဝင်လှုပ်ရှား ခဲ့ရသည်များလည်း ရှိခဲ့သည်။ နိုင်ငံတော် အကြီးအကဲများ လမ်းကြောင်းများ၊ ဆွမ်းဆန်စိမ်း လောင်းလှူပွဲ အခမ်းအနားများအပြင် ရပ်ကွက် အုပ်ချုပ်ရေးပိုင်း ကိစ္စများ၊ ယာဉ်စစ်ဧည့်စစ်၊ လုပ်ငန်းများ၊ တပ်မတော် အစိုးရ လက်ထက် တောက်လျှောက် ပါဝင် လှုပ်ရှားခဲ့ကြရသည်။ ဒါကလည်း ပြည်ခိုင်ဖြိုး အသင်းကြီးအား တပ်မတော် အကြီးအကဲများက လုပ်ချင် ကိုင်ချင်လာအောင် လုပ်ပိုင်ခွင့်များ ဖြည့်ဆည်းစည်းရုံး ပေးလိုက်ခြင်းဖြစ်သည်။ ဒီ့ထက်မက လုပ်ပိုင်ခွင့် ပေးလိုက်သည်ကတော့ ရပ်ကွက် အုပ်ချုပ်ရေးပိုင်း ရွေးချယ်မှု ကဏ္ဍများတွင် ကြံ့ခိုင်ရေးမှ ရွေးချယ် လျာထားပေးခဲ့ရခြင်းပင် ဖြစ်သည်။ အဲဒီအချိန်ကစပြီး ကြံ့ခိုင်ရေးတွင် ဆရာမွေး တပည့်မွေးသည့်သူတွေ၊ အပေါ်ဖားအောက်ဖိသူတွေ၊ လုပ်ပိုင်ခွင့် ရှိတဲ့သူတွေက အခွင့်အရေးယူ၊ အတွင်းစည်း အသံတိတ် စစ်အေးတိုက်ပွဲများ ဖြစ်ပေါ် လာခဲ့ရလေသည်။ နယ်မြေအတွင်းရှိ ဌာနဆိုင်ရာ အကြီးအကဲများ အပေါ်တွင်လည်း အလေးမထား၊ ခုတ်ရာတခြား ရှရာတခြား ဖြစ်ခဲ့ရသည်။ အမှန်မှာ လူကြီးများက ကြံ့ခိုင်ရေး အသင်းကြီးကို လူရာဝင်ဆံ့အောင်၊ နိုင်ငံရေး လုပ်ငန်းစဉ်များ လုပ်တတ်ကိုင်တတ် ရင်းနှီးကျွမ်းဝင်မှုရှိအောင် လက်တွဲခေါ်ဆောင် အတွေ့အကြုံ ပညာပေးသည့် သဘော လုပ်ကိုင်စေခဲ့ခြင်းဖြစ်သည်။ အဲဒါကို အချို့တော်တော်များများ မြို့နယ် အောက်ခြေ လုပ်ပိုင်ခွင့်ရှိသူ ခေါင်းဆောင်များက သူတို့ တစ်သက်စာ လုပ်စားခွင့် လက်မှတ် ပေးလိုက်သည့် သဘောမှတ်ယူ ကြလေသလားမသိ။ သူတို့ ပြောပြောနေကျ ဝေသာလီပြည် ဘီလူးစီးသလို ထိန်းမရ သိမ်းမရ ၀ုန်းဒိုင်းကြဲ စားကြ ၀ါးကြလေတော့သည်။ စိတ်ဓာတ် ကြံ့ကြံ့ခိုင်နိုင်သူ၊ စိတ်ဓာတ် ခိုင်မာသူများကတော့ အသင်းကြီး၌ ဆက်လက်ပါဝင် လှုပ်ရှားခဲ့ကြကာ စိတ်ဓာတ်ပျော့ပျောင်းသူ၊ လူမှုရေး လုပ်ငန်းစဉ်များမှာသာ လှုပ်ရှား လိုသူများကတော့ အသင်းကြီးနှင့် ခပ်ခွာခွာ နေလိုက်ကြသည်။ အချိန်အခါကောင်းကို အခွင့်အရေးယူတတ် သည့် အပေါ်ဖားအောက်ဖိ မလုပ်မရှုပ်မပြုတ်သည့် သူများကတော့ အခုအချိန်အထိ အသက်ဆက် ရှင်သန်နေတုန်းပင် ဖြစ်သည်။ အသင်းကြီးတွင် အောက်ခြေသိမ်း လုပ်ခဲ့ရသည့် ကိစ္စများလည်း အမှတ်ရ မိနေသေးသည်။ တာမွေ အလိုတော်ပြည့် ကျောင်းတွင် ဖြစ်သည်။ ၂၀၀၃ ခုနှစ် ဗိုလ်ချုပ်ကြီးခင်ညွန့် ၀န်ကြီးချုပ် ဖြစ်ခါစက ကထိန်အလှူပွဲ တစ်ခုတွင်ဖြစ်သည်။ မိမိတို့ပြည်ခိုင်ဖြိုး အသင်းမှ လူကြီးလမ်းကြောင်း ကြိုဆိုကြရန် ကြိုတင်ညှိနှိုင်း အစည်းအဝေးတွင် ပြောဆို တာဝန်ပေးထားပြီးခါမှ အလှူပြုလုပ်သည့်နေ့တွင် နယ်မြေခံ ထောက်လှမ်းရေး ဆရာကြီးဆိုသူက မိမိတို့မြို့နယ်မှ အင်အားပြည့် ခေါ်ဆောင်လာသည့် အမျိုးသား၊ အမျိုးသမီး ယူနီဖောင်း အပြည့်အစုံဖြင့် သပ်ရပ်စွာ ၀တ်ဆင်လာသည့် ရပ်ကွက်ရပ်စည်းများ နှင့်အသင်းဝင် များအား အိုးခွက်ပန်းကန် ခွက်ယောက် ဆေးခိုင်းခဲ့တာကိုလည်း ခံခဲ့ကြ လုပ်ခဲ့ကြရသည်။ ဒီ့ထက်ဆိုးလာသည် က ဖျာကော်ဇောတွေပါ အဲဒီဆရာကြီး ဆိုသူက ခင်းခိုင်းလာသဖြင့် သူ့ထက်မြင့်သည့် ထောက်လှမ်းရေး ဗိုလ်ကြီးကို ပြောတော့မှ ဖျာကော်ဇောခင်းရ သက်သာခဲ့ရလေသည်။ စိတ်ထဲလုပ်ချင်ဦးဟဲ့ ကြံ့ခိုင်ရေးဟု ဆိုလိုက်မိသည်။ အိမ်တွင် မိဘတွေက ခိုင်းလျှင် ငြူစူခဲ့မိသည်။ အခု ငါတို့ကြံ့ခိုင်ရေးတွေ ထောက်လှမ်းရေးနဲ့ တွေ့တော့ အိုးခွက်ပန်းကန်ဆေး၊ ဖျာခင်းသည့်ဘ၀ ရောက်ခဲ့ရလေသည်။ လူကြီးကြိုရမည် ဖြစ်သဖြင့် အမျိုးသားတွေက တိုက်ပုံကြီးတွေ တကားကား၊ အမျိုးသမီးတွေက ပ၀ါအစိမ်းရောင်တွေနဲ့ အိုးခွက်ပန်းကန် ဆေးခဲ့ရသည့်အဖြစ်က တကယ့်ကို ရင်နာစရာ ကောင်းခဲ့ရသလို ရယ်စရာလည်း ကောင်းခဲ့ရသည်။

ဒါ့အပြင် မိမိတို့ အသင်းဝင်များသည် အခြား အဖွဲ့အစည်းများ၏ အနိုင်ကျင့် ခိုင်းစေခံရခြင်းများအပြင် အချင်းချင်း အပေါ် လုပ်ပိုင်ခွင့် ရှိသူက လုပ်ကိုင်ပေးမှလုပ်၊ မပေးလျှင် မလုပ်ပေးသည့်ကိစ္စများ အများအပြား ရှိခဲ့သည်။ ရပ်ကွက်ကို မြို့နယ်က တာဝန်ခံရမည်၊ တာဝန်ယူရမည်။ အဲဒီလို အဆင့်ဆင့် တာဝန်ခံ တာဝန်ယူရမည် ဖြစ်သော်လည်း တာဝန်ရှိသူ အထက် အဖွဲ့ အဆင့်ဆင့်က မပြောမဆို ရေငုံနှုတ်ပိတ် နေခဲ့ကြသည်။ ဒါ့အပြင် မိမိတို့ ခေါင်းဆောင်ပိုင်း လုပ်ပိုင်ခွင့် ရထားသူအချို့သည်လည်း အသင်းကြီး ဘ၀ကတည်းက ပုဒ်မလေး၊ ပေးမှလုပ်ပေးသည့် စကားအတိုင်းပေးမှ၊ ကန်တော့မှ လုပ်ပေးသည့် ကိစ္စများလည်း ရှိခဲ့သည်။ မှော်ဘီ ဗိုလ်သင်တန်းတွင် ဖွင့်လှစ်သည့် သင်တန်းတက်ရပြီးသူ ဆိုလျှင် ကြံ့ခိုင်ရေး တွင် အဲဒီအချိန်က ဂုဏ်ယူဝင့်ကြွားခဲ့ကြသည်။ ငါကမှော်ဘီ သင်တန်းဆင်းကွ၊ သွားရှာလေသူ ဦးပါကြီး (ခ) ကိုအောင်နိုင်မြင့် (ကျောက်မြောင်းကြီးရပ်စည်း) ပြောခဲ့သည့် စကားမှတ်သားခဲ့ရသည်။ ငါတို့ ကြံ့ခိုင်ရေးမှာက မှော်ဘီသင်တန်း တစ်ခုခု တက်ပြီးလျှင် တစ်ပွင့်ပခုံးမှာ အပွင့်ရတာနဲ့ အတူတူပဲ။ ဒါကြောင့် သူ့ကို အခြား ရပ်စည်းတချို့ ပြောကြသည်။ ကိုပါကြီးက မှော်ဘီအမှုဆောင်များ စီမံခန့်ခွဲမှုသင်တန်း တက်ပြီးကတည်းက လက်ကားရား ခြေကားရားနဲ့ သူ့ချိုင်းမှာ ကိန္နရာ ပေါက်နေတယ်ဟု စကြနောက်ခဲ့ကြသည်။ သူ့ထက်အရင် ကြံ့ခိုင်ရေး အသင်းဝင်ခဲ့သူ ရပ်စည်းတွေက မှော်ဘီသို့ သင်တန်းတက်ခွင့်မရဘဲ သူက အရင်ကျော်ခွတက် ခဲ့ရသည်ကတော့ ထူးခြားခဲ့သည်။ သူ့ကို တိုးတိုးတိတ်တိတ် မေးကြည့်တော့ မင်းကလည်း ညံ့ပါ့ကွာ။ မင်း ငါ့လို မှော်ဘီ သင်တန်းတက်ချင်ရင် ဆန်တစ်အိတ်လောက် သွားကန်တော့လိုက်။ ဒါဆို မင်းတက်ရလိမ့်မယ်ဟု ပြောဆိုခဲ့ရာ မိမိလည်း ဆန်တစ်အိတ် ဆိုက်ကားနှင့် တင်ကာ သွားကန်တော့ခဲ့ရာ နောက်တစ်ကြိမ် မှော်ဘီ သင်တန်းခေါ်တော့ မိမိအမည်စာရင်း ကိုပါကြီး ပြောခဲ့သည့်အတိုင်း ပါရှိခဲ့ပြီး မှော်ဘီ ဗိုလ်သင်တန်းကျောင်း၌ ဖွင့်လှစ်သော အမှုဆောင်များ စီမံခန့်ခွဲရေး သင်တန်းသို့ တက်ခွင့်ရခဲ့သည်။

နောက်ဆုံး ကျွန်တော်တို့မြို့နယ်တွင် ကြံ့ခိုင်ရေး မှော်ဘီသင်တန်းဆင်း ပခုံးအပွင့်တပ်ခွင့် လမ်းစပွင့်သွားပြီး လက်ကလေး တကားကားနှင့် ကိန္နရာပေါက်သည့် သူများလည်း များပြားလာကာ လမ်းစဖော် ပေးလိုက်သည့် ကိုပါကြီးကိုတော့ ကျေးဇူးတင်ရပေမည်။ ဟိုးအချိန် အသင်းကြီးဘ၀ကတည်းက ဒီလိုအဖြစ်အပျက် ကန်တော့ခံ ပုဂ္ဂိုလ် အလေ့အကျင့်တွေ ရှိခဲ့တော့ ၂၀၁၀ ခုနှစ် အသင်းမှပါတီပြောင်းပြီး အခုလိုအာဏာ ရရှိလာတဲ့ အချိန်မှာ သမ္မတကြီးက သူ့လူတွေကို ၃ သိန်းအောက်ဆိုလျှင် ကန်တော့ခံနိုင်တယ်လို့ လွတ်လပ်ခွင့် ပေးလိုက်တာ အထူးအဆန်းတော့ မဟုတ်တော့ချေ။ လူကြီးတွေရဲ့ သံယောဇဉ် စေတနာတရားက ကြီးမား လွန်းလှပေသည်။ လုပ်ချင်ကိုင်ချင်စိတ် ရှိအောင်လည်း အတွင်းရေးမှူးများကို ငွေကြေးသြဇာ လုပ်ပိုင်ခွင့် အမြောက်အမြား ချပေးခဲ့ကြသည်။ မိမိတို့ နယ်မြေတာဝန်ခံ ၀န်ကြီးဆိုလျှင် အပေးအကမ်း အလွန်ရက်ရောသည်။ နာဂစ်လေဘေး စည်းရုံးရေးအတွက် ငွေသိန်း ဘယ်လောက်၊ အခြေခံဥပဒေ ထောက်ခံရေး စည်းရုံးရေး အတွက်က သိန်းဘယ်လောက် ချေးငွေလုပ်ငန်း လုပ်ဖို့အတွက် တိုင်းတာဝန်ခံကြီးက ငွေသိန်းဘယ်နှစ်ရာ အခုမှ ဆီးသီးဗန်း မှောက်ကျသည်မဟုတ်။ ဟိုတုန်းကတည်းက ကြံ့ခိုင်ရေးတွင် ဆီးသီးဗန်းကြီးက မှောက်ကျပြီးသား ဖြစ်သည်။ နာဂစ်မုန်တိုင်း ဖြစ်စဉ်အချိန်က ကယ်ဆယ် ထောက်ပံ့ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် နယ်မြေတာဝန်ခံ ၀န်ကြီးတွေက ငွေသိန်းရာနှင့်ချီ ထောက်ပံ့၊ ရန်ကုန်တိုင်း တာဝန်ခံ မြို့တော်ဝန်ကြီးက အများပြည်သူအတွက် ဆန်၊ ဆီ၊ ဆား၊ အခြေခံ စားသောက်ကုန် ပစ္စည်းများ ခွဲဝေချပေးခဲ့ ကြပြီး ပြည်သူလူထုလက်ထဲ အကုန်ရောက် မရောက်တော့မသိ၊ အတွင်းရေးမှူးများ ဖွံ့ဖြိုးတိုးတက်ရေး အတွက်တော့ နာဂစ်လေဘေး လုပ်ငန်းက အထောက်အပံ့ တစ်ခုသဖွယ် ဖြစ်ခဲ့ကြသည်။ ခေါင်းစဉ် တစ်ခုရပြီ ဆိုလျှင် အောက်မြေပြင်တွင် လုပ်ငန်းဆောင်တာများ လုပ်ဆောင်ကြရသည်က အောက်ခြေရပ်စည်း အသင်းဝင်များပင် ဖြစ်သည်။ လုပ်ပိုင်ခွင့် အထူးအခွင့် အရေးရရှိ ထားသူကတော့ ခေါင်းစဉ်ကြီးတွေတပ် မျက်မှန်ကြီး တကားကား ကိုယ်ပိုင် စီးပွားရေး လုပ်ငန်းလုပ်သလို စာရင်းဇယားများနှင့် အလုပ်ရှုပ်လျက် ရှိနေ ပေတော့သည်။

မြို့နယ် အလုပ်အမှုဆောင်များနှင့် ရပ်စည်းများမှာတော့ အတွင်းရေးမှူးနှင့် အဆင်ပြေအောင် အထူး ဂရုတစိုက် နေခဲ့ကြရသည်။ သူနှင့် အဆင်မပြေသူအဖို့ ရှေ့လျှောက် အသင်းကြီးတွင် ပါဝင်ဖို့ လွယ်ကူလိမ့်မည် မဟုတ်ပေ။ ခိုင်းတာကိုလုပ်၊ ပေးတာကိုယူ ပြန်ပြောဖို့ မစဉ်းစားနဲ့ အမြဲမျက်နှာချို သွေးနေကြရသည်။ မြို့နယ် EC အတော်များများ သူတို့ရဲ့ အိမ်မှုကိစ္စများပါမကျန် အကုန်လုပ်ပေး ခဲ့ကြရသည်။ ဒါတွင်မက ၎င်းတို့၏ ဆွေတော်မျိုးတော် ကိစ္စများတွင်ပါမကျန် ဆောင်ရွက်ပေးခဲ့ကြရပြီး ဆွေတော်မျိုးတော် များနှင့်လည်း အဆင်ပြေအောင် နေခဲ့ကြရသည်။ အဲဒီလိုမှ မပေါင်းသင်းတတ်ရင် နောက်နေ့ မျက်နှာမရ ပြဿနာ အမျိုးမျိုး ရှာကြံခံရတာတွေလည်း ရှိခဲ့သည်။ ရပ်ကွက်ထဲတွင် လူတကာနှင့်လည်းမတည့်၊ အတွေးအခေါ်ကလည်း နိမ့်ပါးမြို့နယ် EC ခိုင်းကောင်း၍ လက်သင့်ရာ ခန့်ထားခံရသူ တပည့်မွေး လူမိုက်မွေးခံ ထားရသူ အချို့ကတော့ ကားကိုရေသန့်ဘူးနှင့် ရေဆေးပေးခဲ့တာတွေ ရှိခဲ့ကြုံခဲ့ တွေ့ခဲ့ရသည်။ တရားကျစရာတော့ ကောင်းလေစွ၊ အသင်းကြီးဘ၀ တုန်းကတောင် ဒီလိုကျင့်ကြံ အားထုတ်ခဲ့ကြတာ၊ ဒီလို ကိုယ့်လက်အောက်ငယ် သားများ အပေါ် အခွင့်ထူးခံခဲ့တာတွေကို ကြည့်ခြင်းအားဖြင့် နိုင်ငံတော်ကြီးရဲ့ အမြင့်ဆုံးနေရာတွေမှာ ပါဝင်နေရာယူ ထားကြတာ နိုင်ငံတော်ကြီး အတွက်တော့ ရင်လေးစရာတော့ ကောင်းနေသည်။ နောက်ဆုံး အနင်းပြားခံ ပြည်ခိုင်ဖြိုး အသင်းသားများ ဘ၀ကတော့ ထောက်လှမ်းရေးတွေရဲ့ အခိုင်းခံဘ၀ကနေ၊ ကိုယ်ကျိုးရှာ လုပ်ပိုင်ခွင့် ရှိသူများ၏ နင်းချေခံဘ၀မှ ရုန်းထွက်၍ လွတ်မြောက် ခဲ့ကြသူတွေလည်း ရှိခဲ့ကြသည်။ အချို့တစ်တွေလည်း ယနေ့အချိန်ထိ ဆက်လက်၍ ပါဝင် လှုပ်ရှားနေကြဆဲ ဖြစ်သည်။ အကောင်းနှင့် အဆိုး ကိုတော့ ဝေဖန်ပိုင်းခြားတတ်ဖို့ လိုလိမ့်မည်ဖြစ်သည်။ မကောင်းသည့်သူ မကောင်းသည့် အချက်အလက် များကို အထက် အဖွဲ့အစည်း လူကြီးများသိအောင် တင်ပြကြဖို့ လိုလိမ့်မည်။ မလုပ်မရှုပ်မပြုတ် သဘောနှင့် ဆက်လုပ် နေလျှင်တော့ ကိုယ်ကျိုးရှာတတ်သည့် အတွင်းရေးမှူးများပင် ဆက်လက် ဖွံ့ဖြိုးတိုးတက်နေမည်မှာ အမှန်ပင် ဖြစ်သည်ဟု လမ်းမှန်ပေါ်သို့ ရောက်ရှိစေရန် စေတနာမှန်ဖြင့် ရေးသား လိုက်ရပေသည်။

  မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald

 
 

No comments:

Post a Comment