Friday, October 31, 2014

အောက်တိုဘာလ ၃၁ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

အခွန်ရှောင်ခြင်း

အခွန်ရှောင်ခြင်း (Tax Evasion) ဟူသည် ပုဂ္ဂိုလ်တစ်ဦးချင်းသော်လည်းကောင်း၊ ကုမ္ပဏီများအလိုက်လည်းကောင်း၊ လုပ်ငန်းစုများအလိုက်လည်းကောင်း၊ ပေးဆောင်ရမည့်အခွန်ငွေကို တရားမ၀င်ရှောင်တိမ်းခြင်းဖြစ်သည်။ အခွန်ရှောင်ခြင်းသည် ၎င်းတို့ပေးဆောင်ရမည့်အခွန်ငွေ လျော့ပါးစေရန်အတွက် အခွန်ကောက်ခြင်းနှင့်ဆိုင်သော အာဏာပိုင်များထံသို့ ၎င်းတို့၏လုပ်ငန်းအခြေအနေကို အမှန်အတိုင်းမဟုတ်ဘဲ တမင်ရည်ရွယ်လျက် လွဲမှားစွာတင်ပြခြင်းနှင့်အတူ ဖြစ်ပေါ်တတ်ပြီး ယင်းတွင် အမှန်တကယ်ရရှိသည့် အမြတ်ငွေ သို့မဟုတ် ၀င်ငွေထက်လျော့နည်းစွာ တင်ပြခြင်း သို့မဟုတ် ထွက်ငွေများကို အမှန်တကယ်ထက်
ပိုများအောင်ပြထားခြင်းကဲ့သို့သော အခွန်ဆောင်ရန်နှင့်ပတ်သက်၍ မရိုးမသားအစီရင်ခံမှုများပါဝင်သည်။ အခွန်ရှောင်ခြင်းသည် ပုံစံမကျသည့် စီးပွားရေးစနစ်များနှင့် ဆက်နွှယ်နေတတ်သည်။
အခွန်ရှောင်မှုပမာဏ သို့မဟုတ် အခွန်ကွာဟချက် (Tax Gap) ကို တိုင်းတာချက်တစ်ရပ်မှာ အခွန်အာဏာပိုင်များထံ အစီရင်ခံသည့် ၀င်ငွေပမာဏနှင့် အမှန်တကယ်ရရှိသည့်ဝင်ငွေပမာဏအကြား ကွာဟချက်ကို တွက်ချက်ခြင်းဖြစ်သည်။
အခွန်ရှောင်ခြင်း (Tax Evasion) နှင့်မတူညီသည့် တရားဝင်အသုံးအနှုန်းတစ်ရပ်မှာ အခွန်လျှော့ခြင်း (Tax Avoidance) ဖြစ်သည်။ အခွန်လျှော့ခြင်းဟူသည် တစ်စုံတစ်ဦး ထမ်းဆောင်ရမည့် အခွန်ဝန်ထုပ်ဝန်ပိုးကို လျှော့ပေါ့ပေးခြင်းဖြစ်သည်။ အခွန်ရှောင်ခြင်းနှင့် အခွန်လျှော့ခြင်းနှစ်မျိုးစလုံးသည် အခွန်ငွေကိုထိပါးစေသည့်ပုံစံများဖြစ်ပြီး နိုင်ငံတော်၏အခွန်စနစ်ကိုပျက်ပြားစေသော လုပ်ဆောင်မှုများအဖြစ် သတ်မှတ်ကြသည်။ သို့သော် မိမိတို့နိုင်ငံအလိုက်ချမှတ်ထားသော စနစ်များအတွင်း အခွန်လျှော့ခြင်းသည် ဥပဒေနှင့်လျော်ညီသည်ဟုဆိုသည်။
၁၉၆၈ ခုနှစ်တွင် နိုဗယ်ဆုရ စီးပွားရေးပညာရှင် ဂယ်ရီဘက်ကာက ပြစ်မှုမြောက်သော စီးပွားရေးနှင့်ပတ်သက်၍ ပထမဆုံးသဘောတရားကိုဖော်ထုတ်ပြခဲ့ပြီး ယင်းကိုအခြေခံလျက် အမ်ဂျီအယ်လင်ဟမ်နှင့် အေဆန့်မိုတို့က ၁၉၇၂ ခုနှစ်တွင် အခွန်ရှောင်ခြင်းနှင့်ပတ်သက်သော စီးပွားရေးမော်ဒယ်တစ်ရပ်ကို ရေးသားတင်ပြခဲ့သည်။ ယင်းမော်ဒယ်တွင် ၀င်ငွေခွန်ရှောင်ခြင်းနှင့် ဖွံ့ဖြိုးပြီးနိုင်ငံများ၌ အခွန်ငွေရရှိသည့် ပင်မရင်းမြစ်တို့ကို တွက်ချက်ဖော်ပြထားသည်။ ယင်းကိုရေးသားခဲ့သည့် စီးပွားရေးပညာရှင်နှစ်ဦး၏အဆိုအရ ၀င်ငွေခွန်ရှောင်ခြင်း အဆင့်သတ်မှတ်ချက်သည် ဥပဒေအရအပြစ်ပေးမှု အဆင့်သတ်မှတ်ချက်နှင့် တိုက်ရိုက်အချိုးကျနေသည်ဟုဆိုသည်။
ရန်ကုန်မြို့ UMFCCI တွင် အောက်တိုဘာ ၃၀ ရက်ကပြုလုပ်သည့် အခွန်ထမ်းကြီးများနှင့် တွေ့ဆုံရှင်းလင်းဆွေးနွေးပွဲအခမ်းအနားတွင် အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံး ညွှန်ကြားရေးမှူး ဒေါ်မြမြဦးက ဆိုးရွားသည့်အခွန်ရှောင်တိမ်းမှုများကို ပြန်လည်စစ်ဆေးတွေ့ရှိပါက ကျသင့်အခွန်၏ ရာခိုင်နှုန်း ၁၀၀ အထိ ဒဏ်ကြေးတပ်အရေးယူသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အခွန်စည်းကြပ်ကောက်ခံရာတွင် ရသင့်ရထိုက်သော အခွန်ရရှိခြင်း ရှိ မရှိ စိစစ်ရန်၊ နိုင်ငံတော်အတွင်းဆောင်ရွက်နေသည့် ၀န်ဆောင်မှု၊ ကုန်သွယ်မှုနှင့် ထုတ်လုပ်မှုလုပ်ငန်းများမှ အခွန်ကောက်ခံရရှိမှုကို စိစစ်ရန်၊ ရသင့်ရထိုက်သော အခွန်ရရှိရေး နိုင်ငံတကာစံနှုန်းများနှင့် ကိုက်ညီစေရေးအတွက် လက်ရှိအခွန်ကောက်ခံမှုနှင့်ပတ်သက်၍ လေ့လာသုံးသပ်မှုများကိုဆောင်ရွက်ရန် ပြည်ထောင်စုအစိုးရအဖွဲ့က အခွန်ကောက်ခံမှု စိစစ်ကြပ်မတ်ရေးဘုတ်အဖွဲ့ကို ၂၀၁၃ ခုနှစ် မေလအတွင်းက ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
သဘောတရားအရ နိုင်ငံတော်ကရရှိသည့် အခွန်ငွေများသည် နိုင်ငံသားတို့၏အကျိုးစီးပွားအတွက် ပြန်လည်အသုံးချရန်ဖြစ်ပြီး ပေးဆောင်သင့်သည့် နိုင်ငံသားအားလုံး အခွန်ငွေများကို မှန်မှန်ကန်ကန်ပေးဆောင်ရန် တာဝန်ရှိသည်။ မိမိ၏အကျိုးစီးပွားသက်သက်ကိုသာကြည့်ပြီး ပေးဆောင်သင့်သည့်အခွန်ငွေကို ရှောင်တိမ်းခြင်းသည် ရှက်ဖွယ်ရာဖြစ်သည့်အပြင် ပြစ်မှုမြောက်သည့်လုပ်ရပ်ဖြစ်ကြောင်းနှင့် သက်ဆိုင်ရာအာဏာပိုင်များအနေဖြင့်လည်း ကျောသားရင်သားမခွဲခြားဘဲ အခွန်ရှောင်သည့် မည်သူ့ကိုမဆို တိတိကျကျ မှန်မှန်ကန်ကန် အရေးယူရန်လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက
ရေးသားအပ်ပါသည်။

Credit - Eleven Media Group

No comments:

Post a Comment