Thursday, October 30, 2014

လွတ်လပ်ခွင့်နှင့် ဆေးရိုးလှန်းသူများ (Daily, Vol-2/No-169)

နှစ်ပေါင်းကြာမြင့်စွာ လွတ်လပ်ခွင့်များ ဆုံးရှုံးလာခဲ့သော မြန်မာနိုင်ငံတွင် လွတ်လပ်ခွင့်ဆိုသော စကားလုံးကိုပင် အဓိပ္ပာယ်ကွဲပြားစွာ သိရှိသူ နည်းပါးလာသည့် စရိုက်လက္ခဏာများ တွေ့မြင်နေရပေသည်။ လွတ်လပ်ခွင့် ဆိုသည်မှာ မြန်မာနိုင်ငံသားများသာမက ကမ္ဘာ့လူသားအားလုံး တစ်ပြေးညီ ခံစားခွင့်ရှိသည့် အခြေခံအကျဆုံး လူသားအခွင့်အရေးလည်း ဖြစ်သည်။ သို့သော် လွတ်လပ်ခွင့်ကို ကျင့်ဝတ်နှင့်အညီ မကျင့်သုံးနိုင်ပါက ပရမ်းပတာ၊ အထိန်းအကွပ်မဲ့ ရမ်းကားမှုအသွင် ဆောင်သွားတတ်သည်။ မိမိအတွက် လွတ်လပ်ခွင့် ဖြစ်သော်လည်း တစ်ပါးသူများအပေါ် အနှောင့်အယှက် ဖြစ်စေလျှင် လွတ်လပ်ခွင့်ဟု
မဆိုနိုင်ပေ။ ယနေ့ မြန်မာလူမှုပတ်ဝန်းကျင်တွင် တွေ့မြင်နေရသည့် လွတ်လပ်ခွင့်အချို့မှာ တစ်ပါးသူများ၏ လွတ်လပ်ခွင့်ကို ချိုးဖောက်၊ နှောင့်ယှက်သကဲ့သို့ ဖြစ်နေသည့် အနှောင့်အသွား မလွတ်သော အမည်ခံ လွတ်လပ်ခွင့်များ ဖြစ်နေပေသည်။ အကြောင်းရှိ၍ အကျိုးဖြစ်ပေါ်ခြင်း သဘောဖြင့် ကြည့်ပါက တစ်ချိန်လုံး ဖိနှိပ်ခံထားခဲ့ရသည့် ပြည်သူလူထုသည် လွတ်လပ်ခွင့် ရလာသောအခါ လွတ်လပ်ခွင့်ကို လောဘတကြီး သုံးလာခြင်းဟု နားလည်ပေး၍ ရသော်လည်း တစ်ပါးသူ သို့မဟုတ် အများပြည်သူကို အနှောင့်အယှက် ပေးသကဲ့သို့ မဖြစ်စေရန် သတိပြုရမည် ဖြစ်သည်။ အထူးသဖြင့် ဘာသာရေး ဗန်းပြထားသော အသံချဲ့စက် အလွန်အမင်း အသုံးပြုခြင်း၊ မိုဘိုင်းလ်ဖုန်းကို ကျင့်ဝတ်နှင့်အညီ မသုံးစွဲတတ်ခြင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ချိုးဖောက်ခြင်းတို့ကြောင့် တစ်ပါးသူနှင့် ပတ်ဝန်းကျင်ကို အနှောင့်အယှက် ပြုသကဲ့သို့ ဖြစ်နေခြင်းမှာ အထင်ရှားဆုံး လွတ်လပ်ခွင့် အလွဲသုံးမှုများ ဖြစ်သည်။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ စကားနှင့် ပြောရပါက လမ်းပေါ်ထွက် ဆေးရိုးလှန်းသူများ ရှိနေသမျှ လွတ်လပ်ခွင့်နှင့် ထိုက်တန်သော နိုင်ငံကြီးသားများနှင့်သာ ထိုက်တန်သည့် ဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံသစ်နှင့် အလှမ်းဝေးနေဦးမည် ဖြစ်ကြောင်း သိစေအပ်ပေသည်။
အယ်ဒီတာ (၂၇-၁၀-၂၀၁၄) 

Credit - The Voice

No comments:

Post a Comment