ဆိုးရွားသည့်အခွန်ရှောင်တိမ်းမှုများကို ပြန်လည်စစ်ဆေးတွေ့ရှိပါက
ကျသင့်အခွန်၏ ၁၀၀ ရာခိုင်နှုန်းအထိ ဒဏ်ကြေးတပ်ရိုက်
အရေးယူသွားမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ သိရသည်။
"အခွန်နဲ့ပတ်သက်ပြီး လိုက်နာဆောင်ရွက်မှုအား မကောင်းဘူး။
လိုက်နာဆောင်ရွက်ရန် ပျက်ကွက်သူတွေကိုတော့ ၀င်ငွေခွန်
ကုန်သွယ်လုပ်ငန်းခွန်ဥပဒေတွေအရ ပြစ်မှုပြစ်ဒဏ်တွေရှိပါတယ်။
ကြေညာလွှာတင်သွင်းမှုပျက်ကွက်မယ်၊ နောက်ကျမယ်ဆိုရင် ၁၀ ရာခိုင်နှုန်း
ဒဏ်ကြေးဆောင်ရပါမယ်။ မမှန်ကန်တဲ့ကြေညာလွှာတင်သွင်းလို့
လိမ်လည်မှုမြောက်တယ်ဆိုရင်တော့ ၀င်ငွေခွန်မှာ ရာခိုင်နှုန်း ၅၀၊
ကုန်သွယ်လုပ်ငန်းခွန်မှာ ၁၀၀ ရာခိုင်နှုန်းအထိ ပြစ်ဒဏ်ရှိပြီး
တရားစွဲဆိုခြင်းလည်း ခံရနိုင်ပါတယ်။ အကယ်၍
အခွန်ပေးဆောင်ရန်ပျက်ကွက်မယ်ဆိုရင် ကြိုတင်ခွန်မှာ ၁၀
ရာခိုင်နှုန်းဖြစ်ပေမယ့် လုံးဝမပေးဆောင်ဘူးဆိုရင်တော့ တရားမကျင့်ထုံးဥပဒေအရ
ကောက်ခံမှုနဲ့ဆောင်ရွက်နိုင်ပါတယ်။ သတင်းအချက်အလက်တွေပေးဖို့
ပျက်ကွက်တယ်ဆိုရင်တော့ တရားစွဲခြင်းခံရနိုင်ပါတယ်ဆိုတာ
သတိပြုစေနိုင်ဖို့တင်ပြလိုပါတယ်" ဟု ရန်ကုန်မြို့ UMFCCI တွင် အောက်တိုဘာ
၃၀ ရက်ကပြုလုပ်သည့် အခွန်ထမ်းကြီးများနှင့် တွေ့ဆုံရှင်းလင်း
ဆွေးနွေးပွဲအခမ်းအနားတွင် အခွန်ထမ်းကြီးများဆိုင်ရာ
အခွန်ရုံးညွှန်ကြားရေးမှူး ဒေါ်မြမြဦးက ပြောကြားသည်။
ကြေညာလွှာတင်သွင်းရန်နှင့် သက်သေခံအထောက်အထားများ၊ စာရင်းဇယားများ
တင်ပြရန်ပျက်ကွက်ပါက ရနိုင်သမျှသောအထောက်များကို
အခြေပြုစည်းကြပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အခွန်ထမ်းများအနေဖြင့်
ကြေညာလွှာတင်သွင်းရန် ပျက်ကွက်ခြင်း၊ နောက်ကျတင်သွင်းခြင်း၊ မမှန်မကန်သော
ကြေညာလွှာတင်သွင်းခြင်း၊ အခွန်ပေးဆောင်ရန်ပျက်ကွက်ခြင်း၊
အထောက်အထားများနှင့် စာရင်းဇယားများပေးပို့ရန် ပျက်ကွက်ခြင်း၊
သတင်းအချက်အလက်ပေးပို့ရန် ပျက်ကွက်ခြင်းတို့မပြုလုပ်ရန်
တိုက်တွန်းထားကြောင်း သိရသည်။
အခွန်ထမ်းကိုယ်တိုင်
အခွန်စည်းကြပ်ရာတွင် ရိုးသားဖြောင့်မတ်မှန်ကန်စွာတွက်ချက်ရန်၊
အခွန်ပေးဆောင်မှုများကို ဥပဒေနှင့်အညီ အချိန်မီပေးဆောင်ရန်၊ ကြေညာလွှာများကို
အချိန်မီတင်သွင်းရန်လိုအပ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင်
ကုမ္ပဏီပေါင်း သုံးသောင်းကိုးထောင်ကျော်ရှိသည့်အနက် ကုမ္ပဏီပေါင်း ၁၅၀၀၀
ခန့်သာ လတ်တလောအခွန်ဆောင်မှုရှိနေပြီး အခွန်တိမ်းရှောင်မှုများပြားသည့်
လုပ်ငန်းအုပ်စုများကိုလည်း ခေါ်ယူသတိပေးမှုပြုလုပ်ထားကြောင်းလည်း
ပြည်တွင်းအခွန်များဦးစီးဌာနမှသိရသည်။ ထို့ပြင် ထောင်ချသည့်အဆင့်အထိ
လုပ်ဆောင်မှုမရှိသေးသော်လည်း အခွန်တိမ်းရှောင်သဖြင့်
အရေးယူခဲ့ရသည့်ကုမ္ပဏီများလည်းရှိခဲ့ကြောင်း သိရသည်။
သုံးနှစ်အတွင်း
အခွန်ကောက်ခံရရှိမှု ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ် ထက်သုံးဆခန့်တိုးတက်ရရှိခဲ့ပြီး
လက်ရှိ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် အခွန်ကောက်ခံရရှိမှုမှ ကျပ် ၄၀၀၀ ဘီလျံရရှိရန်
လျာထားကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ သိရသည်။
"၂၀၁၀-၁၁
မှာ အခွန်ကောက်ခံရရှိမှုဟာ ကျပ် ၁၂၀၀ ဘီလျံလောက်ရပါတယ်။ အစိုးရသစ်တက်လာပြီး
ပထမဘဏ္ဍာရေးနှစ်မှာ ၁၅၀၀ ဘီလျံလောက်ရပါတယ်။ ဒုတိယနှစ်မှာ ၂၇၁၀
ဘီလျံလောက်ရပါတယ်။ တတိယနှစ်မှာဆိုရင် ၃၅၈၀ လောက်ရပါတယ်။
တစ်နည်းအားဖြင့်ပြောရမယ်ဆိုရင် သုံးနှစ်တာကာလအတွင်းမှာ
သုံးဆလောက်တိုးတက်လာတာပါ။ ဒီလိုတိုးတက်ရရှိတာဟာလည်း
ကျွန်တော်တို့အခွန်ဝန်ထမ်းတွေရဲ့ ကြိုးစားအားထုတ်မှုဟာ
အနည်းငယ်သာဖြစ်ပြီးတော့ အခွန်ထမ်းတွေပိုမိုအားကောင်းလာတဲ့အတွက်ဖြစ်ပါတယ်။
ဒီနှစ်မှာတော့ ဘီလျံ ၄၀၀၀ ကျော်လောက်ရမယ်လို့ မှန်းထားပါတယ်။
ရဖို့လည်းရှိပါတယ်" ဟု ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်
ဦးမင်းထွဋ်က အောက်တိုဘာ ၃၀ ရက်တွင် ပြောကြားသည်။
၂၀၁၃-၂၀၁၄
ဘဏ္ဍာနှစ်အတွက် ထိပ်တန်းအခွန်ဆောင်သူ ၁၀၀၀ ဦးကိုလည်း လာမည့်နိုဝင်ဘာလအတွင်း
ထုတ်ပြန်ပေးသွားမည်ဖြစ်ပြီး အဆိုပါစာရင်းတွင် ယခင်နှစ်များက
ထိပ်တန်းစာရင်းတွင်မပါဝင်ခဲ့သည့် ကုမ္ပဏီအတော်များများလည်း
ပါဝင်လာမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က
ပြောကြားသည်။
အခွန်စည်းကြပ်ကောက်ခံရာတွင်
ရသင့်ရထိုက်သောအခွန်ရရှိခြင်း ရှိ မရှိ စိစစ်ရန်၊
နိုင်ငံတော်အတွင်းဆောင်ရွက်နေသည့် ၀န်ဆောင်မှု၊ ကုန်သွယ်မှုနှင့်
ထုတ်လုပ်မှုလုပ်ငန်းများမှ အခွန်ကောက်ခံရရှိမှုကို စိစစ်ရန်၊
ရသင့်ရထိုက်သောအခွန်ရရှိရေး၊ နိုင်ငံတကာစံနှုန်းများနှင့် ကိုက်ညီစေရေးအတွက်
လက်ရှိအခွန်ကောက်ခံမှုနှင့် ပတ်သက် လေ့လာသုံးသပ်မှုများကိုဆောင်ရွက်ရန်
ပြည်ထောင်စုအစိုးရအဖွဲ့က အခွန်ကောက်ခံမှု စိစစ်ကြပ်မတ်ရေးဘုတ်အဖွဲ့ကို ၂၀၁၃
ခုနှစ် မေလအတွင်းက ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
ထို့ပြင်
အခွန်အများဆုံးပေးဆောင်သင့်သူများ သီးသန့်အခွန်ဆောင်ရမည့်
အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံးကိုလည်း ၂၀၁၄ ခုနှစ် ဧပြီ ၁ ရက်တွင်
စတင်တည်ထောင်ခဲ့ကြောင်း သိရသည်။
Credit - Eleven Media Group
No comments:
Post a Comment