သမ္မတ၊
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စု လွှတ်တော်နာယက၊
ကာကွယ်ရေးဦးစီးချုပ်နှင့် နိုင်ငံရေးပါတီများ၏ ကိုယ်စားပြုခေါင်းဆောင်များ
ပါဝင်သည့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ ကျင်းပ
နေပြည်တော် သမ္မတအိမ်တော်ရှိ ငုရွှေဝါခန်းမ၌ သမ္မတ၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စုလွှတ်တော်နာယက၊ ကာကွယ်ရေးဦးစီးချုပ်နှင့် နိုင်ငံရေးပါတီများ၏ကိုယ်စားပြု ခေါင်းဆောင်များပါဝင်သည့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲကို အောက်တိုဘာ ၃၁ ရက်တွင် နံနက် ၉ နာရီ ၃၀ မိနစ်မှ စတင်ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ သမ္မတဦးသိန်းစိန်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်(ဥက္ကဋ္ဌ၊ NLD ပါတီ)၊ သူရဦးရွှေမန်း(နာယက၊ ပြည်ထောင်စုလွှတ်တော်)၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၊ ဒုတိယသမ္မတ ဦးဉာဏ်ထွန်း၊ ဦးခင်အောင်မြင့် (ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်)၊ ဦးတင်အေး (ဥက္ကဋ္ဌ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်)၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ဦးဌေးဦး (ဒုဥက္ကဋ္ဌ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ)၊ UNA ကိုယ်စားပြုအဖြစ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး၊ NBF ကိုယ်စားပြုအဖြစ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်း၊ FDAကိုယ်စားပြုအဖြစ် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေ၊ ဦးသိန်းထွန်း (ဗဟိုအလုပ်အမှုဆောင်၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ)၊ တို့ပါဝင်တက်ရောက်ခဲ့သည်။
“တွေ့ဆုံတယ်ဆိုတာကတော့ အမြဲကောင်းပါတယ်။ ဘယ်လိုတွေ့ဆုံရေးမဆို ကောင်းတယ်။ ဒါပေမဲ့ ရေရှည်အကျိုး ရှိဖို့ဆိုတာကတော့ စနစ်တကျနဲ့ လုပ်ဖို့ လိုတာပေါ့။ အန်တီက အခုထက်ထိ အန်တီ့ပါတီကိုလည်း ဘာမှ မပြောရသေးဘူး။ နည်းနည်းပြောဖို့ရာ ခက်ပါတယ်။ ဘာလို့ဆိုတော့ ပါတီ CEC နဲ့လည်း စည်းဝေးဖို့ အချိန်မရှိခဲ့ဘူး။ ဖိတ်စာရတာနဲ့ ဒီကိုလာတာနဲ့ဆိုတော့ ကြားထဲမှာ ပါတီ CEC အစည်းအဝေး မလုပ်ခဲ့ရတဲ့ အခါကျတော့ ပါတီရဲ့ သဘောထားကို တင်ပြဖို့ ဆိုတာကတော့ အခုချိန်မှာ မရသေးဘူးပေါ့။” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆွေးနွေးပွဲအပြီး သတင်းထောက်များအား ပြောကြားသည်။
“တကယ်ကတော့ တစ်ယောက်ကို ဆယ်မိနစ်၊ ဆယ်မိနစ်ဆိုတော့ တချို့ကတော့ ဆယ်မိနစ်ထက် ကျော်ပါတယ်။ တချို့က ဆယ်မိနစ်တစ်ခါ ဘဲလ်တီးတော့ နှစ်ခါလောက်တီးတာတောင် ဆက်ပြောတာတွေ ရှိပါတယ်။ ဘယ်သူတွေ၊ ဘယ်သူတွေ ဘာပြောလဲဆိုတာ သူတို့ သက်ဆိုင်ရာလူတွေ မေးတာပဲ ကောင်းပါတယ်။ ဒါပေမဲ့ ဦးတင်အေး ပြောတာက တော့ ရွေးကောက်ပွဲအကြောင်းကို တော်တော်လေး အသေးစိတ်ပြောတဲ့ အခါကျတော့ ဒါကတော့ ပါတီတွေ အားလုံးနဲ့ ဆိုင်တာပေါ့။ မျှမျှတတလုပ်မယ်။ ဘယ်လိုပုံစံနဲ့ မဲပေးသူစာရင်းမှန်အောင် သူတို့ ကြိုးစားနေပါတယ်။ နောက်ပြီး ပါတီတွေ ရဲ့ အရေးပါမှုပေါ့နော်။ နိုင်ငံရေးမှာ ဒီမိုကရေစီ နိုင်ငံရေးမှာ ပါတီတွေဟာ ဘယ်လောက် အဓိကကျတယ်ဆိုတာကို ဦးတင် အေးက ပြောသွားပါတယ်။ ဥက္ကဋ္ဌကြီး ဦးရွှေမန်းနဲ့ ဥက္ကဋ္ဌကြီး ဦးခင်အောင်မြင့်ကတော့ ဖွံ့စည်းပုံ အခြေခံကို ပိုပြီးတော့ ပြည်နယ်တွေ ပိုပြီးတော့ ဖက်ဒရယ်ဆန်အောင်လို့ ပြောင်းလဲဖို့ လိုတယ်ဆိုတဲ့ဟာကို ပြောသွားတယ်။ အဲတာကတော့ အမေကတော့ အမေအဓိကထားတဲ့ အချက်တွေကို ပြောတာပေါ့။ တခြားဟာတွေလည်း ရှိတာပေါ့။ အမေကတော့ CEC နဲ့ လည်း တွေ့ခွင့်မရခဲ့ဘူး။ မရခဲ့ဘူးဆိုတာ ဖိတ်စာရတာ ဗုဒဟူးနေ့မှ ရတာ။ နောက်ပြီးတော့လည်း ရေးထားတော့လည်း ထိပ်တန်းလျို့ဝှက်ဆိုတော့လည်း ဘယ်သူနဲ့မှ မဆွေးနွေးပါဘူး။ အဲတော့ CEC ရဲ့ အထင်အမြင်တွေလည်း ဘာမှ မယူခဲ့ရ ဘူး။ ရှေ့မှာပြောသွားတဲ့ ပုဂ္ဂိုလ်တွေရဲ့ အတွေးအခေါ်ပေါ်မှာပဲ မှတ်ချက်ချတဲ့ အနေအထားပဲ ရှိတာကိုး။ CEC ရဲ့ တရား ၀င် သဘောထားဆိုတာတော့ ပြောလို့မရဘူးလေ။ CEC အစည်းအဝေးမှ မခေါ်နိုင်သေးပဲ” ဟု ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော်စည်ပင်ရိပ်သာ၌ သတင်းထောက်များနှင့် ခေတ္တတွေ့ဆုံချိန် ပြောကြားသည်။
အမေရိကန်သမ္မတ အိုဘားမားမြန်မာနိုင်ငံသို့ လာရောက်ခါနီး ယခုကဲ့သို့ဆွေးနွေးပွဲ လုပ်သည်ဆိုသည့်အမြင်အပေါ် ဒေါ်အောင်ဆန်းစုကြည်က “အန်တီကလေ လူများစိတ်ထဲကို မြင်နိုင်တာမှ မဟုတ်ဘဲ။ အဲဒါက မီဒီယာတွေရဲ့ တာဝန်ပဲ။ အလုပ်တစ်ခုက ဘာဖြစ်လို့ လုပ်လဲပေါ့နော်။ ဘာကြောင့်လုပ်သလဲ ဆိုတာကို ရှာဖို့ဆိုတာ မီဒီယာရဲ့ တာဝန်။ ဘာဖြစ်နေလဲတင်မဟုတ်ဘူး။ ဘာ့ကြောင် ဘာဖြစ်နေလဲဆိုတာ စဉ်းစားရမယ်။ တွေးခေါ်ရမယ်။ သုံးသပ်ရမယ်။ အန်တီတို့ အနေအထားနဲ့ ဆိုရင် ဟိုလူ က ဒီလိုထင်ပါတယ်လို့ မပြောသင့်ဘူး။ အဲဒါကတော့ ပြောလို့မရဘူး။ ကိုယ့်ရဲ့ ထင်မြင်ချက်ပဲ ပြောလို့ရမယ်” ဟု ဆိုသည်။
“အောင်မြင်တယ်ဆိုတာကတော့ ဘယ်လိုသတ်မှတ်သလဲတော့ မသိဘူးပေါ့နော်။ အခါအားလျော်စွာ နောက် ဒီလိုမျိုးတွေ လုပ်မယ်လို့ ပြောတာတော့ ရှိပါတယ်။ အခါအားလျော်စွာဆိုတော့ နည်းနည်း စဉ်းစားရ ခက်တာပေါ့။ လေးပွင့်ဆိုင်ကိစ္စကို ခိုင်ခိုင်မြဲမြဲ ဆုပ်ကိုင်ထားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါဟာ ဘာမှ ကိုယ်ပါတီစွဲနဲ့လည်း မဟုတ်ဘူး။ ၀ါဒစွဲကြောင့်မို့လည်း မဟုတ်ဘူး။ လက်တွေ့ကျကျ လိုအပ်တယ်လို့ ထင်လို့ပါ။ တစ်ယောက်ဆယ်မိနစ် ပြောပြီးတော့ နောက်ဆုံး အထွေထွေ ရှိသေးလားဆိုတော့ အန်တီတို့အနေနဲ့ လေးပွင့်ဆိုင် ဆွေးနွေးပွဲမျိုးမြင်တဲ့ အမြင်ပုံစံမျိုး မဟုတ်ပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးတွင် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်၊ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးခြင်းဖြင့် မြန်မာနိုင်ငံ၏ ပစ္စုပ္ပန်နှင့် အနာဂတ်အရေးတို့တွင် ကြီးစွာအကျိုးဖြစ်ထွန်း နိုင်သည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) နှင့် မိတ်ဖက် တိုင်းရင်းသားပါတီများက ၂ဝ၁၄ခုနှစ် ဇူလိုင် ၇ ရက်နေ့တွင် ပူးတွဲသဘောထား ကြေညာချက် ထုတ်ပြန်ခဲ့သည်။
အလားတူ ၂ဝ၁၃ ခုနှစ် နိုဝင်ဘာလကလည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရာတွင် အဆင်ပြေချောမွေ့စေရန်အတွက် လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရန် သမ္မတထံသို့မေတ္တာရပ်ခံစာ ပေးပို့ခဲ့ရာ သမ္မတက ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာ ထွက်ရှိပြီးမှသာ လေးပွင့်ဆိုင်တွေ့ဆုံမှုကို စဉ်းစားသင့်ကြောင်း သဘောထားမှတ်ချက် ပေးခဲ့သည်။
ဆွေးနွေးပွဲအတွင်း ကာကွယ်ရေးဦးစီးချုပ်၏ သဘောထားအပေါ် ဒေါ်အောင်ဆန်းစုကြည်က
“သိပ်တော့လည်း အံ့အားသင့်စရာတော့ ဘာမှ မပါပါဘူး” ဟု ပြောကြားသည်။
ယခုတွေ့ဆုံပွဲနှင့် ပတ်သက်၍ သတင်းမီဒီယာများအား ဓာတ်ပုံရိုက်ခွင့်သာ ခွင့်ပြုခဲ့ပြီး ဆွေးနွေးမှုနှင့် ပတ်သက်၍ သီးခြားသတင်းစာရှင်းလင်းပွဲကို ပြန်ကြားရေး ၀န်ကြီးဌာန၌ ပြုလုပ်ခဲ့သည်။
အဆိုပါရှင်းလင်းပွဲတွင် ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က “သမ္မတကြီးက ကဏ္ဍသုံးခုနဲ့ ပတ်သက်ပြီးတော့မှ အမျိုးသားနိုင်ငံရေး အင်အားစုတွေ ပူးပေါင်းပြီး လုပ်ကိုင်ဆောင်ရွက်နိုင်မယ့် နည်းလမ်းများကို ရှာဖွေကြဖို့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြပါလို့ တိုက်တွန်းခဲ့ပါတယ်။ သမ္မတကြီး ရည်ညွှန်းပြောကြားခဲ့တဲ့ ကဏ္ဍသုံးခုရှိပါတယ်။ ပထမဆုံးကဏ္ဍက လက်ရှိဖြစ်ထွန်းနေတဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များနဲ့ နိုင်ငံရေးဖြစ်စဉ်တွေကို အဆင့်ဆင့်ဆက်လက် ရှင်သန်ဖြစ်ထွန်းစေဖို့၊ အဲဒီကနေ ဒီမိုကရေစီစနစ် အမြစ်တွယ်ခိုင်မာရေးနဲ့ ဖွံ့ဖြိုးတိုးတက်တဲ့ မြန်မာ့လူ့အဖွဲ့အစည်း ပေါ်ပေါက်ရေး ဖြစ်ပါတယ်။ ဒုတိယအချက် အနေနဲ့ကတော့ ကျွန်တော်တို့နိုင်ငံအတွင်း ကြိုးပမ်းနေတဲ့ အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေးအတွက် လက်ရှိရထားတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေကို အခြေခံပြီးတော့မှ ခိုင်မာအောင် ဆောင်ရွက်သွားဖို့ ဖြစ်ပါတယ်။ တတိယကဏ္ဍကတော့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ အဓိကကျတဲ့ အရေးကြီးတဲ့ အဆင့်တစ်ဆင့်အနေနဲ့ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ဖို့ လက်ရှိရရှိထားတဲ့ နိုင်ငံရေးတည်ငြိမ်မှုများနဲ့ ထိန်းသိမ်းထားနိုင်ဖို့ ကိစ္စဖြစ်ပါတယ်။ ဒါကတော့ သမ္မတကြီး ရည်ညွှန်းပြောကြားခဲ့တဲ့ ဦးစားပေးကဏ္ဍသုံးခု ဖြစ်ပါတယ်။ အဲဒီကဏ္ဍသုံးခုကို တက်ရောက်လာသူများက ပွင့်ပွင့်လင်းလင်းနဲ့ ဆွေးနွေးခဲ့ကြပါတယ်” ဟု ထည့်သွင်းပြောကြားခဲ့သည်။ ထို့ပြင် “နောက်တစ်ချက်ကတော့ ဒါဟာပထမဆုံးအကြိမ် ဆွေးနွေးမှုဖြစ်တယ်။ နောက်ထပ်နည်းလမ်းကောင်းများ ရှာဖွေနိုင်ဖို့အတွက် ဆက်လက်တွေ့ဆုံ ဆွေးနွေးပွဲများ ပြုလုပ်သွားဖို့ အားလုံးက ဆွေးနွေးခဲ့ကြပါတယ်” ဟု ဦးရဲထွဋ်က ထည့်သွင်းရှင်းလင်းခဲ့သည်။
ဆွေးနွေးပွဲ တက်ရောက်ခဲ့သည့် ဦးခွန်ထွန်းဦးကိုယ်စား SNLD အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က “ဒီနေ့တွေ့ဆုံပွဲကတော့ဗျာ။ ကျွန်တော့်အနေနဲ့ ပြောမယ်ဆိုရင်တော့ ကျွန်တော်တို့ မျှော်မှန်းထားသလောက် မဖြစ်ခဲ့ဘူး။ မဖြစ်ခဲ့ပါဘူး။ ဒါပေမဲ့ နဂိုကတည်းကလည်း ရိပ်မိပါတယ်။ တစ်နာရီ နှစ်နာရီပဲ တွေ့မယ့်ကိစ္စဆိုတော့ ဆုံးဖြတ်ချက်ချနိုင်တဲ့ အခြေအနေမျိုးတော့ မရောက်ဘူး။ ဒါက အမှန်တော့ တွေ့ဆုံဆွေးနွေးပွဲ မဟုတ်ဘူး။ တွေ့ဆုံပွဲ။ ပြီးတော့ ထမင်းစား ကြတယ်ပေါ့။ initiative လို့လည်း ပြောလို့ရနိုင်ပါတယ်။ ကနဦး ပထမဦးခြေလှမ်းပေါ့။ အဲလိုမျိုး သတ်မှတ်တယ်ဆိုရင်တော့ အားလုံးကို ကြိုဆိုတဲ့ အနေအထားလို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ အဲဒါကို ကျွန်တော်တို့ကတော့ တင်ဖို့ လုပ်ခဲ့တယ်။ ဆွေးနွေးထားတဲ့အထဲမှာ ဦးခွန်ထွန်းဦးကတော့ တင်ပါတယ်။ ဒီကိစ္စကို ဆက်ပြီးတော့ သယ်ဆောင်ဖို့။ ဒီတစ်ပွဲထဲနဲ့ ပြီးမသွားပဲ နောက်ပွဲတွေ ဆက်လုပ်ဖို့။ for show တွေလည်း ပါချင်ပါမယ်။ အကယ်၍များ for show ပါတယ်ဆိုရင်လည်း ဒါ အပြစ်တင်ဖို့ လိုတာပေါ့။ ဒါကတော့ မကောင်းဘူးပေါ့။ နိုင်ငံရေးထိပ်သီးတွေခေါ်ပြီးတော့ for show လုပ်တယ်ဆိုရင် မကောင်းဘူး။ သို့သော်လည်း စိတ်ရင်း စေတနာရင်းနဲ့ ဒီပွဲကို ကျင်းပတယ်ဆိုရင်တော့ ဒါ ကျွန်တော်တို့က ကြိုဆိုရမှာပါ။ အဲတာနှစ်ခုတော့ ကျွန်တော်မခွဲခြား တတ်ဘူး။ for show လည်း ဖြစ်ချင် ဖြစ်နိုင်တယ်။ မဖြစ်ဘူးလို့ ယတိပြတ်ငြင်းလို့မရဘူး” ဟု ပြောကြားသည်။
ဦးဌေးဦးက “အခုလို ပထမဆုံး ဆွေးနွေးပွဲမှာ ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြတဲ့အတွက် ပိုပြီး တိုးတက်မှု ဖြစ်လာမှာပေါ့။ သို့သော်လည်းပဲ ဒီဆွေးနွေးပွဲသည် အစပဲ ရှိသေးတယ်။ တကယ့်လက်တွေ့လုပ်ရမယ့် ဥစ္စာတွေ အများကြီးပဲ။ ကျန်သေး တယ်။ ဒီလောက်နဲ့တော့ မလုံလောက်သေးဘူး။ ဆက်လုပ်ရဦးမှာပေါ့။
ကျွန်တော်ထင်ပါတယ်။ အချက်ထဲမှာ ဘာပါလဲဆိုရင် အားလုံး စုစုစည်းစည်း ညီညီညွတ်ညွတ် တူတာတွေကို ပေါင်းလုပ် ကြ။ မတူတာတွေကိုတော့ ညှိနှိုင်းကြဆိုတဲ့ အချက်အပေါ် အခြေခံတာပဲလေ။ အဲဒီတော့ ကောင်းလာမှာပေါ့။ တစ်ယောက်နဲ့တစ်ယောက် သဘောထား နားလည်လာလို့ရှိရင် ယုံကြည်လာရင် ကျန်တာ လုပ်လို့ရတာပဲလေ။ ဒါမျိုး ဆွေး နွေးပွဲတွေ ကောင်းတယ်။ ဒါမျိုး မကြာခဏ လုပ်နိုင်ရင် ပိုကောင်းတာပေါ့” ဟုပြောကြားသည်။
အလားတူ ဆွေးနွေးပွဲ တက်ရောက်ခဲ့သည့် ဦးခင်မောင်ဆွေက “အခြေအနေကတော့ သမ္မတကြီး ပြောသလိုပဲ။ ပွင့်ပွင့်လင်းလင်းနဲ့ အမြင်ချင်း ဖလှယ်နိုင်ကြပါတယ်။ နောင်လည်း ဆက်ပြီးတော့ ဒါမျိုးတွေ ပွဲတွေ ဖြစ်ဦးမယ်လို့ မျှော်လင့်စရာ ရှိတာပေါ့လေ။ အခုဟာကတော့ အခြေခံ ဥပဒေကို လွှတ်တော်ထဲမှာပဲ ပြင်ဆင်မယ်ဆိုတဲ့ အချက်ဟာ အားလုံးက သဘောတူတဲ့အထိ သဘောမျိုး တွေ့မြင်ရတယ်လေ။ နောက်တစ်ချက်ကတော့ လူမှု စီးပွားရေးအမြင်တွေကို လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် လယ်ယာမြေမှာ မိသားစု လယ်ယာစက်မှု တပ်ဆင်ပေးဖို့အတွက် ဆွေးနွေးနိုင်ခဲ့ကြတယ်လေ။ အရေးကြီးဆုံးကတော့ ငြိမ်းချမ်းရေးပေါ့။ ငြိမ်းချမ်းရေး ဆွေးနွေးတဲ့အခါ တစ်နေတဲ့ဟာကို ၁၇/၁ လိုဟာမျိုး ကျော်လွှားပြီး တရားမ၀င်အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးနိုင်တဲ့ အဆင့် ရောက်နေပြီဆိုတော့ကား ဒါတွေဟာ ဥပဒေတွေကို ဖြေလျှော့ပြီးတော့ ရှေ့ဆက်သွားနိုင်အောင် လမ်းဖွင့်ပြီးတော့ NCA လက်မှတ်ထိုးနိုင်အောင် ဆောင်ရွက်ကြဖို့ အားလုံးက တိုက်တွန်းကြပါတယ်။ အဲဒါပါပဲ။
ရလဒ်ကတော့ ကောင်းတယ်ပဲ ပြောရမှာပဲ” ဟု ပြောကြားသည်။
ယခုဆွေးနွေးပွဲမတိုင်မီ သမ္မတ ဦးသိန်းစိန်နှင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့အား အမေရိကန် သမ္မတ အိုဘားမားက အောက်တိုဘာ ၃၀ ရက်တွင် တယ်လီဖုန်းဖြင့် သီးခြားစီ ဆက်သွယ် ပြောဆိုခဲ့သည်ဟု အိမ်ဖြူတော်မှ ထုတ်ပြန်ခဲ့ကြောင်း Reuters နှင့် AP သတင်းဌာနတို့၏ ဖော်ပြချက်အရ သိရသည်။
အိုဘားမားက သမ္မတဦးသိန်းစိန်နှင့် ဆက်သွယ်ပြောဆိုရာတွင် ရခိုင်ပြည်နယ်တွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူညီပေးမှုများ ပိုမိုခိုင်မာအောင် လုပ်ဆောင်ရန်၊ လက်ရှိဖြစ်ပေါ်နေသော တင်းမာမှုများအား ဖြေရှင်းရန်၊ လာမည့်နှစ်တွင် ကျင်းပမည့်ရွေးကောက်ပွဲလုပ်ငန်းစဉ်နှင့်ပတ်သက်၍ ယုံကြည်စိတ်ချနိုင်စွမ်းရှိသော ရွေးကောက်ပွဲဖြစ်စေရန် အလေးအနက်ထား တိုက်တွန်းခဲ့ကြောင်းသိရသည်။
အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်ပြောကြားရာတွင် လာမည့်နှစ်တွင် ပြုလုပ်မည့်ရွေးကောက်ပွဲနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်းနှင့် မြန်မာနိုင်ငံ၏ လက်ရှိ နိုင်ငံရေး၊ စီးပွားရေး အပြောင်းအလဲများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်းသိရသည်။
လတ်တလော အခြေအနေ၌ မြန်မာ့နိုင်ငံရေး နောက်ပြန်သွားနေခြင်း၊ ပြုပြင်ပြောင်းလဲရေး နှောင့်နှေးနေခြင်း၊ ဂျာနယ်လစ်များ ဖမ်းဆီးထောင်ချခံနေရခြင်း၊ ကိုပါကြီး ကိစ္စကဲ့သို့ လူ့အခွင့်အရေး ဆုံးရှုံးမှု စသည်တို့အပေါ် အစိုးရနှင့် တပ်မတော်အား ဝေဖန်မှုများ မြင့်တက်နေချိန်တွင် ယခုကဲ့သို့ နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခြင်းလည်း ဖြစ်သည်။
“တစ်ဦးနဲ့တစ်ဦး တွေ့ဆုံကြတာ ကောင်းပါတယ်။ ဒါပေမဲ့ ဖွဲ့စည်းပုံပြင်ဖို့၊ အပစ်ရပ်စာချုပ်ချုပ်ဖို့၊ သန့်ရှင်းမျှတတဲ့ ရွေးကောက်ပွဲကျင်းပဖို့၊ အရေးကြီးတဲ့ နိုင်ငံရေးအပြောင်းအလဲတွေလုပ်ဖို့ အချိန်သိပ်မကျန်တော့ဘူး။ တိုက်ရိုက်အကျိုးရှိမယ့် အပေးအယူ လုပ်ရလိမ့်မယ်။ ထိပ်သီးဆွေးနွေးပွဲတွေ ကျစ်ကျစ်လစ်လစ်နဲ့ ဆက်တိုက်ထပ်လုပ်ဖို့ လိုပါတယ်။ အခု ဒီတစ်ခေါက်ကတော့ အာဆီယံနဲ့ ကမ္ဘာ့ခေါင်းဆောင်တွေရဲ့ ထိပ်သီးဆွေးနွေးပွဲမတိုင်မီ ကျင်းပတဲ့ Show Business (ဟန်ပြဆွေးနွေးပွဲ) လို့ပဲ မြင်ပါတယ်။ ရှင်းရှင်းလင်းလင်းပြောရရင်တော့ အမျိုးသားညီလာခံ Frame မျိုးနဲ့တော့ ဘာအလုပ်မှဖြစ်မှာ မဟုတ်ဘူး” ဟု Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်က သုံးသပ်ပြောကြားခဲ့ပါသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် ဆွေးနွေးခဲ့သည့် အကြောင်းအရာများနှင့် ပတ်သက်၍ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်အား မီဒီယာများက မေးမြန်းခဲ့သည်များကို ပြန်လည်ဖြေကြားချက်အား ကောက်နုတ်ဖော်ပြခြင်း
■ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးနှင့် ကာချုပ်၊ သမ္မတသဘောထားအပေါ် ဖြေကြားချက်
ဒီဆွေးနွေးပွဲမှာ ပုဒ်မတစ်ခုချင်းစီအလိုက် အသေးစိတ်ဆွေးနွေးတာ မဟုတ်ပါဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို ဆောင်ရွက်မယ်ဆိုရင် ဘယ်လိုမူတွေနဲ့ ရပ်တည်ပြီး ဆောင်ရွက်မယ်ဆိုတာ ဒါခုန ကျွန်တော်ပြောတဲ့အထဲ ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ခေတ်စနစ်နဲ့ညီအောင် ပြင်ဖို့အတွက် လိုအပ်တဲ့ဟာတွေ ပြင်ဖို့လိုတယ်ဆိုတာ အားလုံးက သဘောတူတယ်။ သို့သော် အဲလိုပြင်တဲ့အခါမှာ မိမိလိုချင်တာကို လမ်းပေါ်ထွက်တာမျိုးကို ဘယ်သူမှ လက်မခံဘူး။ အားလုံးက လွှတ်တော်တွင်းကနေပဲ ပြုပြင်နိုင်သွားဖို့ကို သဘောတူတယ်။ ဒါကြောင့်မလို့ ကျွန်တော်ကတော့ ပုဒ်မတစ်ခုချင်းကို ပါဝင်ဆွေးနွေးတာ မရှိပါဘူး။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကလည်း ဒီဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို ပြင်ဖို့အတွက် သူလည်းသဘောတူတယ်။ လိုအပ်ရင်ပြင်ရမယ်။ သို့သော် ခုနကအားလုံး ဆွေးနွေးခဲ့သလို ပြင်တဲ့အခါမှာ အခြေခံဥပဒေမှာပါတဲ့ ပြဋ္ဌာန်းချက်အတိုင်းပဲ တစ်နည်းမဟုတ်တစ်နည်း ပြည်ထောင်စုလွှတ်တော်ထဲမှာ ဆွေးနွေးဖို့ ပြောခဲ့ပါတယ်။
■ ဆွေးနွေးပွဲကို ဘာကြောင့်အခုမှ လုပ်တာလဲ။ အိုဘားမားခရီးစဉ်ရှိလို့လား မေးခွန်းအပေါ် ဖြေကြားချက်။
ကျွန်တော်တို့ သမ္မတကြီးဦးသိန်းစိန် တာဝန်စလက်ခံကတည်းက ပြုပြင်ပြောင်းလဲရေးတွေ လုပ်တဲ့အခါတိုင်းမှာ နိုင်ငံနဲ့ပြည်သူအတွက် ဒီမိုကရေစီဖော်ဆောင်ရေးကို လုပ်မယ်လို့ပြောခဲ့တယ်။ တစ်ဦးတစ်ယောက် မျက်နှာသာရဖို့၊ ပါတီအဖွဲ့အစည်းတစ်ခု မျက်နှာသာရဖို့ ဘယ်သူ့ခရီးစဉ်ကြောင့်၊ ဘယ်ဝါခရီးစဉ်ကြောင့်ဆိုတဲ့ မဟုတ်ပါဘူး။ ပြန်ကြည့်မယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်တို့က ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် လေးပွင့်ဆိုင်လို့ ပြောတဲ့အချိန်တုန်းက ကျွန်တော်တို့ရဲ့ တုံ့ပြန်ချက်ထဲမှာပါတဲ့ အချက်တစ်ချက် ရှိပါတယ်။ ပြည်ထောင်စုလွှတ်တော်တွင်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မရှင်က ဦးဆောင်လုပ်နေတာရှိတယ်။ အဲဒီကော်မတီရဲ့ သဘောထားကို ထည့်သွင်းစဉ်းစားဖို့လိုတယ်။ နောက်တစ်ခါ ပါတီအားလုံးရဲ့ သဘောထားကို ထည့်သွင်းစဉ်းစားဖို့လိုတယ်။ ဒီလေးယောက်တည်းနဲ့ မလုပ်သင့်ဘူးလို့ ကျွန်တော်တို့ ပြောခဲ့တာရှိတယ်။ အောက်တိုဘာ ၂၂ ရက်မှာ ကျွန်တော်တို့ ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်တဲ့ လေ့လာသုံးသပ်ရေးကော်မတီက သူတို့အစီရင်ခံစာ တင်သွင်းခဲ့တယ်။ တစ်ဖက်က ငြိမ်းချမ်းရေးကို ကြည့်မယ်ဆိုလို့ရှိရင်လည်း ငြိမ်းချမ်းရေးမှာလည်း အတော်အသင့်ခိုင်မာတဲ့ ရလဒ်တွေ ရနေပြီ။ နောက်ဆုံးအဆင့် တစ်နိုင်ငံလုံးကို လွှမ်းခြုံတဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးဖို့ပဲ ကျန်တော့တယ်။ ဒီအချိန်မှာ ဒါကြောင့်တွေ့တာပါ။ ဘယ်သူ့ခရီးစဉ်ကြောင့်၊ ဘယ်ဝါခရီးစဉ်ကြောင့် လုပ်တာ မဟုတ်ပါဘူး။ သို့သော်လည်း လာမယ့်နိုဝင်ဘာလမှာ summit နဲ့ပတ်သက်ပြီး သမ္မတကြီးက ပြည်ပခရီးစဉ်တွေ အများကြီးရှိတဲ့အတွက် ကျွန်တော်တို့က ဒီအောက်တိုဘာလအတွင်းမှာ ပြီးပြတ်ဆောင်ရွက်တာ ဖြစ်ပါတယ်။ ဒါမှလည်းတစ်ခုတည်း မဟုတ်ဘူး။ နောက်ထပ် ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်တဲ့ ရလဒ်ပေါ်မူတည်ပြီး ကျွန်တော်တို့က ဆောင်ရွက်သွားမယ်။ ကျွန်တော်တို့က ဘယ်သူ့ခရီးစဉ်ကြောင့်မှ လုပ်တာမဟုတ်ဘူး။
■ ဆွေးနွေးပွဲကတစ်ဆင့် ဘုံသဘောတူညီချက် ရရှိခဲ့သလား မေးခွန်းအပေါ် ဖြေကြားချက်။
ဘုံသဘောတူညီချက် ရမယ်ဆိုတဲ့ အချက်အပေါ်တော့ လက်မခံပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီမှာရှိနေတဲ့ အဖွဲ့အစည်းတွေ အားလုံးက မြန်မာနိုင်ငံမှာ ဒီမိုကရေစီဖြစ်ထွန်းအောင် လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်နေတာမို့ ဒီဘုံသဘောတူညီချက်က အားလုံးရပြီးသားပါ။ အခုကျွန်တော်တို့ ပြောနေဆိုနေကြတယ်ဆိုတာက နည်းနာပိုင်းမှာသာ ကျွန်တော်တို့က တစ်ယောက်နဲ့တစ်ယောက် ကွဲလွဲမှုတွေ ရှိတဲ့အတွက်ကြောင့် ဆွေးနွေးကြတာပါ။ ဒါကြောင့်မို့ ကျွန်တော်တို့က ဘုံသဘောတူညီချက်က ရှိပြီးသား။ အခုဆွေးနွေးပွဲက အဲဒီဘုံသဘောတူညီချက်ကို အကောင်အထည်ဖော်ဖို့အတွက် ပိုမိုကောင်းမွန်တဲ့ နည်းနာတစ်ရပ်ထွက်ဖို့ အထောက်အကူပြုတယ်လို့ ကျွန်တော်တို့ ပြောရမှာပါ။
■ လေးပွင့်ဆိုင်ဆွေးနွေးပွဲ ထပ်ဖြစ်လာနိုင်သလားနှင့် သမ္မတအနေဖြင့် နောက်ထပ်ရွေးကောက်ပွဲ ၀င်ပြိုင်ရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းအပေါ် ဖြေကြားချက်။
ကျွန်တော်တို့ လေးပွင့်ဆိုင်ဆိုတဲ့စကားကို စပြီးပြောတဲ့ အချိန်ကတည်းက ကျွန်တော်တို့ ပြည်ထောင်စုအစိုးရအနေနဲ့ ပြန်ပြောခဲ့တာ ရှိပါတယ်။ မြန်မာ့နိုင်ငံရေးသည် အားလုံးပါဝင်ပတ်သက်တဲ့ နိုင်ငံရေးဖြစ်တဲ့အတွက်ကြောင့် ဒီနေ့တွေ့တဲ့ အင်အားစုငါးဖွဲ့ကို ဆွေးနွေးပွဲလုပ်တယ်။ ရှေ့ဆက်ပြီး ဘယ်လိုဖြစ်မလဲဆိုတော့ ဒီငါးဖွဲ့ဆိုတဲ့ မူဘောင်ထဲကပဲ ဖြစ်မှာပါ။ သမ္မတကြီးနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်လောလောဆယ် ဘာမှမပြောနိုင်သေးပါဘူး။
■ အပစ်အခတ်ရပ်စဲရေးအပေါ် အဓိကထားဆွေးနွေးသလား မေးခွန်းအပေါ် ဖြေကြားချက်။
ပထမဆုံးကတော့ အဓိကထား ဆွေးနွေးခဲ့တာက ဒီကြားထဲမှာ ဆွေးနွေးနေတဲ့အချိန်မှာပဲ တချို့နေရာလေးတွေမှာ ပဋိပက္ခဖြစ်နေတာတွေ ရှိတဲ့အတွက်ကြောင့် ဒီဟာကို ပါဝင်တဲ့တပ်ဖွဲ့တွေအားလုံးက အပစ်အခတ်ရပ်စဲရေး ကတိက၀တ်တွေကို သဘောတူဖို့လိုတယ် ဆိုတာကို တော်တော်များများက ထောက်ပြပြီး ဆွေးနွေးခဲ့ပါတယ်။ နောက်တစ်ခုကတော့ ကျွန်တော်ရှင်းပြတဲ့အထဲမှာ ပါပြီးပြီပဲ။ အရေးကြီးဆုံးက အပစ်အခတ်ရပ်စဲရေးကို အမြန်ဆုံး လက်မှတ်ထိုးနိုင်ဖို့ ပြီးတော့မှ အဲဒီအပေါ်ကတစ်ဆင့် စောင့်ကြည့်တဲ့ တပ်နေရာချထားတဲ့ ပုံစံပေါ်လာဖို့ အရေးကြီးတယ်။ ငြိမ်းချမ်းရေးက ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ အရေးကြီးဆုံး ကဏ္ဍကပါတယ်။ ဒီမှာလည်း အားလုံးက ဘာကိုသဘောတူလဲဆိုတော့ အလျှော့အတင်းလုပ်ဖို့၊ စိတ်ရှည်သည်းခံဖို့ကို အားလုံးက သဘောတူခဲ့ကြတယ်။ ကျွန်တော်ထင်တယ်။ ဒါတွေပြီးသွားလို့ရှိရင်တော့ ကျွန်တော်တို့ ဒီထက်ကောင်းတဲ့ ရလဒ်တွေ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာပေါ် ထွက်လာမယ်လို့ ထင်ပါတယ်။
■ သမ္မတ အိုဘားမား၏ ဖုန်းဆက်မှုနှင့် ယခုဆွေးနွေးပွဲ သက်ဆိုင်ခြင်း ရှိ၊ မရှိ အပေါ် ဖြေကြားချက်။
မဆိုင်ပါဘူးဗျ။ သမ္မတကြီးဆီကို သမ္မတအိုဘားမားက ဖုန်းဆက်လာပါတယ်။ မနေ့ညက ဆက်တဲ့အခါကျတော့ သူတို့အရင်တုန်းက ခရီးစဉ်မှာ ဆွေးနွေးခဲ့တဲ့ အချက်တွေအပေါ် မူတည်ပြီးတော့မှ အဓိကကတော့ ကျွန်တော်တို့ရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် အခြေအနေတွေ၊ အရင်ခရီးစဉ်မှာ သဘောတူထားတဲ့ ကိစ္စတွေအပေါ် နှစ်ဖက်ဆောင်ရွက်ထားမှု အခြေအနေတွေ၊ နောက်ကျွန်တော်တို့ရဲ့ ငြိမ်းချမ်းရေး ဆောင်ရွက်မှုအပေါ် အမေရိကန်နိုင်ငံအနေနဲ့ အပြည့်အ၀ ထောက်ခံအားပေးတယ်ဆိုတဲ့ အချက်တွေအပေါ်မှာပဲ ဆွေးနွေးခဲ့ကြပါတယ်။
■ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ကိုယ်စားလှယ်အား ဆွေးနွေးပွဲသို့ အဘယ့်ကြောင့် မဖိတ်ခေါ်သလဲ မေးမြန်းမှုအပေါ် ဖြေကြားချက်။
ဒါက ကျွန်တော်တို့က ငြိမ်းချမ်းရေးက ဟိုဘက်မှာ ဆွေးနွေးနေတယ်။ ကျွန်တော်တို့က တကယ်လို့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ခဲ့ရင် ဒီဘက်မှာ နိုင်ငံရေးဆွေးနွေးဖို့အတွက် လွှတ်တော်ထဲကို ရောက်လာမယ်။ သွားတာက ဆွေးနွေးတဲ့ ဘောင်ချင်းက မတူဘူး။ ဟိုဟာကကျတော့ ငြိမ်းချမ်းရေး အပစ်အခတ်ရပ်စဲရေးအတွက် စဆွေးနွေးတာ။ ဒီဘက်ကကျတော့ အပစ်အခတ်ရပ်စဲရေး၊ နိုင်ငံရေး ဆွေးနွေးပွဲ အပါအ၀င် ခုနပြောတဲ့ ရွေးကောက်ပွဲကျင်းပရေး ကိစ္စတွေရော၊ နိုင်ငံရေးတည်ငြိမ်ဖို့ ကိစ္စတွေရော ဒီဟာတွေကို ဆွေးနွေးတာဖြစ်တယ်။ ဒါပေမဲ့ ဒီဘက်မှာပါတဲ့ နိုင်ငံရေးပါတီတွေက ၀ိုင်းဝန်းပြောကြတယ်။ ဦးခွန်ထွန်းဦးဆိုရင် ရှမ်းတိုင်းရင်းသား အဖွဲ့တွေနဲ့ ဆက်သွယ်တာရှိပါတယ်။ ဘာကြောင့် မဖိတ်လဲပြောရင် သွားတဲ့ဟာနဲ့ ဆွေးနွေးတဲ့ level ကွာခြားတဲ့အတွက် မပါတာပါ။
■ ဆွေးနွေးပွဲ၌ ကာကွယ်ရေးဦးစီးချုပ်က အဓိကပြောကြားခဲ့သော အကြောင်းအရာအပေါ် မေးမြန်းချက်အား ဖြေကြားမှု။
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကတော့ ကျွန်တော်တို့ ပထမဆုံး ပြောတာကတော့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေမှာ တပ်မတော်အနေနဲ့ အပြည့်အ၀ ပါဝင်နေတယ်ဆိုတာ ပြောပါတယ်။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ တပ်မတော်အနေနဲ့ စိတ်ရှည်သည်းခံပြီးတော့ ဆောင်ရွက်တယ်။ သို့သော် တစ်ဖက်ကလည်း အားလုံးက စည်းကမ်းကို လိုက်နာဖို့လိုတယ်ဆိုတာ ပြောပါတယ်။ နောက်ပြီးတော့ကိစ္စတွေ ဆောင်ရွက်တဲ့အခါမှာ နိုင်ငံရေး ပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့၊ ထိပ်တိုက်တွေ့ဆုံမှုတွေ ရှောင်ရှားဖို့၊ ဥပဒေအရပြုတဲ့ အခါမှာလည်း မဲဆန္ဒအများစုနဲ့ လူနည်းစုရဲ့ သဘောတူညီချက်၊ လူနည်းစုရဲ့ ဆန္ဒတွေဟာလည်း ဥပဒေနဲ့ ညီညွတ်လို့ရှိရင် အလေးဂရုပြုပြီးတော့ တူညီသော ဆန္ဒရယူပြီးတော့မှ ကျွန်တော်တို့ ဆောင်ရွက်ဖို့ နောက်တစ်ခါ ဒီကနေ့အချိန်မှာ အခြေခံလိုအပ်ချက်က တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေ စိုးမိုးရေးဖြစ်တဲ့ အတွက်ကြောင့် အဲဒီအချက်တွေ ၀ိုင်းပြီးတော့မှ ပူးပေါင်းဆောင်ရွက်ကြဖို့ နောက်တစ်ခါ လက်နက်ကိုင် ပဋိပက္ခတွေဟာ ပြည်သူအားလုံးကို ဒုက္ခရောက်စေတဲ့ တစ်ဖက်ကလည်း နိုင်ငံရေးအမြင် ကွဲပြားမှုကို လက်နက်ကိုင်နည်းလမ်းနဲ့ ဖိအားပေး ကြိုးပမ်းခြင်းကလည်း နိုင်ငံတော်ရဲ့ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုများကို ထိခိုက်စေတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ ငြိမ်းချမ်းရေးကို ဖော်ဆောင်ဖို့လိုတယ်။ ဒါကြောင့်မို့ တပ်မတော်အနေနဲ့ ငြိမ်းချမ်းရေးအတွက် မူဝါဒခြောက်ခုကို ထုတ်ပြန်ထားတာ ဖြစ်ပါတယ်လို့ အဓိကအားဖြင့် ကျွန်တော်တို့ ငြိမ်းငြိမ်းချမ်းချမ်း ဆောင်ရွက်ဖို့နဲ့ တပ်မတော်အနေနဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေမှာ အပြည့်အ၀ ပါဝင်ဆောင်ရွက်မယ်လို့ ပြောပါတယ်။

Credit - Eleven Media Group
No comments:
Post a Comment