ရန်ကုန်၊ အောက်တိုဘာ ၂၈
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေသည်
တိုင်းရင်းသား လူမျိုးစု အရေးကိစ္စနှင့် ပဋိပက္ခများကို ဖြေရှင်း၍ လုံးဝ
မရနိုင်ကြောင်း၊ တစ်နေ့တစ်ခြား ထင်ရှားလာသည့်အပြင် အမျိုးသား
တန်းတူရေးနှင့် ဒီမိုကရေစီရေး သည်လည်း တိုးတက် ဖြစ်ထွန်းမလာခဲ့ကြောင်း
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၏ ပါတီတည် ထောင်ခြင်း ၂၆
နှစ်ပြည့်အဖြစ် အောက်တိုဘာ ၂၆ ရက်တွင် ထုတ်ပြန်သည့် ထုတ်ပြန် ကြေညာချက်၌
ထည့်သွင်း ဖော်ပြသည်။
အဆိုပါ ထုတ်ပြန် ကြေညာချက်တွင်
မြန်မာနိုင်ငံသည် လွတ်လပ်ရေး ရပြီးနောက်ပိုင်း ဖြစ်ပွားခဲ့ သည့် ပြည်တွင်း
စစ်ကို ချုပ်ငြိမ်းအောင် မစွမ်းဆောင်နိုင်ခြင်းမှာ တစ်ဖက်နှင့်တစ်ဖက်
နားလည်မှု၊
အသိအမှတ်ပြုမှု၊ ယုံကြည်မှု အားနည်းချက်များကြောင့် ဖြစ်ကြောင်း၊
နိုင်ငံတစ်ဝန်း တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်ရန် ပြည်တွင်း ငြိမ်းချမ်းရေးမှာ
မရှိမဖြစ် လိုအပ်သည့်အတွက် အမျိုးသား ပြန်လည် သင့်မြတ်ရေးကို
အကောင်အထည်ဖော် ရန် နိုင်ငံရေး ပြဿနာများကို တွေ့ဆုံဆွေးနွေးခြင်း
နည်းလမ်းဖြင့်သာ ဖြေရှင်း သွားရမည် ဖြစ်ကြောင်း စသည်တို့ ပါဝင်သည်။
““ကျွန်တော်တို့ မကြိုက်ပါဘူး။ အမျိုးသားပြန်လည် သင့်မြတ်ရေး ကိစ္စတွေ
မပါပါဘူး ဖွဲ့စည်းပုံထဲမှာ။ နောက်ပြီးတော့ တပ်က အာဏာ သိပ်အများကြီး
ယူထားတဲ့ သဘောရှိတယ်။ မကြိုက်တာက တစ်ပိုင်းပေါ့ဗျာ။ လိုက်နာရမှာက
တစ်ပိုင်းပေါ့။ မကြိုက်တာနဲ့ မလိုက်နာတာနဲ့ မတူပါဘူး။ ကျွန်တော်တို့
အားလုံးက ဥပဒေ ဘောင်ထဲမှာ နေတာပဲဗျာ။ ဥပဒေက သတ်မှတ်ထားတာ””ဟု SNLD ပါတီ
အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က မြန်မာသံတော်ဆင့်သို့ ပြောသည်။
ထို့အတူ ဒီမိုကရေစီ နည်းလမ်းဖြင့် တိုင်းရင်းသား ပြည်သူလူထု၏ ဆန္ဒနှင့်အညီ
တရားမျှတစွာ ရေးဆွဲ ထားသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတစ်ရပ်
ပေါ်ပေါက်ရေးသည်လည်း အလွန်ပင် အရေးကြီးသော အချက်ဖြစ်ကြောင်းလည်း ထည့်သွင်း
ဖော်ပြထားသည်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်
တည်ထောင်ခြင်း(၂၆) နှစ်ပြည့် အခမ်းအနားသို့ အဆိုပါ အဖွဲ့ချုပ် ဥက္ကဋ္ဌ
ဦးခွန်ထွန်းဦး ပေးပို့သည့် သ၀ဏ်လွှာတွင် စစ်အစိုးရအနေဖြင့် အာဏာရှင်စနစ်
တည်မြဲရေးသို့သာ ဦးတည် လုပ်ဆောင်ခဲ့တဲ့အတွက် SNLD သည် ၂၀၀၄ ခုနှစ်တွင်
အမျိုးသား ညီလာခံကို ကျောခိုင်းခဲ့ကြောင်း၊ ယင်းအချက်က SNLD အနေဖြင့် ၂၀၀၈
ဖွဲ့ စည်းပုံ အခြေခံဥပဒေကို လုံးဝလက်မခံသည်ကို ပြသ လိုက်ခြင်း ဖြစ်ကြောင်း၊
ပြည်ထောင်စုကြီး၏ အကျိုးကို ပွင့်လင်း လွတ်လပ်စွာ တန်းတူရည်တူ
လက်တွဲဆောင်ရွက် နိုင်ရန် အတွက် SNLD ၏ မူလ ရည်မှန်းချက်အတိုင်း
ဖွဲ့စည်းပုံ အခြေခံဥပဒေသစ် ပေါ်ပေါက်ရေးကို ၀ိုင်းဝန်း ဆောင်ရွက်ကြရန် SNLD
ပါတီ၏ (၂၆)နှစ်ပြည့် အထိမ်းအမှတ်တွင် မှတ်မှတ်သားသား ဖြစ်စေရန် တိုက်တွန်း
ထားကြောင်းတို့ ပါရှိသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို
လက်ခံသင့်၊ မခံသင့်ကိစ္စနှင့် ပတ်သက်၍ ““၂၀၀၈ မပြင်မချင်းကို တိုင်းရင်းသား
စည်းလုံးညီညွတ်ရေးလည်း မရနိုင်ဘူး။ ငြိမ်းချမ်းရေးလည်း မရနိုင်ဘူး။
ဒီမိုကရေစီရေးလည်း မရနိုင်ဘူး။ ၂၀၀၈ ကို မပြင်မချင်းကတော့ ရွေးကောက်ပွဲ
ဝင်တဲ့ လူတွေဟာ တော်တော်မိုက်တဲ့ လူတွေလို့ ကျွန်တော်ထင်တယ်။
ဒီမိုကရေစီအရေး မဟုတ်ဘဲနဲ့ ကိုယ်နေရာ ရရှိရေးပေါ့လေ။ အဲဒီတော့ ၂၀၁၅
ရွေးကောက်ပွဲဟာ ၂၀၀၈ ကို မပြင်ဆင်ဘဲနဲ့၊ တပ်မတော်သား ၂၅ ရာခိုင်နှုန်းကို
မဖယ်ရှားဘဲနဲ့ကတော့ ဘယ်တော့မှ တန်းတူရေး မရနိုင်တဲ့အတွက် မြန်မာနိုင်ငံဟာ
ဒီမိုကရေစီရေးလည်း မရနိုင်ဘူး။ ရင်ကြား စေ့ရေးလည်း မရနိုင်ဘူး။
ငြိမ်းချမ်းရေးလည်း မရနိုင်ဘူးဆိုတာ ကျွန်တော်က အပြည့်အ၀ ယုံကြည်တယ်”” ဟု
၁၉၉၀ ရွေးကောက်ပွဲ အမတ်များအဖွဲ့မှ ဦးပီတာလင်းပင်က မြန်မာသံတော်ဆင့်သို့
ပြောသည်။
ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ၏
ပါတီတည်ထောင်ခြင်း (၂၆)နှစ်ပြည့် အခမ်းအနားကို ရန်ကုန်မြို့၊ မရမ်းကုန်း
မြို့နယ်ရှိ ပါတီရုံးချုပ်တွင် ပြုလုပ်ခဲ့သေးသည်။
MH-0030
မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald
No comments:
Post a Comment