Friday, October 31, 2014

သမ္မတ၊ ပြည်ထောင်စုလွှတ်တော်နာယက၊ ကာကွယ်ရေးဦးစီးချုပ်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေးပါတီများကိုယ်စားပြု

သမ္မတ၊ ပြည်ထောင်စုလွှတ်တော်နာယက၊ ကာကွယ်ရေးဦးစီးချုပ်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေးပါတီများကိုယ်စားပြု
ခေါင်းဆောင်များပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပ
အောက်တိုဘာလ ၃၁ ရက် (ယနေ့) နံနက် ၉ နာရီ ၃၀ မိနစ်မှ စတင်၍ နေပြည်တော် သမ္မတအိမ်တော်ရှိ ငုရွှေဝါခန်းမတွင် သမ္မတ၊ ပြည်ထောင်စုလွှတ်တော်နာယက၊ ကာကွယ်ရေးဦးစီးချုပ်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေးပါတီများကိုယ်စားပြု ခေါင်းဆောင်များပါဝင်သည့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်နေကြောင်း သတင်းရရှိသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ သမ္မတဦးသိန်းစိန်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်(ဥက္ကဋ္ဌ၊ NLD ပါတီ)၊ သူရဦးရွှေမန်း(နာယက၊ ပြည်ထောင်စုလွှတ်တော်)၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၊ ဒုတိယသမ္မတ ဦးဉာဏ်ထွန်း၊ ဦးခင်အောင်မြင့် (ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်)၊ ဦးတင်အေး (ဥက္ကဋ္ဌ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်)၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ဦးဋ္ဌေးဦး (ဒုဥက္ကဋ္ဌ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ)၊ UNA ကိုယ်စားပြုအဖြစ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး၊ NBF ကိုယ်စားပြုအဖြစ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်း၊ FDAကိုယ်စားပြုအဖြစ် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေ၊ ဦးသိန်းထွန်း (ဗဟိုအလုပ်အမှုဆောင်၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ)၊ တို့ပါဝင်တက်ရောက်ကြောင်း သိရသည်။
မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးတွင် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်၊ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးခြင်းဖြင့် မြန်မာနိုင်ငံ၏ ပစ္စုပ္ပန်နှင့် အနာဂတ်အရေးတို့တွင် ကြီးစွာအကျိုးဖြစ်ထွန်း နိုင်သည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) နှင့် မိတ်ဖက် တိုင်းရင်းသားပါတီများက ၂ဝ၁၄ခုနှစ် ဇူလိုင် ၇ ရက်နေ့တွင် ပူးတွဲသဘောထား ကြေညာချက် ထုတ်ပြန်ခဲ့သည်။
အလားတူ ၂ဝ၁၃ ခုနှစ် နိုဝင်ဘာလကလည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရာတွင် အဆင်ပြေချောမွေ့စေရန်အတွက် လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရန် သမ္မတထံသို့မေတ္တာရပ်ခံစာ ပေးပို့ခဲ့ရာ သမ္မတက ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာ ထွက်ရှိပြီးမှသာ လေးပွင့်ဆိုင်တွေ့ဆုံမှုကို စဉ်းစားသင့်ကြောင်း သဘောထားမှတ်ချက် ပေးခဲ့သည်။
ယခုတွေ့ဆုံပွဲနှင့် ပတ်သက်၍ သတင်းမီဒီယာများအား ဓာတ်ပုံရိုက်ခွင့်သာ ခွင့်ပြုခဲ့ပြီး ဆွေးနွေးမှုနှင့် ပတ်သက်၍ သီးခြားသတင်းစာရှင်းလင်းပွဲကို ပြန်ကြားရေး ၀န်ကြီးဌာနတွင် ပြုလုပ်မည်ဟု သိရှိရသည်။
ယခုဆွေးနွေးပွဲမတိုင်မီ သမ္မတ ဦးသိန်းစိန်နှင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့အား အမေရိကန် သမ္မတ အိုဘားမားက အောက်တိုဘာ ၃၀ ရက်က တယ်လီဖုန်းဖြင့် သီးခြားစီ ဆက်သွယ် ပြောဆိုခဲ့သည်ဟု အိမ်ဖြူတော်မှ ထုတ်ပြန်ခဲ့ကြောင်း Reuters နှင့် AP သတင်းဌာနတို့၏ ဖော်ပြချက်အရ သိရသည်။
အိုဘားမားက သမ္မတဦးသိန်းစိန်နှင့် ဆက်သွယ်ပြောဆိုရာတွင် ရခိုင်ပြည်နယ်တွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူညီပေးမှုများ ပိုမိုခိုင်မာအောင် လုပ်ဆောင်ရန်၊ လက်ရှိဖြစ်ပေါ်နေသော တင်းမာမှုများအား ဖြေရှင်းရန်၊ လာမည့်နှစ်တွင် ကျင်းပမည့်ရွေးကောက်ပွဲလုပ်ငန်းစဉ်နှင့်ပတ်သက်၍ ယုံကြည်စိတ်ချနိုင်စွမ်းရှိသော ရွေးကောက်ပွဲဖြစ်စေရန် အလေးအနက်ထား တိုက်တွန်းခဲ့ကြောင်းသိရသည်။
အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်ပြောကြားရာတွင် လာမည့်နှစ်တွင် ပြုလုပ်မည့်ရွေးကောက်ပွဲနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်းနှင့် မြန်မာနိုင်ငံ၏ လက်ရှိ နိုင်ငံရေး၊ စီးပွားရေး အပြောင်းအလဲများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်းသိရသည်။
လတ်တလော အခြေအနေ၌ မြန်မာ့နိုင်ငံရေး နောက်ပြန်သွားနေခြင်း၊ ပြုပြင်ပြောင်းလဲရေး နှောင့်နှေးနေခြင်း၊ ဂျာနယ်လစ်များ ဖမ်းဆီးထောင်ချခံနေရခြင်း၊ ကိုပါကြီး ကိစ္စကဲ့သို့ လူ့အခွင့်အရေး ဆုံးရှုံးမှု စသည်တို့အပေါ် အစိုးရနှင့် တပ်မတော်အား ဝေဖန်မှုများ မြင့်တက်နေချိန်တွင် ယခုကဲ့သို့ နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခြင်းလည်း ဖြစ်သည်။
မြန်မာနိုင်ငံသည် ယခုနှစ်တွင် အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသောကြောင့် အာဆီယံထိပ်သီး အစည်းအဝေးကို နေပြည်တော်၌ နိုဝင်ဘာ ၁၂ ရက်တွင် စတင်မည်ဖြစ်ပြီး အမေရိကန်သမ္မတ အိုဘားမား အနေဖြင့် မြန်မာနိုင်ငံသို့ နိုဝင်ဘာ ၁၂ ရက်တွင် လာရောက်မည်ဟု သတင်းရရှိသည်။

Credit - Eleven Media Group

No comments:

Post a Comment