Written By - စိုးခိုင်ညိန်း
လူဖြစ်လာပြီဆိုတာနဲ့
နာမည်တစ်ခုတော့ မဖြစ်မနေရှိရသည်။ လူအချင်းချင်းပေါင်းသင်းဆက်ဆံတဲ့အခါ
ခေါ်ဝေါ်ဖို့လွယ်ကူစေခြင်းငှာ လူတစ်ယောက်ကို အမည်နာမတစ်ခုကို
ပညတ်သတ်မှတ်ပေးရခြင်းဖြစ်လေသည်။
ထိုနာမည်၏ ကောင်းခြင်း၊ ဆိုးခြင်း၊
ကျော်ဇောခြင်း၊ ဂုဏ်သတင်းမွှေးခြင်း စတဲ့ကိစ္စတွေက ထိုနာမည်ပိုင်ဆိုင်သောလူ၏
တာဝန်ပဲဖြစ်လေသည်။ ထိုလူတစ်ယောက်၏လုပ်ရပ်များအပေါ်မူတည်ပြီး နာမည်သည်
ထင်ပေါ်ကျော်ဇောနိုင်လေသည်။ ထိုလူတစ်ယောက်သည် ကောင်းတဲ့လုပ်ရပ်များလုပ်လျှင်
ထိုနာမည်သည်လည်း ကောင်းသတင်းဖြင့် မွှေးပျံ့နေပေလိမ့်မည်။
ထိုလူတစ်ယောက်မကောင်းတာလုပ်လျှင်လည်း မကောင်းမှုဖြင့် ကျော်ကြားပေလိမ့်မည်။
ထိုလူတစ်ယောက်သည် သာမန်လူတစ်ယောက်ဖြင့် နေထိုင်သွားပါကလည်း ထိုနာမည်သည်လည်း
သာမန်ပဲ လူမသိသူမသိ ပျောက်ကွယ်သွားပေလိမ့်မည်။
လူတစ်ယောက်၏နာမည်သည်
ထိုလူတစ်ယောက်၏လုပ်ဆောင်မှုတန်ဖိုးနှင့် တိုင်းတာဆုံးဖြတ်ကြလေသည်။ စာရေးဆရာ
ဗန်းမော်တင်အောင်က သူမကွယ်လွန်ခင် ၁၉၇၈ ခုနှစ်၊ အောက်တိုဘာ ၂၀ ရက်တွင်
သူ၏သားဖြစ်သူ ကိုဗဟိန်းအောင်ကိုပြောကြားခဲ့သော
သမိုင်းဝင်စကားတစ်ခွန်းရှိပါသည်။ "လူတစ်ယောက်ရဲ့တန်ဖိုးဟာ
သူဖြတ်သန်းကျော်လွှားနေတဲ့ခေတ်ကြီးက သူ့ပခုံးပေါ်တင်ပေးလိုက်တဲ့
သမိုင်းတာဝန်ကို သူဘယ်လောက် သယ်ပိုင်းထမ်းဆောင်ခဲ့တယ်ဆိုတဲ့အချက်နဲ့
တိုင်းတာရမှာပဲ" ဆိုတဲ့စကားဖြစ်ပါသည်။ လူတိုင်းတွင် သူဖြတ်သန်းရာတွင်
ခေတ်အသီးသီးက သူ့အပေါ်တင်ပေးလိုက်သော သမိုင်းပေးတာဝန်များကတော့
အသီးသီးရှိကြပြီးသားဖြစ်သည်။ ထိုတာဝန်များကို လူတိုင်းကျေပွန်အောင်
ထမ်းဆောင်နိုင်ကြသည်တော့မဟုတ်ပါ။ ထိုသမိုင်းပေးတာဝန်များကို
ကျေပွန်စွာထမ်းဆောင်ရင်း သေဆုံးသွားကြသောသူတို့၏ နာမည်များကတော့ လေထဲမှာ
ထာဝရတည်ရှိ ကျန်ရှိနေခဲ့တာမျိုးဖြစ်သည်။
သည်ဘက်ခေတ်နောက်ပိုင်းတွင်
သေဆုံးပြီးကြသောလူများ၏ အထိမ်းအမှတ်ပွဲများ၊ အမှတ်တရလုပ်ဆောင်တဲ့ပွဲများ
ခပ်စိပ်စိပ်တွေ့ရလာပြီဖြစ်သည်။ သခင်ကိုယ်တော်မှိုင်း အမှတ်တရပွဲ၊ ဆရာဇော်ဂျီ
အမှတ်တရ၊ ဆရာမင်းသုဝဏ် အမှတ်တရ၊ ဆရာဒဂုန်တာရာ အမှတ်တရ၊ လူထုဒေါ်အမာ
အမှတ်တရ၊ ဟံသာဝတီဦးဝင်းတင် အမှတ်တရ စသည်ဖြင့် အမှတ်တရပွဲတွေ
လုပ်ဆောင်ကြသည်။ နောက်ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်ပွဲကို
စည်းစည်းကားကားလုပ်ဖို့ စီစဉ်နေကြပေပြီ။ ခေတ်တစ်ခေတ်တွင် ထိုသူ၏လုပ်ဆောင်မှု
ကြီးမြတ်မှု၊ တန်ဖိုးရှိမှုတို့ကြောင့် ကျန်ခဲ့သူများက
ဆုံးရှုံးမှုတစ်ရပ်အနေနဲ့ လွမ်းမောတသအမှတ်တရပွဲများ လုပ်ဆောင်ကြတာဖြစ်သည်။
ထိုကဲ့သို့သောလူများသည် လူသာသေသွားသော်လည်း သူတို့၏နာမည်များသည် လေထဲတွင်
ထာဝရလွင့်ဝဲ တည်မြဲနေပေဦးမည်။
ကမ္ဘာတွင်လည်း အေဗရာဟင်လင်ကွန်းကို
လွမ်းတုန်းပဲရှိသေးသည်။ မာသာထရီဇာကို အခုချိန်ထိ ပြောလို့မပြီးသေး။
အန်နက်စတိုချေဂွေဗားရားကို အားကျတမ်းတလို့ ကောင်းတုန်းပဲရှိသေးသည်။
နယ်လ်ဆင်မင်ဒဲလားကို နှမြောကြတုန်း၊ အယ်လ်ဘတ်အိုင်းစတိုင်းကို
မေ့လို့မရကြသေး၊ မဟတ္တမဂန္ဒီကို ချစ်ကြဆဲရှိသေးသည်။ နော်မန်ဘက်သွန်း၊
မာတင်လူသာကင်း၊ ဟိုချီမင်း၊ ဒေါက်တာရီဇော်၊ ငုယင်ဗန်ထရွိုင်း၊
ဂျူးလီးယက်ဖူးချစ် စတဲ့သူများ၏အမည်များကို မေ့လို့မရကြသေး။
နှစ်စဉ်နှစ်တိုင်း သူတို့သေဆုံးသောနေ့များတွင် အမှတ်တရနဲ့
လွမ်းဆွတ်ကြတုန်းပဲရှိသေးသည်။ ထိုသူများသည် လူသာသေလျက်
နာမည်မသေသောသူများဖြစ်သည်။ ထိုသူတို့သည် သူတို့၏လုပ်ရပ်များနှင့်
မြင့်မြတ်သောစိတ်ထားများကြောင့် သူတို့၏နာမည်ဂုဏ်သတင်းက
ယနေ့တိုင်ကျန်ရှိနေတာဖြစ်သည်။
လူသည် နာမည်ကောင်းဖြင့်ကျော်ကြားသလို
နာမည်ဆိုးများဖြင့် ကျော်ကြားသူများကလည်း အများသားပင်၊ ထိုသူများကိုတော့
လူတို့က အမှတ်တရ သတိတရရှိမနေတတ်ကြပါ။ ဖြစ်နိုင်လျှင်
ထိုသူများ၏နာမည်များကို မေ့ပစ်ချင်ကြသည်။ သို့သော်လည်း
ထိုနာမည်ဆိုးဖြင့်ကျော်ကြားသူများ၏နာမည်များသည် နာကြည်းမှုနဲ့အတူ
လူတို့၏စိတ်ထဲတွင်ရစ်ဝဲ၍ နေတတ်ပြန်ပါသေးသည်။ အမျိုးသားခေါင်းဆောင်ကြီး
ဗိုလ်ချုပ်အောင်ဆန်းကိုလုပ်ကြံသော ဂဠုန်ဦးစောကိုမေ့လို့မရသေးပေမယ့်
ဂဠုန်ဦးစောအမှတ်တရပွဲကတော့ ကျွန်တော်တို့ ဘယ်သူမှမလုပ်ကြပါ။ ကမ္ဘာမှာ
နာမည်ဆိုးဖြင့်ကျော်ကြားသော ဟစ်တလာအမှတ်တရပွဲ ဘယ်သူမှမလုပ်ပါ။ မူဆိုလီနီ၊
စတာလင်၊ ဘင်လာဒင်၊ ဆက်ဒန်ဟူစိန်၊ ကဒါဖီစတဲ့ သူတို့၏အမှတ်တရပွဲများကို
ဘယ်သူမှလုပ်ကြမည်မဟုတ်ပါ။ ဘယ်သူကမှလည်း တသသ လွမ်းဆွတ်နေကြမည်မဟုတ်ပါ။
ကျွန်တော်တို့သည် ကိုယ်ပိုင်ဆိုင်သော ကိုယ့်နာမည်ကို
ကိုယ်ကြိုက်တဲ့ပုံစံဖြင့်ထားခဲ့နိုင်ပါသည်။ ကျန်ခဲ့မည့်ကိုယ့်နာမည်သည်
ကိုယ်ပြုမူလုပ်ဆောင်ခဲ့သောလုပ်ရပ်များ၏ အကျိုးဆက်များအနေဖြင့်
ဆက်လက်ကျန်နေခဲ့ပေလိမ့်မည်။ နာမည်ကောင်းဖြင့်ကျန်ခဲ့ချင်သလား၊
နာမည်ဆိုးဖြင့်ကျန်ခဲ့ချင်သလား၊ သာမန်လေးပဲ လူမသိသူမသိ ကျန်ခဲ့ချင်သလား
ကိုယ်ကြိုက်ရာရွေးချယ်နိုင်ပါသည်။
ကိုယ်လျှောက်လှမ်းခဲ့သောလမ်းမှာ
ကျွန်တော်တို့၏ခြေရာများသည် တစ်ခုခုတော့ကျန်နေခဲ့ပေလိမ့်မည်။ အမည်နာမကို
ကိုယ့်မိဘကပေးထားတဲ့အတိုင်းလေးပဲ ကျေနပ်နေမည်ဆိုလျှင် ထိုနာမည်သည်
ရှိပြီးသားနာမည်အဆင့်မှာပင် ရပ်တည်နေပါလိမ့်မည်။ မိဘပေးထားသောနာမည်ကို
ဆက်လက်ရှင်သန်ကျန်ရစ်ဖို့ကိစ္စက နာမည်ပိုင်ရှင်၏တာဝန်ဖြစ်လေသည်။
နာမည်ကောင်းတစ်ခုရဖို့သည် ခဏခြင်းအချိန်တိုအတွင်းမှာ ဖြစ်ပေါ်နိုင်သည်မဟုတ်၊
သူ၏လုပ်ဆောင်မှုနှင့် နှစ်ပေါင်းမြောက်မြားစွာ မြှုပ်နှံထားရလေသည်။
ထိုသူတစ်ယောက်သည် သေမှနာမည်ကြီးနိုင်သလို မသေခင်ကလည်း
ထိုသူ၏လုပ်ဆောင်မှုများကြောင့် နာမည်ကြီးနိုင်လေသည်။ ယခုနှစ်မှာ
ငြိမ်းချမ်းရေးနိုဘယ်ဆုချီးမြှင့်ခံရသော မာလာကယူဆွတ်ဇိုင်သည်
ကမ္ဘာကျော်သွားလေပြီ။ သူမသည် အခုမှ ၁၇ နှစ်သာရှိသေးသည်။ သူမ၏နာမည်ကတာ့
လူတိုင်း၏ပါးစပ်ဖျားသို့ ရောက်သွားပေပြီ။ အခုရက်ပိုင်းလေးမှာပဲ သူမကို
အမေရိကန်ကချီးမြှင့်သည့် လွတ်လပ်ရေးရွှေဆုကို ထပ်မံချီးမြှင့်ခံရသည်။
ထို့အတူပင် ဒီနှစ်အတွင်းမှာပဲ IS အဖွဲ့သည်လည်း နာမည်ဆိုးဖြင့်
ကျော်ကြားလာလေသည်။ ထိုကဲ့သို့သောကျော်ကြားမှုကိုတော့ ကမ္ဘာကပင်စက်ဆုပ်၍
တစ်ကမ္ဘာလုံးကပင်နှိမ်နင်းဖို့ လုပ်ဆောင်နေကြရသည်။
သူတို့၏အမည်ကိုကြားရုံဖြင့် အော့နှလုံးနာကြသည်။
နာမည်ကောင်းများပိုင်ဆိုင်ထားကြသော လူတော်လူကောင်းများသေဆုံးကြတဲ့အခါ
လူအားလုံး နှမြောတသဖြစ်ကြရသည်။ ကျန်ခဲ့တဲ့ကျွန်တော်တို့က သူတို့ကို
သတိရနေရုံသာမဟုတ်ဘဲ သူတို့၏စိတ်ဓာတ်၊ ကြိုးစားအားထုတ်မှုများကို
စံနမူနာတစ်ခုအဖြစ် အတုယူကြိုးစားမှ သူတို့ကိုပိုပြီး
ဂုဏ်ပြုရာရောက်ပေလိမ့်မည်။
နာမည်ဂုဏ်သတင်းတို့နှင့်ပတ်သက်၍
သုံးလောကထွတ်ထား မြတ်စွာဘုရား၏မှတ်ချက်စကားတစ်ခုရှိပါသည်။
"သတ္တ၀ါတို့၏ရုပ်ခန္ဓာသည်သာ နှစ်ပေါင်းရာထောင်ကြာလျှင်
ဆွေးမြည့်ပျက်စီးနိုင်ရာ၏။ ထိုရုပ်ခန္ဓာတို့၌ တည်မှီသော နာမည်ဂုဏ်သတင်း၊
အမျိုးအနွယ် ဘွဲ့နာမည်တို့သည်ကား ကမ္ဘာကုန်ခန်းကာလတွေ ကုန်လွန်သော်လည်း
ဥဒါန်းမော်ကွန်းတင်ရှိ၍ ဆွေးမြည့်ပျက်စီးခြင်းမရှိနိုင်" ဟူ၍ဖြစ်သည်။
လူတို့၏ ကိုယ်ခန္ဓာတို့သည်သာ ပျောက်ကွယ်၍ ထိုသူတို့၏နာမည်ဂုဏ်သတင်းများကတော့
ကမ္ဘာတည်သရွေ့ လေထဲ၌ တည်တံ့၍နေပေလိမ့်မည်။
နာမည်တစ်လုံးကို
မပျောက်ပျက်aအာင် ကျောက်စာ၌ရိုက်ထွင်းပြီးထားခဲ့၍မရနိုင်။ ထိုသူ၏
အကျင့်စာရိတ္တ၊ ကောင်းမြတ်သောစိတ်ထားတို့နှင့် သူ၏အပြုအမူများဖြင့်သာ
နာမည်ကို လူတို့၏နှလုံးသားထဲမှာ(လေထဲမှာ) ရိုက်ထွင်းထားခဲ့ပါမှ
ထာဝရမပျောက်မပျက် တည်ရှိနိုင်ပေလိမ့်မည်။ လူတိုင်းမှာတော့
နာမည်တစ်လုံးကတော့ရှိပြီးသားပင်။ ထိုနာမည်ကို
ဘယ်ပုံစံဖြင့်ထားခဲ့မလဲဆိုတာကတော့ ထိုနာမည်ပိုင်ရှင်၏ ဆန္ဒသဘောအတိုင်းပဲ
ဖြစ်ပေလိမ့်မည်။
Credit - Eleven Media Group
No comments:
Post a Comment