Saturday, November 1, 2014

လိပ်ကျွန်းသူကြီးသား DNA မကိုက်ညီဘူးလို့ ထိုင်းရဲထုတ်ပြန်

ရန်ကုန်၊ နိုဝင်ဘာ ၁

ထိုင်းနိုင်ငံ လိပ်ကျွန်းမှာ ဗြိတိန်နှစ်ဦး အသတ်ခံရမှုမှာ ပါဝင်တယ်လို့ သံသယဖြစ်ခံရသူ လိပ်ကျွန်းသူကြီးသားရဲ့ မျိုးရိုးဗီဇ (DNA)နဲ့ ဗြိတိန် အမျိုးသမီးဆီကရရှိတဲ့ DNA ကိုက်ညီမှု မရှိဘူးလို့ ထိုင်းရဲတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ Pol Lt Gen Prawut Thawornsiri က ပြောဆိုလိုက်ပါတယ်။
လိပ်ကျွန်းသူကြီးရဲ့သား အသက် ၂၂ နှစ်အရွယ် Warot Tuwichian ရဲ့ သွေးနဲ့ တံတွေး မျိုးရိုးဗီဇကို ထိုင်း ရဲတပ်ဖွဲ့ အထွေထွေဆေးရုံ၊ ချူလာလောင်ကွန်း၊ siriraj၊ ramathibodi ဆေးရုံးလေးရုံမှာ စစ်ဆေးခဲ့တာ ဖြစ်ပြီးတော့ မျိုးရိုးဗီဇ ရလဒ်အားလုံးဟာ ကိုက်ညီမှု မရှိဘူးလို့ သူက ပြောတယ်လို့ Bangkok Post သတင်းမှာ ဖော်ပြပါတယ်။

ဗြိတိန်နှစ်ဦး အသတ်ခံရမှုမှာ လိပ်ကျွန်းသူကြီးသား ပါဝင်နိုင်တယ်ဆိုပြီး CCTV မှတ်တမ်းတွေ အပါအဝင် အထောက်အထားတွေနဲ့ အင်တာနက် လူမှုကွန်ရက် စာမျက်နှာတွေမှာ ဝေဖန်နေကြပါတယ်။
ဖမ်းဆီးခံထားသည့် မြန်မာနှစ်ဦးကိုလည်း မျိုးရိုးဗီဇ ပြန်လည် စစ်ဆေးရန် ထိုင်းနိုင်ငံ ဝန်ကြီးချုပ်က ပြောဆိုထားပါတယ်။
မြန်မာနိုင်ငံသားနှစ်ဦးကို မျိုးရိုးဗီဇ ပြန်စစ်သင့် မစစ်သည့် ကိစ္စနဲ့ ပတ်သက်လို့ မြန်မာသံအမတ်၊ မြန်သံရုံးကိုယ် စားလှယ်အဖွဲ့၊ ထိုင်းရှေ့နေများကောင်စီ၊ ထိုင်းအမျိုးသား လူ့အခွင့်အရေး ကော်မရှင်တို့ တွေ့ဆုံဆွေးနွေး ဆုံးဖြတ်မယ်လို့ မြန်မာသံရုံး ကိုယ်စားလှယ်အဖွဲ့ဝင် ဦးမင်းဦးက ပြောပါတယ်။
“DNA စစ်တာက ဘယ်လောက်အထိ ပွင့်လင်းမြင်သာမှု ရှိမလဲ။ ဘယ်ကို ပို့လိုစစ်ဆေးမှာလဲ။ ဘယ်လောက် သေချာမလဲ အဲတာတွေ ဆွေးနွေးမယ်”လို့ သူက ဆိုပါတယ်။
လိပ်ကျွန်းသူကြီးသား DNA စစ်ဆေးတာနဲ့ မြန်မာနှစ်ဦးကို DNA ပြန်စစ်ဆေးမယ်ဆိုတဲ့ နေရာမှာ မွေးခွန်းထုတ်စရာ အခြေအနေ ဖြစ်နေတယ်လို့ လိပ်ကျွန်း လူသတ်မှုအရေး စောင့်ကြည့်နေသူများက သုံးသပ်ကြပါတယ်။
ဗြိတိန် အမျိုးသမီးထံမှ ရယူထားသည့် DNA နှင့် အစစ်ခံရသူတွေဆီက ရယူတယ်ဆိုတဲ့ DNA နှစ်ခုလုံးမှာ အမှန်တကယ် ဟုတ်မဟုတ် မသိနိုင်ဘူးလို့ သူတို့က ထောက်ပြကြပါတယ်။
ဗြိတိန် နိုင်ငံသားနှစ်ဦးဟာ အသတ်ရတဲ့ နောက်ဆုံးညမှာ လိပ်ကျွန်းသူကြီး ပိုင်ဆိုင်တဲ့ AC Bar မှာ လူတချို့နဲ့ ခိုက်ရန် ဖြစ်ပွားခဲ့တယ်လို့ Bangkok Post သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

Credit - The Voice Weekly

No comments:

Post a Comment