Saturday, November 1, 2014

မြန်မာ့နိုင်ငံရေး ထိပ်သီးခေါင်းဆောင်များ ပထမအကြိမ် တွေ့ဆုံ

ဒီမိုကရေစီတူဒေးသတင်းအဖွဲ့

ဒီမိုကရေစီစနစ်ကျင့်သုံးသော အရပ်သား အစိုးရလက်ထက်တွင် မြန်မာနိုင်ငံရေး ဆိုင်ရာ အကျပ်အတည်းများအား ဖြေရှင်း နိုင်ရန်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် တိုင်းရင်းသားပါတီများအနေဖြင့် နိုင်ငံတော်သမ္မတ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ပြည်ထောင်စုလွှတ်တော်နာယက နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ လေးပွင့် ဆိုင်တွေ့ဆုံဆွေးနွေး အဖြေရှာရန်အတွက် ကြိုးပမ်းဆောင်ရွက်နေခဲ့သည်မှာ ကြာမြင့်လှ ပြီဖြစ်သော်လည်း အောင်မြင်မှုမရရှိခဲ့။


သို့ သော် မြန်မာနိုင်ငံက အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူထားရသော အာဆီယံထိပ်သီးအ စည်းအဝေးအား အိမ်ရှင်အဖြစ်လက်ခံကျင်းပ ရန် ရက်ပိုင်းမျှအလိုတွင် အစိုးရက လွှတ် တော်နှစ်ရပ်မှ ဥက္ကဋ္ဌများအပါအဝင် ကာကွယ် ရေးဦးစီးချုပ်၊ တိုင်းရင်းသားပါတီများမှ ခေါင်း ဆောင်များ၊ ၂ဝ၁ဝရွေးကောက်ပွဲအနိုင်ရ ပြည်ခိုင်ဖြိုးပါတီနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၏ခေါင်းဆောင်ဖြစ်သော ဒေါ် အောင်ဆန်းစုကြည်တို့အား ဖိတ်ကြားကာ နိုင်ငံထိပ်သီးခေါင်းဆောင်များ အစည်းအဝေး တစ်ရပ်ကို အောက်တိုဘာ ၃၁ရက်က နေပြည် တော်တွင် ကျင်းပခဲ့ရာ အဆိုပါဆွေးနွေးပွဲကို မြန်မာနိုင်ငံသားများအတွက်သာမက မြန်မာ့ နိုင်ငံရေးအား စိတ်ဝင်တစား လေ့လာစောင့် ကြည့်လျက်ရှိသော ပြည်ပနိုင်ငံများကိုပါ အံ့သြမှင်သက်စေခဲ့သည်။

ထို့အပြင် ယင်းသို့နိုင်ငံ့ခေါင်းဆောင်များ တွေ့ဆုံမှုမတိုင်ခင် အာဆီယံထိပ်သီးအစည်း အဝေးသို့ တက်ရောက်လာမည့် အမေရိကန် သမ္မတ ဘာရတ်အိုဘားမားက မြန်မာနိုင်ငံ သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည် တို့ထံသို့ ဖုန်းဆက်၍ မြန်မာနိုင်ငံရေးအခြေ အနေများအား တိုင်ပင်ဆွေးနွေးခဲ့သည်က လူအများ၏စိတ်ဝင်စားမှုကို ပိုမိုမြင့်တက်စေ ခဲ့သည်။အမေရိကန်သမ္မတအိုဘားမားက မြန်မာ နိုင်ငံသမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစု ကြည်တို့အား ဖုန်းဖြင့်ဆက်သွယ်၍ မည်သည့် အကြောင်းအရာများအား တိုင်ပင်ဆွေးနွေးခဲ့ သည်ကို ကာယကံရှင်များမှတစ်ပါး ပြည်သူတို့ အနေဖြင့် မသိရှိနိုင်သော်လည်း ထိုသို့ဖုန်းဖြင့် ဆွေးနွေးသည့်အကြောင်းအရာများကား မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေများပင် ဖြစ်လိမ်မည့်ဟု လူအများက ထင်မြင်ယူဆ လျက်ရှိနေကြသည်။

ယင်းသို့ အမေရိကန်သမ္မတနှင့် မြန်မာ သမ္မတအကြား၊ အမေရိကန်သမ္မတနှင့် မြန်မာ့ နိုင်ငံရေးခေါင်းဆောင်တို့အကြား အပြန်အ လှန် ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးပြီးချိန်၌ ပြည်တွင်းရှိ အစိုးရ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ တိုင်းရင်းသားပါတီများမှ ခေါင်း ဆောင်များနှင့် အတိုက်အခံခေါင်းဆောင်တို့ ပါဝင်သော နိုင်ငံ့ခေါင်းဆောင်များ တွေ့ဆုံ ဆွေးနွေးမှုက ရုတ်ခြည်းဖြစ်ပေါ်လာခြင်းအ ပေါ် နိုင်ငံရေးအခင်းအကျင်းလေ့လာသူများ က ကောင်းသောတိုက်ဆိုင်မှုအဖြစ် ယူဆ လျက်ရှိကြသည်။ တချို့ကမူ အစိုးရအနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တောင်းဆို ထားသော လေးပွင့်ဆိုင်တွေ့ဆုံမှုအစား တိုင်း ရင်းသားနိုင်ငံရေးပါတီများပါ ပါဝင်စေလျက် ပိုမိုကောင်းမွန်ပြီး ပြီးပြည့်စုံသော နိုင်ငံထိပ် သီးခေါင်းဆောင်များနှင့် တွေ့ဆုံနိုင်ရန်အ တွက် အချိန်ယူပြင်ဆင်နေခဲ့ခြင်းဖြစ်သည်ဟု ယူဆသူများလည်း ရှိနေကြသည်။

''ဒီလိုအဖွဲ့စုံတွေ့တာကတော့ ပထမဆုံး ပဲ။ ဒီကနေ တဖြည်းဖြည်းချဲ့သွားရင် တိုင်းပြည် အတွက် အဖြေတစ်ခုတော့ ထွက်လာမှာပဲ။ဒီအတိုင်းရပ်နေတာထက်စာရင် ဆွေးနွေးတာ ကပိုကောင်းမွန်တယ်လို့ပြောလို့ရတယ်။နောက် ပြီး သမ္မတကပြောထားတဲ့အတိုင်း တစ်နှစ် ပြည့်လို့ ဒီလိုမျိုးတွေ့ဆုံတာလဲ ဖြစ်နိုင်တယ်။ ဒါပေမဲ့ အဓိကကတော့ တွေ့ချိန်တန်လို့ တွေ့ တယ်လို့ပဲယူဆပါတယ်''ဟု ရှမ်းတိုင်းရင်းသား များ ဒီမိုကရေစီအဖွဲ့ချုပ်မှ အထွေထွေအ တွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ယင်းတွေ့ဆုံ မှုအပေါ် သုံးသပ်ပြောကြားခဲ့သည်။အလားတူ နိုင်ငံ့ခေါင်းဆောင်များတွေ့ ဆုံမှုအစည်းအဝေးသို့ တက်ရောက်ရန် ဖိတ် ကြားခြင်းခံရသူ အမျိုးသားဒီမိုကရေစီအင် အားစုပါတီမှ ဦးခင်မောင်ဆွေက ''ဒါဟာအစိုး ရရဲ့နိုင်ငံရေးကစားကွက်ဆိုပြီး ဝေဖန်မှုတွေ အမျိုးမျိုးထွက်နေပေမယ့် ဒါနဲ့ပတ်သက်ပြီး ပြောချင်တာကတော့ ဝေဖန်မယ်ဆိုရင်လဲ လက်တွေ့ကျကျ ထိတွေ့ပြီးမှ အကြောင်းအ ရာမှန်မှန်ကန်ကန်နဲ့ ဝေဖန်ဖို့လိုတယ်'' ဟု ကိုးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးမှုအား မတက် ရောက်မီ ယင်းက ၄င်း၏အမြင်ကိုပြောခဲ့သည်။

ပြည်သူများ စိတ်ဝင်စားလျက်ရှိသော  ထိပ်သီးခေါင်းဆောင်များ ပါဝင်သည့်တွေ့ဆုံမှု
****************************************************
နိုင်ငံတော်သမ္မတ၏ ဖိတ်ကြားချက်အရ ထိပ်သီးခေါင်းဆောင်များပါဝင်သော မြန်မာ့ အရေးတွေ့ဆုံဆွေးနွေးမှုကို အောက်တိုဘာ ၃၁ရက် နံနက်ပိုင်းက နေပြည်တော်ရှိ နိုင်ငံ တော်သမ္မတအိမ်တော်တွင်တွေ့ဆုံခဲ့ပြီး ယင်း တွေ့ဆုံပွဲသို့တက်ရောက်လာသော နိုင်ငံ့ထိပ် သီးခေါင်းဆောင်များနှင့် နိုင်ငံရေးရာအခြေအ နေများကို ဆွေးနွေးခဲ့ကြသည်။

ထိုတွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော် သမ္မတဦးသိန်းစိန်၊ ဒုတိယသမ္မတနှစ်ဦးဖြစ် သော ဒေါက်တာစိုင်းမောက်ခမ်းနှင့် ဦးဥာဏ် ထွန်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ် ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း၊ အမျိုး သားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ဒုတိ ယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည်၊ ဦးခင်မောင်ဆွေ၊ တိုင်းရင်း သားများညီနောင်အဖွဲ့ချုပ်မှ ဦးစိုင်းအိုက် ပေါင်း၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီမှ ဦးသိန်းထွန်း၊ ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးဌေးဦး၊ ညီညွတ် သော တိုင်းရင်းသားများမဟာမိတ် (UNA) ပါတီမှ ဦးခွန်ထွန်းဦးတို့ တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။

ယင်းသို့ ပထမဆုံးအကြိမ်ကျင်းပသော ထိပ်သီးခေါင်းဆောင်များ၏ နိုင်ငံရေးရာတွေ့ ဆုံဆွေးနွေးပွဲ၏အစတွင် နိုင်ငံတော်သမ္မတ က ဦးဆောင်ဆွေးနွေးခဲ့ပြီး ဥပဒေပြုရေးအ ဖွဲ့ကိုယ်စား ပြည်ထောင်စုလွှတ်တော်နာယ က သူရဦးရွှေမန်းကလည်းကောင်း၊ တပ်မ တော်၏ကိုယ်စား တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကလည်းကောင်း အသီးသီးဆွေးနွေး ခဲ့ပြီး နိုင်ငံရေးပါတီများကိုယ်စားပြုဆွေးနွေး ရာတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီကိုယ်စား ပြည်ထောင်စုလွှတ်တော်နာယ က သူရဦးရွှေမန်းမှလည်းကောင်း၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစု ကြည်မှလည်းကောင်း၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီမှ ဦးသိန်းထွန်းမှလည်း ကောင်း၊ UNA ကိုယ်စား ဦးခွန်ထွန်းဦးမှလည်း ကောင်း၊ တိုင်ရင်းသားညီနောင်များအဖွဲ့ချုပ် ကိုယ်စား ဦးစိုင်းအိုက်ပေါင်းကလည်းကောင်း၊ ဖက်ဒရယ်ဒီမိုကရေစီ မဟာမိတ်ကိုယ်စား ဦးခင်မောင်ဆွေမှလည်းကောင်းနှင့် အ မျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် တို့က အသီးသီးဆွေးနွေးခဲ့ကြကြောင်း၊ ယင်း နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ဆွေးနွေးခဲ့ကြောင်း၊ ထိုသို့ အပြန်အလှန်ဆွေးနွေးချက်များအပေါ် မူတည်၍ နိုင်ငံတော်သမ္မတမှ ပြန်လည်သုံး သပ်ဆွေးနွေးကာ အစည်းအဝေး အဆုံးသတ် ခဲ့ကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆို ခွင့်ရှိသူနှင့် ပြန်ကြားရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးရဲထွဋ်၏ပြောကြားချက် အရ သိရသည်။

ဦးရဲထွဋ်က ''ဒီကနေ့ဆွေးနွေးခဲ့တဲ့ ဆွေး နွေးချက်တွေကို ကောက်နုတ်တင်ပြရမယ်ဆို ရင် သမ္မတကြီးက ဒီဆွေးနွေးပွဲရဲ့အဖွင့် မိန့် ခွန်းမှာပါတဲ့ ကဏ္ဍ သုံးခုနဲ့ပတ်သက်ပြီး အမျိုး သားနိုင်ငံရေးအင်အားစုတွေ ပူးပေါင်းဆောင် ရွက်ပြီး လုပ်ကိုင်ဆောင်ရွက်နိုင်မယ့်နည်းလမ်း တွေကို ရှာဖွေကြဖို့နဲ့ ပွင့်ပွင့်လင်းလင်းဆွေး နွေးကြဖို့ တိုက်တွန်းခဲ့ပါတယ်
ဒီနေရာမှာ သမ္မတကြီးအနေနဲ့ ရည်ညွှန်းပြောခဲ့တဲ့ ကဏ္ဍ သုံးခုအနက် ပထမဆုံးကဏ္ဍကတော့ လက်ရှိ ဖြစ်ထွန်းနေတဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးဖြစ်စဉ်များနဲ့ နိုင်ငံရေးဖြစ်စဉ်အဆင့်ဆင့် ကို ဆက်လက်ရှင်သန်ဖြစ်ထွန်းစေဖို့။ အဲဒီ ဖြစ်စဉ်တွေထဲကမှ ဒီမိုကရေစီစနစ် အမြစ် တွယ်ခိုင်မာရေးနဲ့ ပွင့်လင်းလွတ်လပ်တဲ့ မြန်မာ့ အဖွဲ့အစည်း ပေါ်ပေါက်ရေးဖြစ်ပါတယ်။ ဒုတိယကဏ္ဍကတော့ ကျွန်တော်တို့နိုင်ငံရဲ့ အထူးလိုအပ်နေတဲ့ အမျိုးသားပြန်လည်စည်း လုံးညီညွတ်ရေးအတွက် လက်ရှိရထားတဲ့ ငြိမ်း ချမ်းရေးဖြစ်စဉ်အဆင့်ဆင့်ကို အခြေခံပြီး တော့မှ ခိုင်မာအောင်ဆောင်ရွက်သွားဖို့ ဖြစ် ပါတယ်။ တတိယကဏ္ဍကတော့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ အရေးကြီးပြီး အဓိ ကကျတဲ့အဆင့်တစ်ဆင့်အနေနဲ့ ဖြတ်သန်းရ မယ့် ၂ဝ၁၅ခုနှစ် အထွေထွေရွေးကောက်ပွဲကို အောင်မြင်အောင် ကျင်းပပြုလုပ်နိုင်ဖို့အတွက် လက်ရှိရထားတဲ့ နိုင်ငံရေးတည်ငြိမ်အောင် ထိန်းသိမ်းထားနိုင်ရေးကိစ္စများဖြစ်ပါတယ်။ဒါကတော့ သမ္မတကြီး ရည်ညွှန်းပြောကြား ခဲ့တဲ့ ဦးစားပေးကဏ္ဍ သုံးခုဖြစ်ပါတယ်''ဟု ယင်းနေ့ မွန်းလွဲ ၁၂နာရီ ၁၅မိနစ်က ပြန် ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ နိုင်ငံ့ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးခဲ့မှု များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့အပြင် ၄င်းက ယင်းဆွေးနွေးပွဲသို့တက် ရောက်လာသူများအနေဖြင့် နိုင်ငံတော်သမ္မတ ရည်ညွှန်းပြောဆိုသော ကဏ္ဍသုံးခုအား ပွင့် လင်းစွာဆွေးနွေးခဲ့ကြကြောင်း၊ ထိုသို့ဆွေးနွေး ရာတွင် ယင်းဆွေးနွေးပွဲသို့တက်ရောက်လာသည့် နိုင်ငံ့ခေါင်းဆောင်များမှ တစ်ဦးချင်း၏သဘောထားအမြင်များအား ဆွေးနွေးပြောကြားခဲ့သည်များရှိသကဲ့သို့ ယင်းတို့၏ကိုယ် စားပြုသောအဖွဲ့အစည်းများ၏ ရပ်တည်ချက် များအား ထည့်သွင်းဆွေးနွေးပြောဆိုသွားသည် လည်းရှိကြောင်း၊ ထိုဆွေးနွေးချက်များအားခြုံငုံကြည့်ပါက ပထမဆုံးအချက်မှာ နိုင်ငံရေး ပြဿနာများအားလုံးကို နိုင်ငံရေးနည်းလမ်း ဖြင့်သာတွေ့ဆုံအဖြေရှာရန် ဆွေးနွေးခဲ့ခြင်း ဖြစ်ကြောင်း၊ ဒုတိယအချက်အနေဖြင့် အခြေခံ ဥပဒေပြင်ဆင်ရေးကိစ္စအား လွှတ်တော်အတွင်း ၌ပဲဆွေးနွေးရန် တက်ရောက်လာသူအားလုံးမှ သဘောတူညီခဲ့ကြကြောင်း၊ တတိယဆွေးနွေး သည့်အချက်မှာ ပြုပြင်ပြောင်းလဲရေးလုပ်ငန်း စဉ်များအောင်မြင်မှုရရှိရေးအတွက် ယုံကြည် မှုတည်ဆောက်ရေးလုပ်ငန်းသည် အင်မတန် အရေးကြီးကြောင်း၊ ယုံကြည်မှုတည်ဆောက် နိုင်ရန်အတွက် ပါဝင်ပတ်သက်သူအားလုံးမှ ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် စိတ်ရှည်သည်းခံမှု၊ နား လည်ခွင့်လွှတ်မှု၊ လူတစ်ဦးချင်းတစ်ယောက် ချင်း၊ တစ်ဖွဲ့ချင်းအကျိုးစီးပွားထက် နိုင်ငံနှင့် တိုင်းပြည်၏အကျိုး၊ လူမျိုး၏အကျိုးကို ရှေ့ တန်းတင်ဆောင်ရွက်သွားကြရန် ပြောဆိုခဲ့ ကြောင်း ဦးရဲထွဋ်က ဆက်လက်ပြောသည်။

နောက်တစ်ခါ နံပါတ်လေးအချက်အနေ နဲ့ အဓိကထားဆွေးနွေးခဲ့တာကတော့ ဖြစ်နိုင် ရင် ၂ဝ၁၄ခုနှစ်အကုန်ပိုင်း ဒါမှမဟုတ် ၂ဝ၁၅ ခုနှစ်အစပိုင်းမှာ တစ်နိုင်ငံလုံးလွှမ်းခြုံတဲ့အပစ် အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက် မှတ်ရေးထိုးနိုင်ဖို့အရေးကြီးတယ်။ အထူးသ ဖြင့် အဲဒီလက်မှတ်ရေးထိုးပြီးတဲ့နောက်ပိုင်း မှာ  နိုင်ငံရေးဆွေးနွေးပွဲများ ဆက်လုပ်နိုင်ဖို့ အတွက် အခြေခံမူများကို ချမှတ်နိုင်မှသာလျှင် ၂ဝ၁၆ ရွေးကောက်ပွဲအပြီးမှာ မည်သူပဲတာ ဝန်ယူသည်ဖြစ်စေ၊ မည်သည့်အစိုးရက တာဝန် ယူသည်ဖြစ်စေ၊ တိုင်းရင်းသားအဖွဲ့အစည်း များအနေနဲ့ ယုံကြည်စိတ်ချစွာနဲ့ နိုင်ငံရေးဆွေး နွေးပွဲကို ဆက်လုပ်နိုင်မှာ ဖြစ်တယ်လို့ဆိုတာ တွေကို ဆွေးနွေးခဲ့ကြတယ်။
နောက်တစ်ခုက ၂ဝ၁၅ ရွေးကောက်ပွဲကိုလွတ်လပ်ပြီး တရား မျှတစွာကျင်းပနိုင်ဖို့အတွက် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က ဆောင်ရွက်တဲ့အခါ မှာ အစိုးရနိုင်ငံရေးပါတီများ၊ အရပ်ဘက်အ ခြေပြုလူမှုအဖွဲ့အစည်းများ၊ မီဒီယာများနဲ့ နိုင်ငံတကာမိတ်ဆွေများရဲ့အားကို ယူပြီးတော့ မှဆောင်ရွက်ဖို့ လူတိုင်းလူတိုင်းက ရွေးကောက် ပွဲနဲ့ပတ်သက်တဲ့ဥပဒေများကို သိရှိနားလည် ပြီးတော့မှ ဥပဒေအတိုင်းဆောင်ရွက်ဖို့၊ ဥပဒေ ရဲ့ အကာအကွယ်ကိုယူဖို့ကိစ္စတွေကို ဆွေးနွေး ခဲ့ကြတာဖြစ်ပါတယ်။
နောက်တစ်ချက်ကတော့ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးလုပ် ဆောင်ဖို့လိုတယ်ဆိုတာကို ဆွေးနွေးခဲ့ကြပါ တယ်။ နောက်ဆုံးအချက်ကတော့ ဒါဟာ ပထမဆုံးအကြိမ်ဆွေးနွေးမှုဖြစ်ပြီး နောက်ထပ် နည်းလမ်းကောင်းတွေ ရှာဖွေနိုင်ဖို့အတွက် ဆက်လက်တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်သွားဖို့ အားလုံးက ဆွေးနွေးခဲ့ကြပါတယ်''ဟု ဦးရဲ ထွဋ်က ထပ်မံပြောသည်။

ပထမဆုံးအကြိမ်ကျင်းပသော နိုင်ငံ့ခေါင်း ဆောင်များ တွေ့ဆုံပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ၏ဆွေးနွေးမှုနှင့်စပ်လျဉ်း၍ ဦးရဲထွဋ်က ''ပထမတစ်ခုကတော့ ကျွန်တော်တို့က ဒီဆွေး နွေးချက်တွေ အားလုံးဟာ လွတ်လွတ်လပ်လပ် နဲ့ နိုင်ငံနဲ့လူမျိုးရဲ့အကျိုးကို ရှေးရှုပြီးတော့မှ ပွင့်ပွင့်လင်းလင်းနဲ့ တင်ပြဆွေးနွေးသွားပါတယ်။ လာတက်တဲ့သူတွေက ဒီဆွေးနွေးချက်တွေပေါ် မူတည်ပြီးမှ သက်ဆိုင်ရာအဖွဲ့အစည်းတွေကို ရှင်းလင်းတင်ပြရမှာတွေရှိတယ်။ ဥပမာဆို အစ်မကြီးဒေါ်အောင်ဆန်းစုကြည်ဆိုရင် ဒီနေ့ သူဆွေးနွေးတာသည် သူ့ရဲ့အမြင်သက်သက်ပဲ ရှိသေးတယ်။ သူ့ဗဟိုအလုပ်မှုဆောင်အဖွဲ့နဲ့ ဆွေးနွေးထားတာမရှိသေးဘူး။ ဒီလိုပြောတာ မျိုးရှိတယ်။ ဒါကြောင့်ကျွန်တော်တို့က ကြေ ညာချက်ကတော့ လက်ရှိအခြေအနေမှာ ထွက်လာမှာ မဟုတ်သေးဘူးလို့ ကျွန်တော် ထင်တယ်။ ခုနက ခင်ဗျားတို့ကို ကျွန်တော် ရှင်းပြခဲ့တဲ့အချက်တွေပေါ်မှာပဲ အားလုံးက ဆွေးနွေးခဲ့ကြတဲ့အတွက် ဒီပေါ်မှာတော့ အားလုံးက ယေဘုယျသဘောတူထားတယ်လို့ ကျွန်တော်တို့ပြောလို့ရပါတယ်''ဟု ဦးရဲထွဋ် က ဆိုသည်။

တွေ့ဆုံဆွေးနွေးမှုကဘာရလဒ်တွေထွက်ပေါ်ခဲ့လဲ
********************************
''ရလဒ်အနေနဲ့ဆိုရင်တော့ ခုနက ကျွန် တော်ပြောသလိုပေါ့၊ ဒီတွေ့ဆုံဆွေးနွေးခြင်း ဟာ ဒီမိုကရေစီရဲ့ အနှစ်သာရပဲလေ။ သဘော ထားတွေ အမြင်တွေ အမျိုးမျိုးရှိတယ်ဆိုတာ လည်း ဒီမိုကရေစီရဲ့လက္ခဏာပဲ။အဲဒီကွဲပြား နေတဲ့ သဘောထားတွေကိုစကားပြောပြီးတော့  မှ ငြိမ်းချမ်းစွာအဖြေရှာတယ်ဆိုတာကလည်း ဒါအဓိကလက္ခဏာပဲ။ ဒါကြောင့်မို့လို့ဒါသည် ကောင်းတဲ့ရလဒ်လို့ကျွန်တော်တို့ပြောလို့ရပါ တယ်။ ဘုံသဘောတူညီချက်ပျောက်တယ် ဆိုတာကိုလည်းကျွန်တော်တို့လက်မခံပါဘူး။ ဘာလို့လဲဆိုတော့ ဒီမှာရှိနေတဲ့အဖွဲ့အစည်း တွေ အားလုံးက မြန်မာနိုင်ငံမှာ ဒီမိုကရေစီ စနစ်ဖြစ်ထွန်းအောင်လုပ်မယ်ဆိုတဲ့ရည်ရွယ် ချက်နဲ့ လုပ်နေကြတဲ့အတွက်ကြောင့်မို့လို့ ဒီ ဘုံသဘောတူညီချက်က ရပြီးသားပါ။ အခုကျွန် တော်တို့က ပြောနေဆိုနေ ကြတယ်ဆိုတာ နည်းနာပိုင်းမှာသာ ကျွန်တော်တို့ကတစ်ယောက် နဲ့တစ်ယောက် ကွဲလွဲမှုနဲ့ဆွေးနွေးညှိနှိုင်းကြတာပါ။ ဒါကြောင့်မို့လို့ ကျွန်တော်တို့က ဘုံသ ဘောတူညီချက်ကရှိပြီးသား။ အခုဆွေးနွေးပွဲ ဟာ အဲဒီဘုံသဘောတူညီချက်ကိုအကောင် အထည်ဖော်ဖို့အတွက်ပိုမို ကောင်းမွန်တဲ့နည်းနာ တစ်ရပ်ကို ပေါ်ထွက်လာနိုင်ဖို့အတွက်အထောက် အကူဖြစ်တယ်လို့ ကျွန်တော်တို့ကပြောနိုင်ပါ တယ်''ဟု ဦးရဲထွဋ်က ထပ်မံပြောသည်။

ထို့အပြင် ၄င်းက ''ဒါက ပထမဆုံးအကြိမ်တွေ့ ဆုံဆွေးနွေးခြင်းဖြစ်ပြီး ပထမဆုံးအဖွင့်ပဲ။ အဖွင့်မှာ မိမိရဲ့ ရပ်တည်ချက်သဘောထားတွေကို ပွင့်ပွင့်လင်း လင်းပြောခဲ့ကြတယ်။ ဒီနေ့ဆွေးနွေးတဲ့ဟာကို မိမိသက် ဆိုင်ရာတွေဆီ ပြန်ယူသွားကြမယ်။ ပြန်ယူသွားပြီးရင် မိမိရဲ့ အဖွဲ့အစည်းအသီးသီးမှာ ပြန်လည်ဆွေးနွေးကြ မှာပေါ့။ ပြန်ဆွေးနွေးတဲ့အခါမှာ ဒီအပေါ်မှာ မူတည် ပြီးတော့ နည်းလမ်းအမျိုးမျိုးတွေ ပြန်ထွက်လာကြဦး မယ်။ နည်းလမ်းတွေအပေါ်မူတည်ပြီးတော့ နောက် ထပ်တွေ့ဆုံမှုတွေရှိမယ်။ ဒီတွေ့ဆုံမှုက ပထမဆုံးခြေ လှမ်းပေါ့။ ပထမဆုံးခြေလှမ်းလို့ပြောပေမယ့် ဒီခြေ လှမ်းရဲ့ အကျိုးသက်ရောက်မှုကတော့ကြီးမယ်။ ဘာ ကြောင့်လဲဆိုတော့ ပထမဆုံးအကြိမ် အမျိုးသားနိုင်ငံ ရေးအင်အားစုတွေ ပွင့်ပွင့်လင်းလင်းစပြီး ဖလှယ်တဲ့ အတွက်ကြောင့် ပြုပြင်ပြောင်းလဲမှုမှာ ကြီးမားတဲ့အ ကျိုးသက်ရောက်မှုရှိမယ်။ နောက်ထပ်ခြေလှမ်းတွေလဲ ဆက်ပြီးတော့ လာဦးမှာပါ''ဟု ဆက်လက်ပြောသည်။

အမျိုးသားနိုင်ငံရေးအင်အားစုအဖွဲ့ကြီးငါးဖွဲ့ တွေ့ဆုံမှုသာဖြစ်
***************************************
ယခုတွေ့ဆုံမှုသည် လေးပွင့်ဆိုင် တွေ့ဆုံမှုမ ဟုတ်ဘဲ အမျိုးသားနိုင်ငံရေးအင်အားစု ငါးဖွဲ့တွေ့ဆုံ ခြင်းသာဖြစ်ပါကြောင်း၊အင်အားစုငါးခုဆိုသည်မှာ  (၁) အစိုးရ၊ (၂)ဥပဒေပြုရေး၊ (၃)တပ်မတော်၊ (၄)နိုင်ငံ ရေးပါတီများနှင့် (၅)ထိုဖြစ်စဉ်ကြီးအတွက် အရေးကြီး သည့်ရွေးကောက်ပွဲအား ကြပ်မတ်ပြီး ဆောင်ရွက်ပေး မည့် ရွေးကောက်ပွဲကော်မရှင်တို့ဖြစ်ကြောင်း။ ထိုတွေ့ ဆုံမှုမှတစ်ဆင့် နိုင်ငံရေးတည်ငြိမ်မှုကို အဓိကဆက်လက်ထိန်းသိမ်းထားနိုင်ပြီး ရွေးကောက်ပွဲကို ညင်ညင် သာသာချောချောမွေ့မွေ့နဲ့ ကျင်းပနိုင်ဖို့ လိုသည်ကို အားလုံးမှ လက်ခံကြောင်း၊ ထိုအချက်မှာ အင်မတန်မှ အရေးကြီးတဲ့အချက်ဖြစ်ပါကြောင်း ဦးရဲထွဋ်က ဆို သည်။

''မြန်မာ့နိုင်ငံရေးဟာ အားလုံးပါဝင်ပတ်သက်တဲ့ နိုင်ငံရေးဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒီအင်အားစုကြီး တွေအားလုံးပါဝင်ဆွေးနွေးတာကို ကျွန်တော်တို့လို လားပါတယ်။ ရှေ့ဆက်လဲ ဒီငါးဖွဲ့ဆိုတဲ့မူဘောင်ထဲကပဲဖြစ်မှာပါ။ သမ္မတကြီးနဲ့ပတ်သက်လို့ လောလောဆယ် ကျွန်တော်တို့ ဘာမှမပြောနိုင်သေးပါဘူး''ဟု ယင်းက ထပ်မံပြောသည်။

ပြည်တွင်းငြိမ်းချမ်းရေးအတွက်ဘာတွေဆွေးနွေးခဲ့လဲ
*********************************
အဓိကထားဆွေးနွေးခဲ့တာကတော့ ကြားထဲမှာ ဆွေးနွေးနေဆဲအချိန်မှာပဲ တချို့နေရာလေးတွေမှာ ပဋိပက္ခလေးတွေဖြစ်နေတာမို့လို့ ဒီဟာကို ပါဝင်ပတ် သက်တဲ့တပ်ဖွဲ့တွေ အားလုံးက ဒီအပစ်အခတ်ရပ်စဲ ရေးကတိကဝတ်တွေကို သဘောတူဖို့လိုတယ်ဆိုတာ ကို တော်တော်များများထောက်ပြပြီးတော့ ဆွေးနွေးခဲ့ ပါတယ်။ နောက်တစ်ခုကတော့ ခုနက ကျွန်တော်ရှင်း ပြတဲ့ထဲမှာ ပါသလိုပေါ့။ အရေးကြီးဆုံးက အပစ်အ ခတ်ရပ်စဲရေးကို အမြန်ဆုံးလက်မှတ်ထိုးနိုင်ဖို့၊ အဲဒီအ ပေါ်မှတစ်ဆင့် စောင့်ကြည့်တဲ့စနစ်တွေ၊ နောက်ထပ် နေရာချထားမှုတွေပေါ်နိုင်ဖို့အရေးကြီးတယ်။ ဒီငြိမ်း ချမ်းရေးဟာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးမှာ အ ရေးကြီးဆုံးကဏ္ဍမှာပါတယ်ဆိုတာကို ကျွန်တော်တို့ အကြိမ်ကြိမ်ဆွေးနွေးခဲ့တယ်။ အားလုံးက ဘာကို သဘောတူလဲဆိုတော့ ဒါကိုအလျှော့အတင်းလုပ်ဖို့၊ သည်းခံပြီးတော့ ဆွေးနွေးဖို့ဆိုတာကို သဘောတူခဲ့ ကြတယ်။ ကျွန်တော်ထင်တယ် ဒါကြီးပြီးသွားလို့ပြန်ပြီး ဆွေးနွေးပွဲလုပ်တဲ့အခါမှာကောင်းတဲ့ ရလဒ်တွေငြိမ်း ချမ်းရေးဆွေးနွေးပွဲကနေ ပေါ်ထွက်လာမယ်လို့ မျှော် လင့်ပါတယ်''ဟု ဦးရဲထွဋ်က ဆိုသည်။

ယင်းအပြင် ငြိမ်းချမ်းရေးကို ကြည့်ရင်လည်း အ တော်အသင့်ခိုင်မာမှုတွေရနေပြီဖြစ်တယ်။ တစ်နိုင်ငံ လုံးလွှမ်းခြုံတဲ့ အပစ်ရပ်လက်မှတ်ရေးထိုးဖို့ပဲ ကျန် တယ်။ ဒီအချိန်အခါ နှစ်ခုကြောင့် လုပ်ခဲ့တာ။ ဘယ်သူ့ ကြောင့်မှလုပ်တာမဟုတ်။ သို့သော် လာမယ့်နိုဝင်ဘာ လမှာ သမ္မတကြီးအနေနဲ့ ခရီးတွေသွားဖို့ရှိတယ် ဆမ်း မစ်နဲ့ပတ်သက်လို့ပေါ့။ဒါကြောင့် ဒီအောက်တိုဘာလ အတွင်းမှာ ပြီးပြတ်အောင်လုပ်တာ။ တစ်ခုတည်း မဟုတ်ဘူး ဒီပေါ်မှာ ပူးပေါင်းဆောင်ရွက်လို့ ရလဒ် ပေါ်မူတည်ပြီး ဆောင်ရွက်မှာပါ''ဟု ၄င်းက ဆက် လက်ပြောသည်။

အခြေခံဥပဒေပြင်ရေး၊ မပြင်ရေးဘယ်လိုရလဒ်တွေ ထွက်ပေါ်လာသလဲ
*********************************************
အခြေခံဥပဒေနဲ့ ပတ်သက်ရင် ဘယ်လိုမူတွေနဲ့ ဆောင်ရွက်မလဲဆိုတာကို ခေတ်စနစ်နဲ့ညီအောင်လို့ လိုအပ်တာတွေ ပြင်ဖို့လိုတယ်ဆိုတာ အားလုံးက သ ဘောတူတယ်။ ပြင်တဲ့အခါမှာ မိမိလိုချင်တာမရလို့ လမ်းပေါ်ထွက်လုပ်တာမျိုးကို ဘယ်သူကမှလက်မခံဘဲ လွှတ်တော်ထဲကပဲပြုပြင်နိုင်ရေးကို အားလုံးကသဘော တူတယ်။ ဒါကြောင့်မို့ ကျွန်တော်က ပုဒ်မတစ်ခုချင်း ကို ဆွေးနွေးတာမျိုးမရှိပါဘူး။ ကာချုပ်ကလဲ အခြေခံ ဥပဒေပြင်ဆင်ရေးအတွက် သူလဲ သဘောတူတယ်။ ပြင်ရမယ်။ အားလုံးက အခြေခံဥပဒေမှာ ပြဋ္ဌာန်းချက် များအတိုင်း ပြည်ထောင်စုလွှတ်တော်အတွင်းမှာဆွေး နွေးဖို့သဘောတူတယ်။သမ္မတတာဝန်စယူပြီး ပြုပြင်ပြောင်းလဲရေးလုပ် တဲ့အချိန်မှာ ကျွန်တော်တို့ရဲ့ရည်ရွယ်ချက်က နိုင်ငံနဲ့ ပြည်သူအတွက်လိုအပ်တဲ့ ဒီမိုကရေစီဖော်ဆောင်ရေး ကို လုပ်ဆောင်မယ်ဆိုပြီး ကျွန်တော်တို့ကလုပ်ခဲ့တာ။ တစ်ဦးတစ်ယောက်မျက်နှာသာရဖို့၊ ပါတီအဖွဲ့အစည်း မျက်နှာသာရဖို့ ဘယ်ခရီးစဉ်ကြောင့် ဘာကြောင့်မှလုပ် ခဲ့တာမဟုတ်ဘူး။ ပြန်ကြည့်မယ်ဆိုရင် ဒေါ်စုက အခြေ ခံဥပဒေပြင်ဖို့အတွက် လေးပွင့်ဆိုင်လုပ်ဖို့ပြောတဲ့အ ချိန် ကျွန်တော်တို့ရဲ့ တုံ့ပြန်ချက်ထဲမှာ ပါတဲ့အချက်ရှိ ပါတယ်။ ပြည်ထောင်စုလွှတ်တော်အတွင်းမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေကော်မတီက ဖွဲ့စည်းဆောင်ရွက်နေ တာရှိတယ်။ အဲဒီကော်မတီရဲ့ သဘောထားတွေကို လည်း ထည့်သွင်းစဉ်းစားဖို့လိုတယ်။ နောက် ပါတီအား လုံးရဲ့သဘောထားကိုလည်း စဉ်းစားဖို့လိုတယ်။ လေး ယောက်တည်း မလုပ်သင့်ဘူးပြောခဲ့တာရှိတယ်။ အမှန် က ဒေါ်စုနဲ့ သမ္မတ တွေ့ဆုံမှုနဲ့ ငြိမ်းငြိမ်းချမ်းချမ်း ဆောင်ရွက်ဖို့ သဘောတူခဲ့တဲ့အတွက် ဒေါ်စု လွှတ် တော်ထဲရောက်ခဲ့တယ်။ ပြုပြင်ပြောင်းလဲမှုလုပ်ငန်းအား လုံးကို လမ်းမပေါ်မှာလုပ်မယ့်အစား လွှတ်တော်ထဲ မှာလုပ်ခဲ့တာတွေဟာ သိသာထင်ရှားတဲ့အပြောင်းအ လဲတွေပေါ့။ ဒါကြောင့် ပြန်ပြောရရင် ဘယ်သူ့ခရီးစဉ်နဲ့ မှ ကျွန်တော်တို့ကလုပ်တာမဟုတ်ဘူး။ အစကတည်းက ဒီဟာတွေပြီးသွားရင် ဒီလိုတွေ့ဆုံမှုလုပ်မယ်လို့ ပြော ခဲ့တာရှိတယ်''ဟု ဦးရဲထွဋ်က ပြောသည်။

တိုင်းရင်းသားများ လိုလားသောဖက်ဒရယ်စနစ်နှင့် ပတ်သက်၍ဘာတွေဆွေးနွေးခဲ့လဲ
******************************************************
ယင်းဆွေးနွေးပွဲတွင် ဖက်ဒရယ်ကိစ္စနှင့် ပတ် သက်ပြီး ဆွေးနွေးခဲ့ခြင်းနှင့်ပတ်သက်၍ ဦးရဲထွဋ်က   ''ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်ထောင်စုဆိုတာကို ကျွန်တော်တို့က ဘယ်တော့မှ အငြင်းမပွားပါဘူး။ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုကြည့်လိုက်မယ်ဆို ရင်လဲ ဖက်ဒရယ်ဆိုတဲ့စကားမပါပေမယ့် ဖက်ဒရယ် စနစ်ရဲ့အင်္ဂါရပ်တွေဖြစ်တဲ့ အာဏာကို ခွဲဝေကျင့်သုံး ခြင်း၊ ပြည်ထောင်စုနဲ့ ပြည်နယ်တွေအကြားမှာ လုပ်ပိုင် ခွင့်များရှိပြီးသားပါ။ ဒီနေ့ ဒီမှာဘာကိုပြောကြားလဲ ဆိုတော့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဘောင်တွေက ရှိပြီးသားဖြစ်တယ်''ဟု ပြောသည်။

အချုပ်အားဖြင့်ဆိုရသော် အမျိုးသားနိုင်ငံရေး ခေါင်းဆောင်များ၏ ပထမဆုံးအကြိမ်တွေ့ဆုံဆွေးနွေး ပွဲသည် အနာဂတ်ဒီမိုကရေစီနိုင်ငံတော်အတွက် ရလဒ် ကောင်းများထွက်ပေါ်လာသည့် တွေ့ဆုံဆွေးနွေးမှု တစ်ခုဟု သုံးသပ်နိုင်သည်။ အမျိုးသားနိုင်ငံရေးထိပ်သီး ခေါင်းဆောင်များတစ်နေရာတည်းတွင် ရင်းရင်းနှီးနှီးတွေ့ဆုံကြခြင်းသည်ပင် ကနဦးအောင်မြင်မှုတစ်ရပ် ဖြစ်သည်။ အမြင်မတူသည်များကို ဘေးဖယ်ကာ ဖွဲ့ စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စများအပေါ် တူညီသောသဘောထားများ ထားရှိရယူချမှတ်နိုင်ခြင်းသည်ပင် ရှေ့တစ်ဆင့်တက် လှမ်းသည့်အောင်မြင်မှုရလဒ်ဖြစ်သည်။ထိုသို့တွေ့ဆုံမှုမှသာ အမျိုးသားရင်ကြားစေ့ရေး နှင့် ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီစနစ်ထွန်း ကားလာရေးတို့အတွက် ကောင်းမွန်သောခြေလှမ်းတစ် ရပ်လည်းဖြစ်သည်။ ထိုသို့ အမြင်မတူမှုများအား ဘေး ဖယ်ထား၍ တူညီသောအမြင်များကိုစုပေါင်းယူကာ နိုင်ငံတော်၏အနာဂတ်ခရီး သာယာလှပစေရေးအ တွက် နိုင်ငံ့ခေါင်းဆောင်များ၏ ပူးပေါင်းဆောင်ရွက် မှုမှာ များစွာအရေးပါလျက်ရှိသည့်အပြင် ထိုသို့ တွေ့ ဆုံဆွေးနွေးမှုများအား စဉ်ဆက်မပြတ်ဆက်လက် ဆောင်ရွက်သွားခြင်းဖြင့် အမြင်မတူမှုများလျော့ပါးသွား နိုင်မည့်အပြင် နိုင်ငံအကျိုးအတွက် ပိုမိုထမ်းဆောင် နိုင်မည့်အခြေအနေများဖြစ်ပေါ်လာနိုင်သည့်အတွက် ယင်းကဲ့သို့ သောတွေ့ဆုံဆွေးနွေးမှုများအား အခါအား လျော်စွာ စဉ်ဆက်မပြတ်ပြုလုပ်ရန် လိုအပ်လျက်ရှိပါ ကြောင်း ရေးသားဖော်ပြလိုက်ရပါသည်။

#Democracytoday

(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)

မြန်မာ့နိုင်ငံရေး ထိပ်သီးအစည်းအဝေးသို့ တက်ရောက်လာသူများ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးနေစဉ်။
မြန်မာ့နိုင်ငံရေး ထိပ်သီးအစည်းအဝေးသို့ တက်ရောက်လာသူများ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးနေစဉ်။

No comments:

Post a Comment