ရန်ကုန်၊ အောက်တိုဘာ ၂၉
စစ်တပ်က မပြင်ဆင်လိုကြောင်း သဘောထား
ပေးထား သည့် ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် အများပြည်သူ ပူးပေါင်း
ပါဝင်နိုင်မည့် ငြိမ်းချမ်းသည့် နည်းလမ်း များကို ရွေးချယ်ကာ အခြေခံ ဥပဒေ
ပြင်ဆင်ရေး လှုပ်ရှားမှု အပါအ၀င် ဒီမိုကရေစီ ရရှိရေးအတွက် ဆက်လက် လုပ်ဆောင်
သွားမည်ဖြစ်ကြောင်း ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ
ဦဂျင်မီ က အောက်တိုဘာ ၂၉ ရက်တွင် မြန်မာသံတော် ဆင့်သို့ ပြောသည်။
““ကျွန်တော်တို့ တစ်လျှောက်လုံး လုပ်ခဲ့တဲ့ နည်းလမ်းအတိုင်းပါပဲ။ ပြည်သူတွေ
ပါဝင်နိုင်တဲ့ လှုပ်ရှားမှုမျိုးပေါ့။ ဆန္ဒထုတ်ဖော်မယ့် သဘောတော့
အတိအကျပြောလို့ မရသေးပါဘူး””ဟု
၎င်းကပြောသည်။ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးနှင့်
ပတ်သက်၍ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီနှင့် ၈၈ မျိုးဆက်
ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းတို့၏ ၂၀၀၈ ဖွဲ့စည်းပုံ
အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ပူးပေါင်း ကော်မတီက ၂၀၁၄ ခုနှစ် မေ ၂၇
ရက်မှ ဇူလိုင် ၁၉ ရက်အထိ ပြည်သူ့သဘောထားဆန္ဒ ကောက်ယူမှု များ ပြုလုပ်ပြီး
ရရှိ လာသော လက်မှတ် ၅ သန်းခန့်ကို သြဂုတ် ၁၃ရက်တွင် ပြည်ထောင်စု လွှတ်တော်၊
အမျိုးသား လွှတ်တော်နှင့် ပြည်သူ့ လွှတ်တော်တို့သို့ ပေးပို့ထားပြီး ဖြစ်သည်။
အဆိုပါ ကိစ္စရပ်နှင့် ပတ်သက်၍ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD ပါတီ)၏
ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးထွန်းထွန်းဟိန်က ““၄၃၆ ပြင်မယ်
မပြင်ဘူးဆိုတာက မသေချာသေးဘူး။ စောင့်ကြည့်ပြီး ဆွေးနွေး တိုင်ပင်
ရဦးမှာပေါ့။ မပြင်တော့ဘူးဆိုမှ ဗဟိုအလုပ် အမှုဆောင် (CEC) အစည်းအဝေး
ပြုလုပ်ပြီး အစည်းအဝေး ဆုံးဖြတ်ချက်အတိုင်း ဆက်လက် လုပ်ဆောင် သွားမှာပါ””ဟု
ပြောကြားသည်။
လွှတ်တော်တွင် ၂၅ ရာခိုင်နှုန်း နေရာယူထားသည့်
တပ်မတော်သား ကိုယ်စားလှယ်များက ပုဒ်မ ၄၃၆ အား ပြင်ဆင်လိုသည့် သဘောထား
ဆန္ဒမရှိကြောင်း အောက်တိုဘာ ၂၂ ရက်က ပြည်ထောင်စု လွှတ်တော် အစည်းအဝေးသို့
တင်သွင်းသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု
ကော်မတီ၏ အစီရင်ခံစာ၌ ပါရှိခြင်း အပေါ် ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။
ပုဒ်မ ၄၃၆မှာ အခြေခံဥပဒေတွင် ပါရှိသည့် အရေးကြီးသော ပုဒ်မများအား ပြင်ဆင်နိုင်ရန် အတွက် ကန့်သတ် ထားသည့် ပုဒ်မ ဖြစ်သည်။
သဉ္ဇာဆွေ
မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald
No comments:
Post a Comment