Tuesday, October 7, 2014

တပ်မတော်နှင့် SSPP/SSA နယ်မြေအငြင်းပွားမှု တွေ့ဆုံညှိနှိုင်း

ရန်ကုန်၊ အောက်တိုဘာ ၆
နယ်မြေအငြင်းပွားမှု အချို့ကြောင့် တိုက်ပွဲများ ဖြစ်ပွားနေသော တပ်မတော်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့သည် နှစ်ဖက်တပ်များ ပြန်လည်နေရာချထားရေးအတွက် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နေကြောင်း မြန်မာငြိမ်းချမ်းရေးစင်တာ (MPC) မှ ဒေါက်တာမင်းဇော်ဦးက ပြောကြားသည်။
အောက်တိုဘာလ ပထမပတ်အတွင်း ရှမ်းပြည်နယ်တောင်ပိုင်း လွယ်လင်ခရိုင် ကျေးသီးမြို့နယ် အတွင်း နယ်မြေ အငြင်းပွားမှုကြောင့် တိုက်ပွဲများ ဖြစ်ပွားခြင်းကို ပြည်နယ်အစိုးရ၊ တပ်မတော်နှင့် SSPP/SSA မှ ထိပ်ပိုင်းအရာရှိများ တွေ့ဆုံဆွေးနွေးလျက် ရှိကြောင်း ၎င်းကဆိုသည်။

“အမှန်တကယ်ကတော့ ဒီနယ်မြေကို အရင်ကတည်းက ညှိနှိုင်းနေကြတာ၊ ညှိနှိုင်းနေဆဲ အခြေအနေမှာ တစ်ဖက်နဲ့ တစ်ဖက် နားလည်မှု လွဲသွားတာ ဖြစ်မယ်” ဟု ၎င်းကဆိုသည်။
သို့သော်လည်း တွေ့ဆုံညှိနှိုင်းမှု ဖြစ်စဉ် အသေးစိတ် အချက်အလက်များကိုမူ တပ်မတော်သို့သာ ဆက်သွယ်မေးမြန်းရန် ၎င်းကဆိုသည်။
အောက်တိုဘာလ ၂ ရက်နေ့မှ ၄ ရက်နေ့အထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ရှမ်းနိုင်ငံရေးပါတီများ ဖြစ်သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) တို့နှင့် ရှမ်းတိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ ဖြစ်သော ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA၊ စိန်ကျော့ဌာနေ ပြည်သူ့စစ် (SSA) တို့နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းနှင့် တွေ့ဆုံ ဆွေးနွေးထားသည်။
အဆိုပါ ဆွေးနွေးပွဲတွင် တပ်မတော်နှင့် SSPP/SSA တို့ တိုက်ပွဲများ ဖြစ်ပွားနေသော်လည်း နိုင်ငံရေး ပြဿနာကို တွေ့ဆုံညှိနှိုင်းမှုဖြင့် ဖြေရှင်းမည် ဖြစ်ကြောင်း ထုတ်ပြန် ကြေညာထားသည်။
အစိုးရနှင့် SSPP/SSA ကြား အောက်တိုဘာ ၂ ရက်နေ့တွင် တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ပြီး အစိုးရတပ်မတော်က လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ တိုက်ပွဲအရှိန် မြှင့်တင်လာသောကြောင့် အောက်တိုဘာလ ၃ ရက်နေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်တောင်ပိုင်း လွယ်လင်ခရိုင် ကျေးသီးမြို့နယ် တာဖာဆောင် တံတားအနီးရှိ SSPP/SSA တပ်စခန်းကို ဆုတ်ခွာပေးလိုက်ရကြောင်း SSPP/SSA ထံမှ သိရသည်။
ယင်းသို့ ရှမ်းပြည်နယ်အတွင်း တပ်မတော်၏ စစ်ရေးလှုပ်ရှားမှုများကို ရပ်တန့်ပေးရန်အတွက် နိုင်ငံတော်သမ္မတထံသို့ ရှမ်းတိုင်းရင်းသား နိုင်ငံရေးအင်အားစုများက စာပေးပို့ထားသည်။
SSPP/SSA သည် အစိုးရနှင့် ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေးကို ၂၀၁၂ခုနှစ် ဇန်နဝါရီလအတွင်း ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တွင် လက်မှတ်ရေးထိုးထားခြင်း ဖြစ်သည်။

Credit - The Voice Weekly

No comments:

Post a Comment