နှစ်စဉ်နှစ်တိုင်း လယ်ကွက်များ စထွန်ရင်း ယက်ရင်း စိုက်ပျိုးစရိတ်ချေးငွေ အချိန်မီရရေး၊ ရာသီဥတုမှန်ကန်ရေးနှင့် စပါးဈေးကောင်းရေးတို့အတွက် ဆုတောင်းရင်း ဆယ်စုနှစ်များစွာ ဖြတ်ကျော်ခဲ့ပြီးဖြစ်သည်။
သည်ဒုက္ခများမှ ပြီးခဲ့သည့်နှစ်ပိုင်းမှ စတင်ပြီး ဦးမြင့်ဦးတစ်ယောက် လွတ်မြောက်ခဲ့သည်။
၎င်းတို့နေထိုင်ရာ ရန်ကုန်မြို့တစ်ဖက်ကမ်းမြို့သစ်စီမံကိန်းကြောင့် လမ်းမကြီး၏ဘေးတွင် ရှိနေသည့် သူ့လယ်ကွက်များကို ၀ယ်ယူရန် စိတ်အားထက်သန်ခဲ့ကြသည့် စီးပွားရေးလုပ်ငန်းရှင်များထဲမှ
တစ်ယောက်အား ရောင်းချလိုက်ခြင်းဖြင့် ဆွေစဉ်မျိုးဆက် ဘယ်သောအခါကမှ မရရှိခဲ့သည့် ငွေကြေးမျိုးကို ဦးမြင့်ဦးတစ်ယောက် ပြီးခဲ့သည့်နှစ်အတွင်းက ရှာဖွေနိုင်ခဲ့သည်။
အမြတ်ထွက်ရန် မသေချာသည့်အပြင် အရင်းပင် ပါသွားနိုင်သည့် လယ်ယာလုပ်ငန်းခွင်ကို ဆက်လက်လုပ်ကိုင်လိုခြင်းမရှိတော့သည့် တောင်သူလယ်သမားများသည် ချက်ချင်းလက်ငင်း သူဌေးဖြစ်မည့် နည်းလမ်းဖြစ်သည့် လယ်ယာမြေများကို ကျပ်သိန်းရာထောင်ချီသည့် ဈေးနှုန်းဖြင့် စီးပွားရေးလုပ်ငန်းရှင်များအား ရောင်းချလျက်ရှိသည်။ ဘ၀တစ်လျှောက်လုံး လယ်ယာစိုက်ပျိုးခြင်းဖြင့်သာ အသက်မွေးဝမ်းကျောင်းပြုခဲ့သည့် လယ်သမားများအတွက် လယ်ယာမြေများရောင်းချရာမှ ရရှိလာသည့် ငွေကြေးများ စနစ်တကျ စီမံခန့်ခွဲမှုမရှိခဲ့ပါက (သို့မဟုတ်) အခြားစီးပွားရေးလုပ်ငန်းတစ်ခုခုအတွက် အမြင်မရှိပါက လယ်ပိုင်ရှင်ဘ၀မှ လယ်မဲ့သူရင်းငှားဘ၀သို့ ရောက်သွားကြရမည်ဖြစ်သည်။
‘‘လယ်စိုက်တာ မသေချာဘူး။ ရောင်းလိုက်တာက ငွေရဖို့သေချာတယ်’’ဟု ဦးမြင့်ဦးကပြောသည်။
မြန်မာနိုင်ငံအနှံ့အပြားမှ လယ်သမားထောင်ပေါင်းများစွာသည် နှစ်ပေါင်းများစွာ ဆင်းရဲတွင်းထဲမှ ရုန်းမထွက်နိုင်ခဲ့ကြသည့် ပြဿနာကို ဦးမြင့်ဦးဖြေရှင်းသည့် နည်းလမ်းဖြင့် ဖြေရှင်းနိုင်ခဲ့ကြသည်။
အဆိုပါနည်းလမ်းသည် သူတို့အတွက်တော့ ကုလသမဂ္ဂ၏ ၁၉၉၀ ပြည့်နှစ်မှ ၂၀၁၅ အတွင်း ဆင်းရဲနွမ်းပါးမှု ထက်ဝက်လျှော့ချရေး စီမံချက်နှင့် သမ္မတဦးသိန်းစိန်၏ ၂၀၁၄-၂၀၁၅ တွင် တိုင်းပြည်၏ ဆင်းရဲနွမ်းပါးမှု ၁၆ ရာခိုင်နှုန်းအထိ လျှော့ချစီမံချက်များထက် ပိုမိုလက်တွေ့ကျပြီး ဆင်းရဲတွင်းထဲမှ ခပ်မြန်မြန် ရုန်းထွက်နိုင်ခဲ့ကြသည်။
သို့သော်လည်း ဆင်းရဲမွဲတေမှုကို ခပ်မြန်မြန်ဖြေရှင်းနိုင်ရန် လယ်ယာမြေများအား စီးပွားရေးလုပ်ငန်းရှင်များထံ ရောင်းချသည့်စနစ်မှာ မှန်ကန်သည့် ဖြေရှင်းမှုမျိုးလားဆိုသည်ကိုတော့ သံသယရှိသူများရှိကြသည်။ ယင်းနည်းလမ်းသည် လယ်သမားများအတွက် မွဲဆေးဖော်သည့် နည်းလမ်းအဖြစ် ရှုမြင်သူများလည်း ရှိကြသည်။
‘‘ကြာလာရင် အခြေခံလူတန်းစားလက်ထဲမှာ လယ်မြေက ရှိတော့မှာမဟုတ်ဘူး။ လယ်သမားဘက်ကလည်း ငွေကြေးစီမံခန့်ခွဲမှုအားနည်းတော့ ကြာလာရင် ဒါက ပြဿနာဖြစ်လာနိုင်တယ်’’ဟု ဧရာဝတီတိုင်းဒေသကြီး အခြေစိုက် လယ်ယာမြေ ပြဿနာဖြေရှင်းရေး အထောက်အကူပြုအဖွဲ့၏ ဦးဆောင်ကော်မတီဝင် ဦးမျိုးမင်းထွန်းကပြောသည်။
လယ်သမားများအတွက် အန္တရာယ်များပြီး ရာသီဥတုနှင့် သဘာဝဘေးများအကြား အမြတ်ရရန် မသေချာလှသည့် လယ်ယာလုပ်ငန်းခွင်များတွင် လုပ်ကိုင်ခြင်းထက် စိုက်ပျိုးမြေများအား စီးပွားရေး လုပ်ငန်းရှင်များထံ ရောင်းချပြီး ရရှိလာသည့် ငွေကြေးများအား ရင်းနှီးမြှုပ်နှံခြင်းက ပိုမိုတွက်ခြေကိုက်သည့် အခြေအနေများကြောင့်လည်း လယ်ယာမြေများမှာ စီးပွားရေးလုပ်ငန်းရှင်များအောက် မြန်မြန်ဆန်ဆန်ပင် ရောက်ရှိသွားခဲ့ရသည်။
လယ်ယာလုပ်ငန်းခွင်တွင် လပေါင်းများစွာ လုပ်ကိုင်နေသည့် လယ်သမားတစ်ယောက်သည် သူပိုင်ဆိုင်သည့် လယ်တစ်ဧကတွင် စပါးစိုက်ပျိုးမည်ဆိုပါက မျိုးစေ့၊ ကောက်စိုက်ခနှင့် ရိတ်သိမ်းခ၊ ဓာတ်မြေသြဇာစရိတ် စုစုပေါင်းကုန်ကျစရိတ် ကျပ်တစ်သိန်းမှ တစ်သိန်းရှစ်သောင်းအထိ ကုန်ကျမည်ဖြစ်သည်။
သို့သော်လည်း လက်ရှိကာ လပေါက်ဈေးများအရ အမြင့်ဆုံးဈေးဖြစ်သည့် စပါးဈေးတင်း ၁၀၀ လျှင်၊ ကျပ်လေးသိန်း ပေါက်ဈေးရရှိချိန်တွင်ပင် ၎င်းတို့ရရှိမည့် တစ်ဧကအတွက် အမြတ်ငွေမှာ ပျမ်းမျှကျပ်နှစ်သိန်းဝန်းကျင်သာ ရရှိမည်ဖြစ်သည်။
အကယ်၍ လယ်သမားများအနေဖြင့် လယ်မြေများတွင် ထွန်ယက်စိုက်ပျိုးခြင်းမပြုဘဲ လယ်တစ်ဧကလျှင် ကျပ် ၂၅ သိန်းဖြင့် ရောင်းချပြီး ဘဏ်တွင် တစ်နှစ်အပ်နှံထားပါက မပင်ပန်းဘဲ အဆိုပါအမြတ်ငွေကို ရရှိမည်ဖြစ်သည်။ လယ်တစ်ဧကလျှင် ကျပ်သိန်း ၁၀၀ ဖြင့် ရောင်းချသည့် လယ်သမားဆိုပါက မပင်ပန်းဘဲ ဘဏ်အပ်ငွေဖြင့် လေးဧကခန့် စိုက်ပျိုးမှရမည့် အမြတ်ငွေကို ရရှိမည်ဖြစ်သည်။
‘‘ပိုက်ဆံမရှိတဲ့ လယ်သမားက လယ်လုပ်တာထက်စာရင် ရောင်းစားတာမှ ကိုက်ဦးမယ်’’ဟု ဧရာဝတီတိုင်းဒေသကြီး အခြေစိုက် လယ်ယာမြေပြဿနာဖြေရှင်းရေး အထောက်အကူပြုအဖွဲ့၏ ဦးဆောင်ကော်မတီဝင် ဦးမျိုးမင်းထွန်းက ပြောသည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်း ပုသိမ်-မုံရွာ ကားလမ်းမဘေး လယ်ကွက်များကိုလည်း လယ်သမားများက စီးပွားရေးလုပ်ငန်းရှင်များထံ လွှဲပြောင်းရောင်းချထားပြီးဖြစ်ကြောင်း ဦးမျိုးမင်းထွန်းကပြောသည်။
‘‘စိုက်ပျိုးတဲ့ကြေးက များတယ်။ ဘယ်သူမှ တွက်ခြေမကိုက်ဘူး။ စီးပွားဖြစ်အနေနဲ့မရဘူး။ ရိုးရာမပျောက်အောင်ဘဲ စိုက်ပျိုးနေကြတဲ့သဘောရှိတယ်’’ဟု ရှမ်းလယ်ယာစိုက်ပျိုးမှု ဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ ဦးစိုင်းအောင်ထွန်းက ပြောသည်။
ရန်ကုန်၊ မန္တလေးကဲ့သို့သော စီမံကိန်းလုပ်ကိုင်ရန် အခွင့်အလမ်းများပြားသည့် မြေနေရာများသာမက ၎င်းတို့အဖွဲ့အခြေစိုက်ရာ ရှမ်းပြည်နယ်တောင်ပိုင်း လင်းခေးမြို့နယ် အတွင်းတွင်ပင် စီးပွားရေးလုပ်ငန်းရှင်များထံ လယ်မြေများ လွှဲပြောင်းရောင်းချရမှုများရှိကြောင်း ဦးစိုင်းအောင်ထွန်းကပြောသည်။
၂၀၁၂ မတ်လကုန်က ပြဋ္ဌာန်းခဲ့သည့် လယ်ယာမြေဥပဒေသစ်ကလည်း လယ်ယာမြေများအား စီးပွားရေးလုပ်ငန်းရှင်များထံ အရောက်ပို့ရန် တွန်းအားပေးသကဲ့သို့ ဖြစ်နေကြောင်း ပညာရှင်များက ထောက်ပြသည်။
အဆိုပါ ဥပဒေတွင် တောင်သူလယ်သမားများအား လယ်ယာမြေများ ပိုင်ဆိုင်ခွင့်နှင့် ရောင်းချပေါင်နှံခွင့် ပေးထားကြောင်း၊ အဆိုပါအချက်ကို အခွင့်အရေးအဖြစ် အသုံးချနိုင်သည့် လယ်သမားများအတွက်တော့ အတိုးနှုန်းကြီးမြင့်စွာဖြင့် စိုက်ပျိုးရေးစရိတ်များကို ရပ်ရွာထဲတွင် ချေးငှားရခြင်းကဲ့သို့သော ပြဿနာများ အဆုံးသတ်ပြီး အတိုးနှုန်းသက်သာသည့် ဘဏ်များတွင် ချေးငှားနိုင်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးသောင်းဦးက ပြောသည်။
‘‘လယ်ယာမြေဥပဒေသစ်အရ လယ်သမားတွေကို ပေါင်နှံရောင်းချခွင့် ပေးထားတယ်။ ဒါက ပိုင်ဆိုင်ခွင့်ပေးထားတဲ့ သဘောဖြစ်လို့ တစ်ဖက်မှာလည်း မွဲဆေးဖော်နေသလို ဖြစ်နေတယ်။ ဒေါ်အောင်ဆန်းစုကြည်လို လူမျိုးကိုယ်တိုင်ပဲ လယ်ယာမြေတွေကို မရောင်းကြပါနဲ့လို့ ပြောနေရတဲ့အထိ ဒီပြဿနာက ကြီးလာတယ်’’ဟု ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ တောင်သူလယ်သမားအရေး ဆောင်ရွက်သူ တရားလွှတ်တော်ရှေ့နေ ဦးသောင်းဦးကပြောသည်။
သို့သော်လည်း အခြားတစ်ဖက်တွင်လည်း ယင်းဥပဒေကိုအသုံးပြုပြီး ငွေကြေးတတ်နိုင်သည့် စီးပွားရေးလုပ်ငန်းရှင်များက လယ်သမားများအား ငွေကြေးအနည်းငယ်ပေးကာ လယ်သမားများ၏ လယ်ယာမြေများကို တရားဝင် ၀ယ်ယူနိုင်မည်ဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးသောင်းဦးက ထောက်ပြသည်။
‘‘အရင်က ဥပဒေအရ အရောင်းအ၀ယ်လုပ်ထားတဲ့ လယ်မြေဆိုတာ တရားမ၀င်ဘူး။ ရောင်းထားပေါင်ထားတဲ့လယ်တွေလည်း ပြဿနာရှိတယ်။ စည်းကမ်းပျက်လယ်ဆိုပြီး အစိုးရက ပြန်သိမ်းလို့ရတယ်။ အခု ဥပဒေအရတော့ ရောင်းပြီးရင် အကျုံးမ၀င်တော့ဘူး’’ဟု ဦးသောင်းဦးက ပြောသည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်း အစိုးရက ပယ်ဖျက်ခဲ့သည့် ရန်ကုန်မြို့သစ်စီမံကိန်းဧရိယာများအတွင်း စီးပွားရေးလုပ်ငန်းရှင်များက လယ်သမားများထံမှ လယ်ယာမြေများ ကျပ်သိန်းရာထောင်ချီကာ ၀ယ်ယူခဲ့ကြသည်။
ထိုစဉ်က အာဏာပိုင်များက ရန်ကုန်-တွံတေး ကားလမ်းမနံဘေး မြို့သစ်စီမံကိန်းတွင် ပါဝင်သည့် ရွာအချို့မှ ရွာသားများအနေဖြင့် လယ်မြေများကို လုပ်ငန်းရှင်များ လာရောက်ဝယ်ယူပါက မရောင်းချရန်၊ မိမိ၏ ဓားမဦးချလယ်မြေများ မဆုံးရှုံးစေရန် မြို့သစ်စီမံကိန်းကြောင့် ရွှေ့ပြောင်းရမည်ဆိုပါက ထိုက်တန်သည့် လျော်ကြေးများပေးမည်ဟု စည်းရုံးခဲ့သော်လည်း မအောင်မြင်ခဲ့။
‘‘လယ်သမားတွေဘက်က အဓိကအားနည်းတာ ငွေကြေးစီမံခန့်ခွဲမှုအပိုင်းပဲ။ များများရတာကို များများစုနိုင်ရင် တော်သေးတယ်။ ဒါပေမဲ့ရသမျှ ကုန်သွားရင်တော့ လယ်ပိုင်က လယ်သမားဖြစ်သွားလိမ့်မယ်။ ဒီပုံအတိုင်းဆိုရင်တော့ လာမယ့် လေး၊ ငါးနှစ်အတွင်း မြန်မာနိုင်ငံမှာ အခြေခံလူတန်းစားလက်ထဲ လယ်ပိုင်တာ သိပ်နည်းသွားလိမ့်မယ်’’ဟု ဧရာဝတီတိုင်းဒေသကြီး အခြေစိုက် လယ်ယာမြေပြဿနာဖြေရှင်းရေး အထောက်အကူပြုအဖွဲ့၏ ဦးဆောင်ကော်မတီဝင် ဦးမျိုးမင်းထွန်းက ပြောသည်။
လယ်မြေများရောင်းချပြီး ဆင်းရဲတွင်းမှ နေ့ချင်းညချင်း လွတ်မြောက်လာခဲ့သည့် ဦးမြင့်ဦးတစ်ယောက်လည်း ပိုက်ဆံသိန်းရာချီလက်ထဲကိုင်ထားရင်း လုပ်ငန်းသစ်များအတွက် စိတ်ကူးယဉ်နေဆဲဖြစ်သည်။
သို့သော်လည်း တစ်သက်လုံးလုပ်ကိုင်လာသည့် လယ်ယာစိုက်ပျိုးခြင်းမှအပ အခြားမည်သည့်စီးပွားရေးမှ မလုပ်ဖူးခဲ့ကြောင်း ဦးမြင့်ဦးကပြောသည်။
‘‘ဘာလုပ်ရမလဲတော့ မသိသေးဘူး။ လောလောဆယ်တော့ လူက အဆင်ပြေသွားတယ်’’ဟု ဦးမြင့်ဦးကပြောသည်။
Credit - 7DAY DAILY

ဓာတ်ပုံ − ကိုစိုင်း
No comments:
Post a Comment