ရန်ကုန်၊ အောက်တိုဘာ ၇
ရှမ်းပြည်နယ်တောင်ပိုင်း မောက်မယ်
မြို့နယ်အတွင်း အရပ်သားများ စီးနင်းလာသော မော်တော်ယာဉ် မိုင်းခွဲခံရမှုနှင့်
ပတ်သက်ပြီး ပအိုဝ့် အမျိုးသားအဖွဲ့ချုပ် (PNO) က ရှမ်းပြည် ပြန်လည်
ထူထောင်ရေး ကောင်စီ RCSS/SSA ထံ အကြောင်းကြားစာ ပေးပို့ပြီး ဖြေရှင်းချက်
တောင်းခံမည် ဖြစ်ကြောင်း PNO အတွင်းရေးမှူး ဗိုလ်မှူး ခွန်လာက ပြောကြားသည်။
အောက်တိုဘာလ ၆ ရက်နေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်တောင်ပိုင်း
လင်းခေးခရိုင် မောက်မယ်မြို့နယ် နန့်ယန်း ကျေးရွာအုပ်စုအနီး ကဒူကြီး
ကျေးရွာသို့ သွားသောလမ်းပေါ်တွင် အရပ်သား စီးလာသော
ဟိုင်းလပ်
မော်တော်ယာဉ်ကို ဆွဲမိုင်းဖြင့် အခွဲခံရသောကြောင့် ကားမောင်းသူတစ်ဦး
သေဆုံးကာ သုံးဦးဒဏ်ရာ ရရှိသွားခြင်းနှင့် ပတ်သက်ပြီး ၎င်းက ယင်းသို့
ပြောကြားခြင်း ဖြစ်သည်။
“သာမန်အရပ်သား စီးလာတဲ့ကားကို မိုင်းခွဲတာက
အကြမ်းဖက်တဲ့ လုပ်ရပ်ပါ၊ မိုင်းဒဏ်ကြောင့် ကားလည်း တစ်ခြမ်းစီ ဖြစ်သွားတယ်။
ဒဏ်ရာရတဲ့ သူတွေကို အတွင်းလူနာအဖြစ် ဟိုနန်း တိုက်နယ်ဆေးရုံကို
ပို့ထားတယ်” ဟု ၎င်းကဆိုသည်။
အဆိုပါ ကားမိုင်းခွဲခံရသော နေရာအနီးရှိ
နန့်ယန်းကျေးရွာ အုပ်စုသည် RCSS/SSA လှုပ်ရှားသော နယ်မြေ ဖြစ်ပြီး
ကားမိုင်းခွဲမှုအပြီး ဆိုင်ကယ် စီးနင်းသူ ဒေသခံတစ်ဦးကိုပါ သေနတ်နှင့်
ပစ်ခတ်ပြီး မိုင်းခွဲခံရသော ကားနှင့် ဆိုင်ကယ်ကို မီးရှို့သွားကြောင်း PNO
ထံမှ သိရသည်။
“ကျွန်တော်တို့က ဒီကိစ္စကို RCSS/SSA ဘက်ကို
သူတို့ဆက်ဆံရေး ရုံးကနေတစ်ဆင့် ဖြေရှင်းချက်ပေးပို့ တောင်းဆိုသွားမယ်” ဟု
ဗိုလ်မှူးခွန်လာက ပြောကြားသည်။
အဆိုပါ ကားမိုင်းခွဲခံရမှုနှင့်
ပတ်သက်ပြီး သိရှိခြင်း မရှိသေးသည့်အပြင် PNO ဘက်က စာဖြင့်ပေးပို့
တောင်းဆိုပါက အဆင့်ဆင့် စုံစမ်းမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း
တောင်ကြီးမြို့ RCSS/SSA ဆက်ဆံရေးရုံး တာဝန်ခံ ဦးစိုင်းဦးက ပြောဆိုသည်။
Credit - The Voice Weekly
No comments:
Post a Comment