~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ရန်ကုန်၊ အောက်တိုဘာ ၈
သမ္မတ ဦးသိန်းစိန်နှင့် အစိုးရ၀န်ကြီး တစ်ဦးတို့ ပူးပေါင်းပြီး နို့စားနွား မွေးမြူရေးကို နေပြည်တော်တွင် လုပ်ကိုင်လျက်ရှိပြီး ယင်းမှရရှိသည့် နို့ထွက်ပစ္စည်းများကို ဈေးကွက်အတွင်း တင်ပို့ ရောင်းချနိုင်ရန် အတွက် စီစဉ်လျက်ရှိကြောင်း၊ သမ္မတအနေဖြင့် အမည်မခံဘဲ ၎င်းနှင့် နီးစပ်သူဖြင့်သာ မွေးမြူ ထုတ်လုပ်ရေး စီစဉ်လျက် ရှိကြောင်း သမ္မတရုံး အကြီးတန်း အကြံပေး တစ်ဦးထံမှ သိရှိရသည်။
အလားတူ အခြားသော ၀န်ကြီးဌာန အချို့၌လည်း နို့စားနွား မွေးမြူရေး လုပ်ငန်းများကို အကြီးအကျယ် လုပ်ကိုင် နေကြကြောင်းလည်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။ တိုင်းပြည်သို့ နွားနို့သောက်ရန် တိုက်တွန်း ပြောကြားခဲ့သော သမ္မတ ဦးသိန်းစိန် ကိုယ်တိုင် အမည်မခံ သော်လည်း ၎င်းနှင့် နီးစပ်သူအား နွားမွေး၍ စီးပွားဖြစ်နွား နို့ထုတ်လုပ် ရောင်းချသည့် သတင်းထွက်ပေါ် လာမှုအပေါ် သမ္မတရုံးမှ ပြောရေးဆိုခွင့် ရှိသူနှင့် တာဝန်ရှိသူများထံ မြန်မာသံတော်ဆင့်မှ ဆက်သွယ်၍ မေးမြန်းခဲ့ရာ ၎င်းတို့အနေဖြင့် မသိရှိကြောင်းသာ ပြန် လည် ဖြေကြားထားခဲ့သည်။
သမ္မတ ဦးသိန်းစိန်က နွားမွေးမြူရေး လုပ်ငန်းနှင့် ပတ်သက်၍ စိတ်ဝင်တစား ရှိပုံများကို ပြီးခဲ့သည့် စက်တင်ဘာ လဆန်းရက်များက သွားရောက်ခဲ့သည့် ဥရောပ (၃) နိုင်ငံခရီးစဉ် အတွင်း ဆွစ်ဇာလန်နိုင်ငံသို့ ရောက်ရှိစဉ် Schupfen ရွာရှိ နွားမွေးမြူရေး ခြံများသို့ သွားရောက်ကာ မွေးမြူရေးနှင့် ပတ်သက်၍ သိရှိ လိုသည့် အချက်များကို အသေးစိတ် မေးမြန်းခဲ့ဖူးသည်။ ယင်းသို့ မေးမြန်းရာတွင် ညှစ်ပြီးသား နွားနို့များကို မည်သို့မည်ပုံ သိမ်းဆည်း သိုလှောင်သနည်း၊ အပူချိန်မည်မျှတွင် ထားရှိသနည်း၊ လယ်တော၌ မည်မျှကြာကြာ အထားခံသနည်း၊ ထွက်ရှိလာသော နွားနို့များကို မည်သည့်နေရာသို့ ပို့ ဆောင်ရသနည်း၊ မည်သို့ပို့ဆောင် သနည်း၊ နွားစာကောက်ရိုး များကို မည်သို့ စုဆောင်းသနည်း၊ ယင်းကောက်ရိုးများ မည်မျှကြာကြာ အထားခံ သနည်း၊ ကြာကြာ အထားခံနိုင်ရန် ဓာတုဗေဒ ဆေးဝါးများ သုံးပါသလား စသည်တို့ ပါဝင်ခဲ့ကြောင်းကို သမ္မတ၏ ခရီးစဉ်တွင် လိုက်ပါ သွားခဲ့သည့် ပြန်ကြားရေး ၀န်ကြီးဌာန အဆင့်မြင့်အရာရှိ တစ်ဦးဟု ယူဆရသူက သမိန်ဗြတ်ဇ အမည်ဖြင့် အောက်တိုဘာ(၄)ရက် နေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ထုတ်ရေးသား ထားသည်။
ထို့ပြင် ယခုနှစ်စက်တင်ဘာ လဆန်းရက်များက သွားရောက်ခဲ့သည့် သမ္မတဦးသိန်းစိန်၏ ဥရောပ (၃)နိုင်ငံ ခရီးစဉ်အတွင်း ဆွစ်ဇာလန် နိုင်ငံသို့ ရောက်ရှိစဉ်က ဘန်းမြို့နယ် အတွင်းရှိ အသုံးချသိပ္ပံ တက္ကသိုလ်၏ စိုက်ပျိုးမွေးမြူရေး ခြံသို့ သွားရောက်ကာ စိုက်ပျိုးမွေးမြူရေး ခြံအတွင်း နို့စားနွားများ မွေးမြူထားရှိမှု၊ ကျွေးမွေးမှု ပုံစံများနှင့် နို့စားနွား အစာများကို စနစ်တကျ ထုတ်လုပ်မှုများ၊ နို့စားနွားများမှ နို့ညှစ်ယူပြီးနောက် ထုတ်လုပ် ဖြန့်ချိမှုများကို လေ့လာ မေးမြန်းခဲ့သည်။
သမ္မတ ဦးသိန်းစိန်အနေဖြင့် ၂၀၁၃ခုနှစ် မတ်လက နို့ထွက်ကုန် ပစ္စည်းအဓိက တင်ပို့သည့် နယူးဇီလန်နိုင်ငံသို့ သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း ဧက(၃၅၀)အကျယ်ရှိ စားကျက်ကွင်းတွင် နို့စားနွား အကောင်(၅၀၀) မွေးမြူ ထားသည့် တောင်သူတစ်ဦး၏ နေရာသို့ တကူးတကန့် သွားရောက် လေ့လာခဲ့ဖူး သေးသည်။ အဆိုပါ နွားမွေးမြူသည့် နေရာ တွင် နို့စားနွား အကောင် (၅၀)ကို တစ်ပြိုင်တည်း နို့ညှစ်နိုင် သည့် နို့ညှစ်စက်များ၊ နွားနို့များကို အရည်အသွေး စစ်ဆေးသည့်ကားဖြင့် လာရောက်သယ်ယူမှုများ၊ နွားစာအဖြစ် စီမံထားမှုများကို အသေးစိတ် လေ့လာခဲ့ကြပြီး ၎င်းတို့ သိရှိလိုသည်များကို မေးမြန်းခဲ့ကြ သည်။ ပြည်သူများ အနေဖြင့် နွားမွေးမြူ ကြရန်နှင့် နို့သောက်ကြရန်အတွက် ယခုနှစ် ဇန်န၀ါရီလ အတွင်းက မကွေးတိုင်း ဒေသကြီး အတွင်း ကျေးလက် ဒေသ ဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘ၀ မြှင့်တင်ရေး အခမ်းအနားနှင့် မြေလတ်သား အထွေထွေ စီးပွားရေးလုပ်ငန်း သမ၀ါယမအသင်း လီမိတက်၏ နှမ်းအခွံချွတ်နှင့် နှမ်းလှော် ဆီမွှေးစက်ရုံ ဖွင့်ပွဲအခမ်းအနားတွင် တောင်သူများ အနေဖြင့် စိုက်ပျိုးရေး သာမက နေ့စဉ်ဝင်ငွေ ရရှိစေရန် နွားမွေးမြူရေး လုပ်ငန်းကိုလည်း တွဲဖက်လုပ်ကိုင် လာကြစေရန် စည်းရုံး ဆောင်ရွက်ကြရန်နှင့် နိုင်ငံတော် အနေဖြင့် ပြည်သူများ နို့သောက်သုံးသည့် အလေ့အကျင့် ရရှိစေရန် သမ၀ါယမ အသင်းများသို့ နို့ထုတ်လုပ်ရေး စက်များ ပံ့ပိုးပေးသွားမည် ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့ဖူးသည်။
လက်ရှိတွင် အစိုးရ၏ ၀န်ကြီးဌာနအချို့တွင် နို့စားနွားများ မွေးမြူနေကြောင်း သတင်းများ ထွက်ပေါ်မှုနှင့် ပတ်သက်၍ ““သမ၀ါယမ ၀န်ကြီးဌာန အနေနဲ့က နွားမွေးမြူရေးဆိုပြီး သီးသန့် ခေါင်းစဉ်တော့ မရှိပါဘူး။ မွေးမြူရေး လုပ်ချင်တဲ့သူတွေကို သမ၀ါယမ အသင်းတွေကနေ တဆင့် မွေးမြူရေး လုပ်ငန်း အဆင့်မြင့်ဖို့ သမ၀ါယမ ဦးစီးဌာနက ဆောင်ရွက် ပေးတာမျိုးပဲ ရှိတယ်။ မွေးမြူရေး လုပ်ချင်သူတွေ ကနဦး မတည်တွေ လိုတယ်။ ချေးပေး ပါဆိုရင် အထောက်အထား တင်ပြလာရင် သူရဲ့လုပ်ငန်း ဆောင်ရွက်ချက်ကို ကြည့်ပြီးမှ လိုအပ်တဲ့ ထုတ်ချေးငွေတွေ ချေးပေးတာပေါ့။ တစ်တိုင်းပြည်လုံး အနေနဲ့တော့ မွေးမြူရေးလုပ်ပြီး နို့စားနွားမတွေ တပ်ကုန်း ဘက်မှာတော့ မွေးမြူရေးအသင်း အစုအဖွဲ့တွေလုပ်နေတာပဲ။လုပ်
ယခုလတ်တလောတွင် ထိုင်းနိုင်ငံသို့ ဥရောပမှ မှာယူ တင်သွင်းကာ ဗီဇပြုပြင်ကာ မွေးမြူထားသည့် Chcochai နို့စားနွား မျိုးစိတ်များကို ထိုင်း-မြန်မာ နယ်စပ်မြို့ ဖြစ်သော မဲဆောက်မြို့မှတဆင့် မှာယူတင်သွင်းမှု များလည်း ရှိနေသည်။ အဆိုပါ အခြေအနေများနှင့် ပတ်သက်၍ ““သက်ဆိုင်ရာ ၀န်ကြီးဌာန၊ ဦးစီးဌာနရဲ့ ညွှန်ကြားချက် နဲ့အညီ နို့စားနွားရော၊ အသားစားနွားရော သွင်းတယ်။ ကျွန်တော်တို့က တိရစ္ဆာန် ကျွမ်းကျင် ဆရာဝန် ဆိုတော့ ကူညီပေးတဲ့ သဘောပါပဲ။ မွေးမြူရေးနဲ့ ရေ လုပ်ငန်း ကျေးလက်ဝန်ကြီးဌာန အနေနဲ့ ပြည်တွင်းမှာ မျိုးညံ့တွေ များပြား လာတဲ့အတွက် ပြည်ပက မျိုးကောင်းမျိုးသန့်တွေ နို့စားနွား၊ အသားစား နွားတွေကို တင်သွင်းတဲ့ သဘောပါပဲ။ နို့စားနွားက လွန်ခဲ့တဲ့ နှစ်နှစ်ကတော့ (၁၀)ကောင် (၁၂)ကောင်လောက် တင်သွင်းတယ်။ ဒီအသားစားနွားနဲ့ နို့စားနွား နှစ်မျိုးမှာဘယ်ဟာကို ပိုပြီးတင်သွင်းတယ် ဆိုတာတော့ တခြား ကုမ္ပဏီတွေ ကလည်း သွင်းကြတာ ဆိုတော့ ကျွန်တော်တို့မှာ မှတ်တမ်း မရှိဘူး။ ကျွန်တော်တို့ဌာနက ကြားက ကူညီ ပေးနေတာပဲရှိတာ””ဟု မြ၀တီမြို့ရှိ တိရစ္ဆာန် မွေးမြူရေးနှင့် ကုသရေး ခရိုင်ဦးစီးမှူးက မြန်မာသံတော်ဆင့်သို့ ပြောသည်။
ဝန်ကြီးဌာနများမှ ထိုင်းနိုင်ငံမှ နို့စားနွားများ မှာယူ တင်သွင်းမှု များ ပြုလုပ်နေကြောင်းကို ““အခု ရက်ပိုင်းမှာ ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံကို ထူးထူးခြားခြား သွားနေတာတွေက နွားတွေပဲ ဖြစ်ပါတယ်။ ဒီ နွားတွေဟာ နို့စားမွေးမြူရေး နွားပါ။ ဒီနွားတွေဟာ မဲဆောက် အကောက်ခွန် ရုံးရှေ့မှာ တန်းစီရပ်ထား တဲ့ နွားတွေ တင်ထားတဲ့ ကားတွေအနားက လူတစ်စုရဲ့ အင်္ကျီတွေမှာ နွားမွေးမြူရေး ခြံတံဆိပ်တွေ ရိုက်ထား တာ တွေ့ရပါတယ်။ သူတို့အထဲက တာဝန်ရှိတဲ့ သူတစ်ယောက်ကို ဒီနွားတွေနဲ့ ပတ်သက်ပြီးတော့ မေးကြည့်ဦးမှ … ပြောသွားတာက ဒီနွားတွေဟာ ဇီးတင်ထားတဲ့ နွားမဒန်းတွေ ဖြစ်ပါတယ်။ မူရင်း အိုစတိုင်ဖရီးရှင်းကနေ ချုပ်ချိုင်ဖရီးရှင်း အဖြစ်နဲ့ ထိုင်းနိုင်ငံမှာ နာမည်ရနေတဲ့ နို့စားနွားမျိုး ဖြစ်ပါတယ်။အခု မြန်မာနိုင်ငံကို တင်ပို့ နေတာပါ။ အစိုးရဌာန အတော်များများကမှာ ၀ယ်ကြသလို ပုဂ္ဂလိက တွေကလည်း မှာဝယ်ကြတယ်လို့ ပြော သွားပါတယ်””ဟု ဘီဘီစီ မြန်မာပိုင်း အစီအစဉ်က စက်တင်ဘာ၂၃ ရက် မနက်ပိုင်းတွင် ထုတ်လွှင့် သွားခဲ့သည်။
သမ္မတမှ နွားနို့ ထုတ်လုပ် ရောင်းချခြင်း၊ နွားမွေးမြူခြင်းတို့မှာ ၎င်း၏ ကိုယ်ပိုင်စီးပွားရေး လုပ်ပိုင်ခွင့် အရ ပြုလုပ်ခြင်း ဖြစ်နိုင်သော်လည်း သမ္မတ ဦးသိန်းစိန် အနေဖြင့် တိုင်းပြည်သို့ နွားနို့သောက်ရန် တရားဝင် တိုက်တွန်း ပြောကြားခဲ့ခြင်းမှာ စီးပွားရေးအရ ကြော်ငြာ ပြုလုပ်ခြင်း သဘောပင် ဖြစ်နိုင်ကြောင်း၊ နွားနို့ သောက် ရန် တိုက်တွန်းသော သမ္မတကြီး အနေဖြင့် ကိုယ်တိုင် သို့မဟုတ်၊ ဆွေမျိုး၊ နီးစပ်သူများ နို့စားနွား မွေးမြူ ထုတ်လုပ်ခြင်း ရှိမရှိ ပြည်သူ တစ်ဦးအနေဖြင့် သိလိုကြသည်မှာ မဆန်းကြောင်း၊ သမ္မတရုံး အနေဖြင့် သတင်းထုတ်ပြန် ပေးသင့်ကြောင်း ရန်ကုန်မြို့မှ တရားလွှတ်တော် ရှေ့နေတစ်ဦးက မြန်မာသံတော်ဆင့်သို့ သုံးသပ်ပြောကြားသည်။
MH-0030
မြန်မာသံတော်ဆင့်သတင်းဌာန – http://www.facebook.com/

No comments:
Post a Comment