ယခုနှစ်၏ နိုဘယ်လ် ငြိမ်းချမ်းရေးဆုကို မာလာလာ ယူဆွတ်ဖ်ဇိုင်နှင့်
ကိုင်လက်ရှ် ဆတ်ယာသီတို့က ပူးတွဲ ဆွတ်ခူးသွားခဲ့ကြောင်း သတင်းရရှိသည်။
ပါကစ္စတန် ဆယ်ကျော်သက် မိန်းကလေး မာလာလာသည် ပြီးခဲ့သည့် နှစ်ကတည်းက နိုဘယ်လ် ငြိမ်းချမ်းရေးဆု ဆွတ်ခူးရန် အထူးတလည် ရေပန်းစားနေခဲ့သူ ဖြစ်သည်။ သူမသည် ပါကစ္စတန် နိုင်ငံတွင် တာလီဘန် စစ်သွေးကြွများ ဩဇာသက်ရောက်သည့် ဒေသများ၌ အမျိုးသမီးများ၏ ပညာရေး အဆင့်အတန်း နိမ့်ကျနေမှုကို တိုက်ဖျက်ရန် ကြိုးစားခဲ့သူ ဖြစ်သည်။ မာလာလာ၏ လုပ်ရပ်များအပေါ်
မကျေနပ်သည့် တာလီဘန်တို့က သူမ၏ အသက်ကို လုပ်ကြံခဲ့သည့်တိုင် ကံအားလျော်စွာဖြင့် သေဘေးမှ လွတ်မြောက်ခဲ့သည်။
ကိုင်လက်ရှ်မှာ အိန္ဒိယနိုင်ငံရှိ ကလေးသူငယ် အခွင့်အရေးအတွက် တောင်းဆို လှုပ်ရှားသူ တစ်ဦးဖြစ်သည်။ (၁၉၉၀)ပြည့်လွန် နှစ်များကတည်းက ကိုင်လက်ရှ်သည် အိန္ဒိယရှိ ကလေးလုပ်သားများ အသုံးပြုနေမှုကို စိတ်ရောကိုယ်ပါ နှစ်မြှုပ်ပြီး တိုက်ဖျက်ခဲ့သူ ဖြစ်သည်။
ယခုနှစ်၏ နိုဘယ်လ် ငြိမ်းချမ်းရေးဆုကို နော်ဝေးနိုင်ငံ၊ အော်စလိုမြို့တွင် အောက်တိုဘာ (၁၀)ရက်၌ သရော့ဘ်ဂျန် ဂျက်လန်းက ဖတ်ကြား ကြေညာခဲ့သည်။ အဆိုပါ စာရင်းကို လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်း အမည်ပေါင်း (၂၇၈)ခု အနက်မှ ရွေးချယ်ခြင်း ဖြစ်သည်။ နှစ်အလိုက် နိုဘယ်လ်ငြိမ်းချမ်းရေးဆု အမည်စာရင်း တင်သွင်းမှုများတွင် ယခုနှစ်သည် ဆန်ခါတင် အမည်သတ်မှတ်မှု အများဆုံးလည်း ဖြစ်ခဲ့ကြောင်း ဆုရွေးချယ်ရေး အဖွဲ့က အတည်ပြုခဲ့သည်။
_Ref: CBA News

Credit - 7DAY DAILY
Photo - The Gurdian
No comments:
Post a Comment