ရန်ကုန်၊ အောက်တိုဘာ ၈
သမ္မတအမိန့်ဖြင့် အောက်တိုဘာ ၇ ရက်တွင် အကျဉ်းထောင် အသီးသီး၌ ပြစ်ဒဏ် ကျခံနေရသော အကျဉ်းသား ၃၀၇၃ ဦးအား လွတ်ငြိမ်း ချမ်းသာခွင့် ပေးရာတွင် နိုင်ငံရေး အကျဉ်းသားများကို ရည်ရွယ်၍ လွတ်ပေးခြင်း မဟုတ်ကြောင်း၊ နိုင်ငံရေး အကျဉ်းသား ဦးရေမှာ လည်း မျှော်လင့် ထားသည်ထက် အလွန်နည်းပါး နေခြင်း မှာ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ ပြောင်းလဲရေးကို ထိခိုက်စေနိုင်ကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ချုပ် ဦးဆောင် အဖွဲ့ဝင် ဦးမြင့်ဝင်းမောင်က အောက်တိုဘာ ၈ ရက်တွင် မြန်မာ သံတော်ဆင့်သို့ ပြောသည်။
မြန်မာပြည် ဒေသအသီးသီးရှိ အကျဉ်းထောင်များမှာ အကျဉ်းကျခံ နေရ သူ မြန်မာနိုင်ငံသား အကျဉ်းသား ၃၀၁၅ နှင့် နိုင်ငံခြားသား ၅၈ ဦး လွှတ်ပေးခဲ့ရာတွင် နိုင်ငံရေး အကျဉ်းသားဟု သတ်မှတ်ခံရသူ နှစ်ဦးခန့်သာ ပါဝင်သည့်အတွက် ယခုကဲ့သို့ သုံးသပ် ပြောဆိုခဲ့ခြင်း ဖြစ်သည်။
““အခု လွှတ်ပေးလိုက်တဲ့ အထဲမှာ နိုင်ငံရေး အကျဉ်းသား မပါသလောက်လို့ ပြောလို့ရတယ်။ အရင်က နိုင်ငံရေး အကျဉ်းသားတွေ လွတ်ပြီးတဲ့အခါ ကျန်ခဲ့တဲ့ မှန်းထားတဲ့ လူအယောက် ၃၀ က လွတ်မလာဘူး။ လက်ရှိ အစိုးရကလည်း အာဏာရှင် လက်ထက်တုန်းကလိုပဲ မြန်မာပြည် မှာ နိုင်ငံရေး အကျဉ်းသား မရှိဘူး ဆိုပြီး ခံယူထားပုံရတယ်။ သာမန် အကျဉ်းသားတွေနဲ့ ရောထွေးပြီး လွှတ်တဲ့ သဘောရှိတယ်။ ဒီလိုမျိုး စိတ်ဓာတ် ရှိနေရင်တော့ ပြည်တွင်း ငြိမ်းချမ်းရေးလည်း ထိခိုက်နိုင်သလို ဒီမိုကရေစီ ပြောင်းလဲရေးမှာလည်း အဖုအထစ်တစ်ခု ဖြစ်နေဦးမယ်လို့ ယူဆပါတယ်””ဟု ဦးမြင့်ဝင်းမောင်က ပြောသည်။
လက်ကျန် နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော်မတီအနေဖြင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးအတွက် နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ချုပ်နှင့် ပူးပေါင်း ဆောင်ရွက်ရာတွင် အားနည်းမှုကြောင့် နိုင်ငံရေး အကျဉ်းသား လွတ်မြောက်မှုဦးရေ နည်းပါးခြင်း ဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ချုပ်က သုံးသပ်လျက် ရှိသည်။
““နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီက အစည်းအဝေး မလုပ်တာ လည်း တော်တော်ကြာပြီ။ နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီဆိုတာ ရှိသေးလား။ မရှိဘူး။ နာမည်ပဲ ပြောင်းလိုက်တာလား ဆိုတာတော့ အစိုးရအနေနဲ့ အကြောင်းကြား သင့်တယ်။ ထောင်ထဲမှာ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ ရှိပါလျက်နဲ့ လွှတ်တော်ထဲမှာလည်း နိုင်ငံရေး အကျဉ်းသား အဓိပ္ပာယ် ဖွင့်ဆိုချက်ကို မကြိုးစားကြတာလည်း အံ့သြ စရာပဲ”” ဟု နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးညိုထွန်းက ပြောသည်။
၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် နိုင်ငံရေး အကျဉ်းသားများ မရှိအောင် ဆောင် ရွက် ပေးသွားမည်ဟု သမ္မတ ဦးသိန်းစိန် က ပြောကြားထားပြီး ကျန်ရှိနေသော နိုင်ငံရေး အကျဉ်းသားများကို ပြန်လွှတ်ပေးရန် အစိုးရပိုင်းနှင့် နိုင်ငံရေး အကျဉ်းသားများအရေး တက်ကြွလှုပ်ရှားသူများ ပါဝင်သည့် လက်ကျန် နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော်မတီကို ဖွဲ့စည်းပေးခဲ့သည်။
အစိုးရမှ ဖြေရှင်းပေးရမည့် ပြဿနာများထဲတွင် နိုင်ငံရေး အကျဉ်း သား ပြဿနာမှာလည်း အဓိကကျကြောင်း၊ ၎င်းပြဿနာကို ဖြေရှင်း ပေးနိုင် ပါက အမေရိကန် ပိတ်ဆို့မှုနှင့် ကုလသမဂ္ဂ၏ ထိန်းချုပ်မှုများမှ ယုတ်လျော့သွား မည်ဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်းမှ တွဲဖက် အတွင်းရေးမှူး ဦးဘိုကြည်က ပြောကြားခဲ့သည်။
အောက်တိုဘာ ၇ ရက်တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်လာသူများတွင် ယခင် ထောက်လှမ်းရေး အဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ခင်ညွှန့် (ငြိမ်း)၏ ကိုယ်ရေးအရာရှိ ဗိုလ်မှူးနိုင်ဌေး (ပူတာအိုထောင်)၊ မြင်းခြံထောင် မှ ဗိုလ်မှူးချုပ် သိန်းဆွေ၊ မြိတ်အကျဉ်းထောင်မှ ဗိုလ်မှူးကြီး အောင်အောင်နှင့် ဗိုလ်မှူးကြီးမင်းသု၊ ပခုက္ကူ အကျဉ်းထောင်မှ ဗိုလ်မှူးကြီး အောင်ကျော်မိုး တို့လည်း ပါဝင်ခဲ့သည်။
ယင်းကဲ့သို့ အကျဉ်းသားများကို လွတ်ငြိမ်း ချမ်းသာခွင့်ပေးခြင်းသည် အစိုးရသစ် လက်ထက်တွင် ၁၅ ကြိမ် မြောက် လွတ်ငြိမ်းခွင့် ပေးခြင်းဖြစ်ကာ ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်တွင် နောက်ဆုံး အနေဖြင့် လွတ်ပေးခဲ့ပြီး လက်ရှိအချိန်ထိ နိုင်ငံရေး အကျဉ်းသား စုစုပေါင်း ၄၂၀၀ ကျော် လွတ်မြောက်ခဲ့ပြီး ဖြစ်သည်။
သဉ္ဇာဆွေ
မြန်မာသံတော်ဆင့်သတင်းဌာန – http://www.facebook.com/
No comments:
Post a Comment