Saturday, October 11, 2014

ကာချုပ်ကြီးထံသို့ အိတ်ဖွင့်ပေးစာ – ပေးစာ


မြန်မာပြည်ရှိ အိုးမဲ့အိမ်မဲ့ အခြေခံလူ တန်းစားများမှာ အလွန်အမင်း ဒုက္ခရောက်လျက် ရှိပါသည်။ စားစရာမရှိတာထက် နေစရာ မရှိတာ ပိုခက်ခဲနေတဲ့ ဘ၀ပါ။ မိသားစုတစ်စု အမိုးအကာအောက် မှာ ကျောတစ် နေရာချဖို့ နေ့စဉ် ပူပန်သောက ရောက်နေရသည့် ဘ၀ပါ။ ကျွန်မ၏ အမျိုးသားမှာ တောင်တွင်းကြီး (၁၀၃) စစ်တပ်မှ စစ်ထွက်တစ်ဦးပါ။ ကျွန်မ၏ ဖခင်မှာလည်း ထပရ(၅၂၅)တပ်မှ စစ်မှုထမ်းဟောင်း တစ်ဦးပါ။ ကျွန်မ ၏ သားမှာလည်း ထပရ (၁၂၁) နန်းတွင်း မန္တလေးမှာ လက်ရှိ တာဝန်ထမ်းဆောင် နေသူပါ။ ကျွန်မမှာ သားသမီး (၃)ယောက် ရှိပါသည်။ ကျွန်မ၏ အမျိုးသားမှာ တပ်မတော်မှ အငြိမ်းစား ယူပြီးသည်နေ့မှစ၍ ယခု အချိန်ထိ ကျန်းမာရေး မကောင်းသဖြင့် ဘာအလုပ်မှ မလုပ်နိုင်တော့ပါ။ ကျွန်မမှာ မိန်းမသား ဖြစ်ပေ မယ့် ယောက်ျားများနှင့် တန်းတူ ကယ်ရီဆွဲပြီး ဘ၀ကို ရုန်းကန်နေရပါသည်။ အိမ်ငှားဘ၀ဖြင့် မနေနိုင်ပါသဖြင့် ဆိုင်ကယ်-
ကယ်ရီဆွဲသည့် နေရာနှင့်အနီးဆုံး ဖြစ်သည့်နေရာတွင် နေထိုင်ရာ ကျူးကျော်လည်း မဟုတ်ပါ။ တပ်မြေနှင့်လည်း ကင်းလွတ်ပါသည်။ တပ်မြေ မကျူးကျော်ရ ဆိုင်းဘုတ်လည်း မရှိပါဘူး။ တပ်ဧရိယာ နှင့်လည်း ကင်းလွတ်ပြီး တဲထိုးနေပါသည်။ ကျွန်မလိုပဲ နေစရာမရှိ ဒုက္ခရောက်နေသည့် မိသားစုများလည်း နေထိုင်ပါသည်။ ကျွန်မတို့ နေထိုင်ရာ ပတ်ဝန်းကျင်တွင် နန္ဒ၀န် ရေကန်ကြီး ရှိပါသည်။

ကျွန်မတို့ နေထိုင်ရာ ပတ်ဝန်းကျင် အပါအ၀င် နန္ဒ၀န် ရေကန်ကြီးကို တစ်ဝက်သိမ်းမှာဟု ပြောလာ ပါသည်။ ရေကန်ကို တစ်ဝက်သိမ်းပြီးလျှင် ကျန်တဲ့ရေကန် တစ်ဝက်ကို မည်သူပိုင်ပါသလဲ။

ပြင်ဦးလွင် စစ်တက္ကသိုလ် (DSA) မှ နောက်တိုး သိမ်းတယ်ဆိုပြီး (၁၀)လပိုင်း သီတင်းကျွတ်ကို ဖယ်ပေးရမည်။ မဖယ်ပေးလျှင် တည်ဆဲ ဥပဒေအရ အရေးယူမည်ဟု ပြင်ဦးလွင် စစ်တက္ကသိုလ် (DSA) အုပ်ချုပ်ရေးမှူးမှ ခေါ်ပြောပြီးပါပြီ။ ၁၂-၉-၂၀၁၄ တွင် ထပ်ပြီးတော့ ၁၅-၁၀-၂၀၁၄ နောက်ဆုံးထားပြီး ဖယ်ပေး ရမည်ဟု စာထပ်ပို့ပါသည်။

အဲဒီအဖြစ်ဟာ သူဌေး သင်္ဘောမှောက်တာ မဟုတ်ဘဲ မိသားစု ဒုက္ခရောက်တဲ့ အဖြစ်ပါ။ ကျွန်မတို့ မိသားစုဟာ နိုင်ငံတာဝန် ထမ်းဆောင်နေကြသည့် မိသားစုတွေပါ။ တပ်မတော်သားဟောင်းတစ်ဦး ဒုက္ခရောက် နေတာကို ကိုယ်ချင်းမစာ ဖယ်ခိုင်းပြီး ဘယ်သူသေသေ ငါမသေပြီးရောဆိုပြီး လုပ်နေကြသည်ကို ကာချုပ်ကြီး သိစေရန် အသိပေးအပ်ပါသည်။

  ဒေါ်ချိုချိုမာ၊ ပြင်ဦးလွင်

  မြန်မာသံတော်ဆင့်သတင်းဌာန – http://www.facebook.com/myanmarherald

No comments:

Post a Comment