Friday, October 10, 2014

ကန်တော့ခံ ထိုက်ပါစေ

#‎emg_opinions‬

Written by : ရဲထွတ်နီ
ဆရာတပည့်ဟု ဆိုလိုက်လျှင် စာသင်ကျောင်းနှင့် စာသင်ခန်းကို ပြေး၍မြင်ယောင် သတိရမိလိုက်ကြပါသည်။ မြန်မာမှုတွင် ဆရာဆိုသည်မှာ ဆရာအပေါင်း အကျုံးဝင်ပါသည်။ မိမိတို့ကို ဝမ်းနှင့်လွယ်ကာ မွေးဖွားသန့်စင်ပြီး အသက်ရှင်အောင် ကျွေးမွေးသုတ်သင်ပြုစုခဲ့သော မိဘတို့သည် ပုဗ္ဗာစရိယ ရှေးဦးဆရာများ ဖြစ်ကြပါသည်။ မိဘတို့သည်လည်း လက်ဦးဆရာမည်ထိုက်ကြရမည်ဟု ဆိုထုံးပြုထားပါသည်။

“အတုမြင် အတတ်သင်” “အတုမြင် အတတ်ရ” ဆိုရိုးစကားအတိုင်း မိမိတို့ဘဝတွင် မြင်ဆရာများလည်း ရှိကြသည်။ ကြားဖူးနားဝရှိရသဖြင့် သိရ၊ တတ်ရသည်မှာလည်း အများအပြားမို့ ဘဝတွင် ကြားဆရာတို့၏ ကျေးဇူးရှိပြန်ပါသည်။
ဆရာ၏ ကျေးဇူးဂုဏ်သည် အဆုံးအစ မရှိ၊ များပြားမြင့်မြတ်လှ၍ မြန်မာမှုတွင် ဆရာကို အနန္တောအနန္တဂိုဏ်း၌ အထွတ်အမြတ် ထားကြပါသည်။ ဝါလကင်းလွတ် သီတင်းကျွတ်သည့် ယခုအခါသမယလို နေ့ထူးရက် မြတ်တွင် အိမ်၌ ဘိုးဘွားမိဘတို့ကိုဖြစ်စေ၊ ကျောင်း၌ အာစရိယဆရာတို့ကိုဖြစ်စေ တပည့်သားသမီး မြေးမြစ်တို့က ပူဇော်ကန်တော့ကြသည့်အခါ ဘဝတွင် တော်စပ်ခဲ့ဖူးသမျှ မိဘဆရာတို့ကို အာရုံပြုကာ မျက်မှောက်ရှိ ပုဂ္ဂိုလ်တို့ကို ပူဇော်ကန်တော့ကြခြင်း ဖြစ်သည်။ ဤမြန်မာမှုသည် မင်္ဂလာတရားနှင့်အညီ ကျက်သရေလည်း ရှိလှပါသည်။ ကျက်သရေဆိုသည်မှာ ကောင်းမှုကုသိုလ်ဟု ဆိုပါသည်။
မိဘတို့သည် ရှေးဦးဆရာဖြစ်ကြ၍ သားသမီးတို့သည် တပည့်များဖြစ်ကြပြန်သည်။ မိမိတို့၏ မိဘများသည် ဘာတွေသင်ကြားပေးခဲ့ပါသနည်း။ သက်ရှိထင်ရှား ရှိကြသေးလျှင် ဘာတွေသင်ပြပေးနေပါသနည်း။ မိမိတို့ကိုယ်တိုင် မိဘများအရာ ရောက်ရှိကြပြီဆိုလျှင် မိမိတို့၏ ကံသုံးပါး အပြုအမူမှန်သမျှတို့သည် သားသမီးများအတွက် သင်ပြမှုများအဖြစ် ရှိပေလိမ့်မည်။
စာသင်ကျောင်းသို့ရောက်၍ တပည့်အဖြစ် ခံယူကြရသည့်အခါ “ကမချ” ဟု ဆို သည့်အတိုင်း မြန်မာဗျည်း ၃၃ လုံးနှင့် သရ တို့ကိုတွဲ၍ပြသော “သင်ပုန်းကြီး”ကို ဆရာက ထောက်ပြအော်ဆိုပြသည့်အတိုင်း ကျွန်တော်တို့တွေ ရွတ်ဆိုသင်အံ ခဲ့ရပါသည်။ တပည့် စာရေးတတ်အောင် သင်ပေးသူ “ကံ့ကူလက်လှည့်”ဆရာဆိုသည်မှာ ရှေးရှေးက ကံ့ကူကျောက်အဆန် ကံ့ကူတံဖြင့် လက်ထပ်သင်ကြားပေးသောဆရာ ငယ်ဆရာဖြစ်ပါသည်။ ကျွန်တော်တို့ခေတ်က ကျောက်သင်ပုန်းနှင့် ကျောက်တံကို ကိုင်ခဲ့ရသည်။ တပည့်ဆိုသည် ဆရာ့ထံတွင် ထိုအဆင့်များမှစ၍ သင်ယူကာ တတ်မြောက်လာခဲ့ကြခြင်း ဖြစ်သည်။
အဘိဓာန်တွင် ဆရာဝေါဟာရကို (၁) ပညာသင်ကြားပေးသူ၊ သွန်သင်ဆုံးမနည်းလမ်းပြသူ၊ (၂) အတတ်၊ လုပ်ငန်းတစ်ရပ်ရပ်တွင် ကျွမ်းကျင်သူဟူ၍ အနက်ဖွင့်ပေးထားသည့်အတိုင်း မိမိတို့၏ ဘဝအသီးသီးတွင် ငယ်ဆရာများမှစ၍ ဆရာအပေါင်းတို့၏ ကျေးဇူးများ များပြားခဲ့ကြပေသည်။ “တနပဲ့ပြင်”ဟုလည်း ဆိုကြသည်။ “တန” အဓိပ္ပာယ်မှာ “သေချာစွာ”ဟု ဆိုသဖြင့် ဆရာ က တပည့်ကို သေသေချာချာ ထိန်းကျောင်းတည့်မတ်ပေးလိုက်သည်ဟု ပြောခြင်းဖြစ်ပါသည်။
တပည့်တို့က ဆရာ၏ကျေးဇူး သိနားလည်လာကြသဖြင့် အာစရိယပူဇော်ပွဲများ၊ ဆရာကန်တော့ပွဲများကို ကြိုးစားပမ်းစားဖြင့် သိုက်မြိုက်စွာ ကျင်းပကြပုံများသည် အလွန်ပီတိဖြစ်ရသော သတင်းများ ဖြစ်ကြပါသည်။ နှစ်စဉ် တန်ဆောင်တိုင်ကာလ အမျိုးသားအောင်ပွဲနေ့တွင် ကျွန်တော်တို့ တန်းမြင့်ကျောင်းသားဟောင်းများသည်လည်း ကိုယ်ပညာသင်ယူခဲ့သည့်ကျောင်းကြီး၌ တတ်အားသမျှဖြင့် ဆရာကန်တော့ပွဲ ကျင်းပကြသည်မှာ အကြိမ် ၂ဝ ပင် ကျော်ခဲ့ပြီ ဖြစ်သည်။ ထိုနေ့သို့ရောက်တိုင်း အခြားဗာဟီရနှင့် တာဝန်ဝတ္တရားတို့ကို ဖယ်ထားလိုက်ကြကာ ကျောင်းတွင် သူငယ်ချင်းဖြစ်ခဲ့သူ ဘုန်းကြီးလည်း ပင့်ဖိတ်သည့်အထဲ ပါရှိသည့် ပင့်သံဃာတို့အား ဆွမ်းကပ် သင်္ကန်းနှင့် ဝတ္ထုပစ္စည်း ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက်တော့ စုဝေးရောက်လာကြသော ငယ်သူငယ်ချင်းများနှင့် ပြန်တွေ့ဆုံရကာ ပြောကြဆိုကြ ရယ်မောသောရွှင်ရပြီး ခန်းမကြီးထဲ၌ ဆရာ၊ ဆရာမတို့အား စီစီညံညံအသံဗလံများကြားထဲမှ ပူဇော်ကန်တော့ကြရသည်မှာ ပီတိကြက်သီးဖြာကြရပါသည်။ ပျော်ရွှင်လန်းဆန်း လတ်ဆတ်သွားကြရသည်။ ခေါင်းဖြူစွယ်ကျိုးအချင်းချင်း မင်းနဲ့ ငါနဲ့၊ နင်နဲ့ ငါနဲ့ စကားပြောကြ။ ပြောသံတွေ နားထောင်ရသည်မှာ အရသာရှိလှသည်။ ငယ်ငယ်တုန်းကလို နောက်ပြောင်ကျီစယ်မှုများကြားမှာပင် ဆရာတို့၏ ကြုံကြိုက်တုန်း ဆုံးမစကား ကြားရပြန်တော့ ကုသိုလ်တွေ ချက်ချင်းပင်ရ။ ကံသုံးပါးအပြစ်တို့လည်း ချက်ချင်းပင် ပြေပျောက်ရသလိုပင် ဖြစ်တော့သည်။
ကျွန်တော်တို့သည် မြန်မာမှုက ခွဲပြထားသော ပထမအရွယ်၊ ဒုတိယအရွယ်၊ တတိယအရွယ်ဟု ဆိုထားသည်တွင် ကာလများကိုလည်း ဖြတ်သန်းကြတော့ ဘဝအတွေ့အကြုံများတွင် ကောင်းဆိုးနှစ်တန် လောကဓံ၏ အဖိအဖော့ အထုအထောင်းတို့ကိုလည်း ခံခဲ့ကြရပြီးလေရာ ဘဝအမောများအကြား ရှိကြရစဉ် “ဆရာ”ဟူသော ဝေါဟာရအသံကို ကြားလိုက်ရပါက အေးရိပ်ဆာယာအောက်ထဲ ခိုဝင်နားလိုက်ရသည့်နှယ် အေးမြချမ်းမြေ့မှုကို ခံစားကြရပါသည်။
လောကတွင် ဆရာနှင့် ကင်းသည်ဟူ၍ မရှိနိုင်။ လူ့လောကတွင် ဆရာသည် တပည့်တို့ကို သိအောင်၊ တတ်အောင် သင်ပြပေးခဲ့သည်။ ဆရာက တပည့်အသီးသီးကို အတွင်းစိတ်မှစ၍ သိသည်။ ဆရာသည် တပည့်၏ အရည်အချင်းကိုလည်းသိ၍ ဖော်ထုတ်ပေးတတ်သည်။ သူ၏ နှလုံးသားနှင့် နားလည်မှု၊ စာနာမှုရှိသဖြင့် တပည့်၏ နာကျင်မှုကို ဖြေဖျောက်ပေးတတ်သည်။ တပည့်မှာ ယုံကြည်မှုရှိလာအောင် မြင်တတ်၊ စဉ်းစားတတ်လာအောင် လမ်းညွှန်ပြပေးတတ်၊ အားပေးတတ်သည်။ တပည့်၏ အိပ်မက်ကို မဖြစ်နိုင်တာမရှိဟု ဆိုတတ်သည်။ ဆရာ့ကြောင့် တပည့်တို့မှာ ပညာရကြသည်။ ပေါက်မြောက် အောင်မြင်ကြသည်။ ဘဝလှလှ ရကြပါသည်။ ပညာသည် လောကကို အလှဆင်သည်ဟု ဆိုပါလျှင် တပည့်တို့၊ တပည့်အပေါင်းတို့၏ လက်စောင်းထက်မှုကြောင့်ဟု ဆိုနိုင်ပေရာ ယင်းမှာ ဆရာ အာစရိယအပေါင်း၏ ကံသုံးပါးသင်ပြပေးမှုကြောင့်ဟု စန်းတင်သင့်ကြပါသည်။
ဆရာအပေါင်း၏ကျေးဇူးသည် တပည့်တို့အတွက် ထူးမြတ်လှအနန္တဖြစ်သည်ဟုဆိုစေ ကာလရွေ့လျားမှုကလည်း ရှိနေလေသည်။
တစ်ခုသောနှစ်တွင် ကျွန်တော်တို့၏ ကျောင်းသားဟောင်း ဆရာကန်တော့ပွဲ အခမ်းအနား၌ ကျောင်းပြောင်းအမှုထမ်းပြီးနောက် အကန်တော့ခံဖြစ်လာသော ဆရာတစ်ဦးက သူတို့ကျောင်းမှ ဆရာကန်တော့ပွဲသို့ လက်ရှိသင်ယူနေသည့် ကျောင်းသားများပင် မလာကြဟု စကားဝင်ပြောသဖြင့် ကျွန်တော်တို့သည် သူ့အာဝဇ္ဇန်းကောင်းသော်လည်း အကြောင်းအရာကို မနှစ်မမြို့ ဖြစ်ခဲ့ကြပါသည်။ ဒါသည် ထိုကျောင်းမှ ဆရာတို့အဖို့ ဘယ်သူမပြု မိမိမှုပင်ဖြစ်ပါ မည်။ ထို့ကြောင့် နောင်နှစ်များမှာ ထိုဆရာကို စကားဝင်မပြောပါစေနဲ့ကွာဟု သူငယ်ချင်းအမှုဆောင်များကို မေတ္တာရပ်ခံရသည်။ ကိုယ့်ကျောင်းပါ သူတို့ကျောင်းလို ကူးစက်မခံနိုင်။
ကျေးဇူးရှင် သပြေကန်ဆရာတော်ကြီး ဟောမြွက်ခဲ့သည့် အဆိုအမိန့်တစ်ခွန်းကို ကျွန်တော်တို့မိဘများရော ဆရာများပါ သတိချပ်သင့်လှပါသည်။ “ဓာတ်တို့သည် ကူးစက်တတ်၊ နှီးနှောမိတတ်သောကြောင့် သားသမီး၊ တပည့်တပန်းတို့ လူတော်လူကောင်းဖြစ်ရေး၌ မိဘဆရာတို့ သူတော်ကောင်းဖြစ်ရန် လည်းကောင်း၊ ပတ်ဝန်းကျင် အပေါင်းအသင်းတွေမှာ လူလိမ္မာဖြစ်ရန်လည်းကောင်း အရေးကြီးလှ၏။ မတတ်သာ၍ မိဘမိုက်၊ ဆရာမိုက်တို့နှင့် စုံရသည်ဖြစ်စေ လူမိုက်တို့နှင့် ပေါင်းသင်းနေရသည်ဖြစ်စေ၊ ဓာတ်မကူးအောင် အထူးသတိထားသင့်၏။ အကောင်းဓာတ်သည် အကူးအစက်နှေးတတ်သော်လည်း မကောင်းဓာတ်သည် အကူးအစက် မြန်တတ်သည်”
လူကြီးမိုက်၊ မိဘမိုက်၊ ဆရာမိုက်များ ရှိနေပါသည်။

Credit - Eleven Media Group

No comments:

Post a Comment