Thursday, October 9, 2014

ထောင်ချသည့် အဆင့်အထိ လုပ်ဆောင်မှု မရှိသေးသော်လည်း အခွန်တိမ်းရှောင်သဖြင့် အရေးယူခဲ့ရသည့် ကုမ္ပဏီများစွာ ရှိနေကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနပြောကြား

ထောင်ချသည့် အဆင့်အထိ လုပ်ဆောင်မှု မရှိသေးသော်လည်း အခွန်တိမ်းရှောင်သဖြင့် အရေးယူခဲ့ရသည့် ကုမ္ပဏီများ အများအပြား ရှိနေကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ပြောကြားသည်။
အခွန်တိမ်းရှောင်မှုများအတွက် အရေးယူရာတွင် ဖောက်ဖျက်သည့် ပြစ်ဒဏ်အလိုက် ချမှတ်သည့်ဒဏ်ငွေများမှာ ကျသင့်အခွန်၏ ရာခိုင်နှုန်း ၁ဝ မှ ရာခိုင်နှုန်း ၁၅ဝ အထိ အဆင့်ဆင့် တပ်ရိုက်နိုင်ကြောင်း သိရသည်။ ထောင်ချသည့် အဆင့်အထိ လုပ်ဆောင်ခြင်း မရှိသေးသည်မှာလည်း အခွန်ဆိုင်ရာ ပညာပေးမှုများ လုပ်ဆောင်ရန် လိုအပ်နေခြင်း၊ အခွန်ဆောင်မှု နည်းစနစ်များ ပိုမိုလွယ်ကူချောမွေ့စွာ လုပ်ဆောင်နိုင်ရန် လိုအပ်ခြင်း စသည့်အချက်များ လုပ်ဆောင်ရန် လိုအပ်သည်ဟု ၎င်းကဆိုသည်။

“အခွန်ရှောင်တဲ့သူတွေကို အရေးယူထားတဲ့ အရေအတွက် အတိအကျ မပြောနိုင်သေးပေမယ့် အရေးယူထားတာ အများကြီးရှိပါတယ်။ ထောင်ချတဲ့ အထိတော့ မလုပ်သေးဘူး။ ဘာ့ကြောင့် မလုပ်လဲဆိုတော့ အခွန်ဝန်ဆောင်မှုတွေ၊ အခွန်ပညာပေးတွေ၊ ဥပဒေတွေ ရှင်းလင်းလွယ်ကူဖို့၊ အခွန်စနစ်မျှတဖို့၊ ဥပဒေတွေသက်ရောက်မှု ကောင်းဖို့လိုပါတယ်။ ဒါတွေအားလုံး ပြည့်စုံသွားမှ ပိုမိုပြင်းထန်တဲ့ အရေးယူမှုတွေ လုပ်ဆောင်သွားပါမယ်” ဟု ဦးမင်းထွဋ်က ဆိုသည်။
ယခုဘဏ္ဍာနှစ် ပထမသုံးလပတ်အတွက် ဝင်ငွေကြေညာလွှာအား ဇွန် ၃ဝ ရက် နောက်ဆုံးထား တင်သွင်းရန် ပြည်တွင်းအခွန်များ ဦးစီးဌာနက ထုတ်ပြန်ထားသော်လည်း ကြေညာလွှာ တင်သွင်းသည့် ကုမ္ပဏီပေါင်းမှာ စုစုပေါင်းကုမ္ပဏီ ၃၉ဝဝဝ ကျော်၏ ရာခိုင်နှုန်း ၃ဝ ဖြစ်သည့် ကုမ္ပဏီပေါင်း ၁၂ဝဝဝ ခန့်သာ ကြေညာလွှာ တင်သွင်းခဲ့သဖြင့် ကျန်ကုမ္ပဏီများအား ကျသင့်အခွန်၏ ရာခိုင်နှုန်း ၁ဝ ကို ဒဏ်ငွေအဖြစ် ပေးဆောင်စေမည်ဖြစ်ကြောင်း ဦးမင်းထွဋ်က ဆိုသည်။
၂ဝ၁၄-၁၅ ခုနှစ် ဘဏ္ဍာနှစ်အတွက် အခွန်ကောက်ခံရရှိမှုအဖြစ် ကျပ်ဘီလျံ ၅ဝဝဝ အထိရရှိရန် ဆောင်ရွက်နေပြီး ဘဏ္ဍာနှစ် အစဖြစ်သည့် ၂ဝ၁၄ ခုနှစ် ဧပြီ ၁ ရက်မှ ဩဂုတ် ၃၁ ရက်အထိ လုပ်ငန်းရှင်ကြီးများထံမှ အခွန်ကောက်ခံရမှု မပါဝင်သေးဘဲ ကျပ် ၁၁ဝဝ ဘီလျံကျော်အထိ ရရှိထားပြီး ဖြစ်ကြောင်း အခွန်ကောက်ခံမှု စိစစ်ကြပ်မတ်ရေး ဘုတ်အဖွဲ့ဥက္ကဋ္ဌ သူရဦးသောင်းလွင်က ပြောကြားသည်။
လက်ရှိကောက်ခံ ရရှိထားသည့် အခွန် ၁၁၅၄ ဘီလျံခန့်သည် မင်္ဂလာဈေး၊ ယုဇနပလာဇာ ကဲ့သို့သော သာမန်ရောင်းဝယ် ဖောက်ကားနေသော လုပ်ငန်းများထံမှဖြစ်ပြီး အခွန်ကောက်ခံမှု စိစစ်ကြပ်မတ်ရေး ဘုတ်အဖွဲ့၏ စိစစ်ကြပ်မတ် ကောက်ခံမှုကြောင့် ယမန်နှစ် ဘဏ္ဍာနှစ်၏ ဩဂုတ်လကုန်ပိုင်းထက် ကျပ်သန်း ၂ဝဝ ကျော်ပိုမို ကောက်ခံနိုင်ခဲ့ကြောင်း သူရဦးသောင်းလွင်က ပြောကြားသည်။
အစိုးရသစ်လက်ထက် ပြည်တွင်းအခွန်များ ဦးစီးဌာနအနေဖြင့် အခွန်အရပ်ရပ် ကောက်ခံရရှိခဲ့မှုတွင် ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ်တွင် ကျပ်ဘီလျံ ၁၅၃၈ ဒသမ ၇၆၆၊ ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာနှစ်တွင် ကျပ်ဘီလျံ ၂၇၁ဝ ဒသမ ၉ဝ၆ နှင့် ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ် ကျပ်ဘီလျံ ၃၅၁၂ ကျော် ကောက်ခံရရှိခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ကုမ္ပဏီပေါင်း သုံးသောင်းကိုးထောင်ကျော် ရှိသည့်အနက် ကုမ္ပဏီပေါင်း ၁၅ဝဝဝ ခန့်သာ လတ်တလော အခွန်ဆောင်မှုရှိနေပြီး အခွန်တိမ်းရှောင်မှု များပြားသည့် လုပ်ငန်းအုပ်စု ၆ဝ ခန့်ကို ခေါ်ယူသတိပေးမှု ပြုလုပ်ထားကာ ပညာပေးကာလ ကုန်ဆုံးပါက ထောင် ၁ဝ နှစ်အထိ အမြင့်ဆုံးပြစ်ဒဏ် ချမှတ်နိုင်သည့် အခွန်ဥပဒေဖြင့် အရေးယူမှုများ ပြုလုပ်မည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ယခုနှစ် မေလအတွင်းက ပြောကြားထားသည်။

Credit - Eleven Media Group


No comments:

Post a Comment