Friday, October 10, 2014

ကျွန်တော်တို့ မရှုံးနိုင်ပါ

Written By - ဒေါက်တာသိန်းမြင့်

ပြန်ကြားရေးက ဟိုကိစ္စတွေကိုမရှင်းဘဲ ကျွန်တော်တို့ကိုတရားစွဲထားပြီဆိုတော့ မိတ်ဆွေတွေအားလုံးက ၀ိုင်းပြီးသတိပေးကြတယ်။
ကျွန်တော်တို့ကတော့ ဒီကိစ္စကိုမစိုးရိမ်ပါဘူး။ တကယ်လို့သာ ပုဒ်မ ၅၀၀ နဲ့ ပုံမှန်အတိုင်းစစ်ဆေးဖို့ပဲလိုပါတယ်။ တကယ်တော့ ပုဒ်မ ၅၀၀ ဆိုတာ စာနယ်ဇင်းလောကမှာ သိပ်ထူးဆန်းတဲ့ကိစ္စမဟုတ်ဘူး။ နိုင်ငံတကာမှာဆိုရင် ဒီလိုကိစ္စမျိုးက ကိုယ်မှားရင်တောင်းပန်လိုက်ရုံပဲ။ လျော်ကြေးပါရင်လည်း လျော်ပေးလိုက်ရုံပဲ။ ရာဇ၀တ်မှု (Criminal Law) နဲ့တော့ စွဲလေ့မရှိဘူး။ တရားမမှု (Civil Law) နဲ့ပဲစွဲလေ့ရှိပြီး မှားရင်လျော်ကြေးပေးဖို့ပါပဲ။

ပုဒ်မ ၅၀၀ ဆိုတာကလည်း ကျွန်တော်တို့နဲ့ လွန်ခဲ့တဲ့ ခုနစ်နှစ်ရှစ်နှစ်လောက်ကတည်းက အကျွမ်းဝင်နေတဲ့ကိစ္စပါ။ ဒီပုဒ်မ ၅၀၀ နဲ့ပဲ ကျွန်တော်တို့လည်း သူများကိုတရားစွဲဖူးတယ်။ ကိုယ်လည်း ပြန်အစွဲခံရဖူးတယ်။ အများကြီးပြန်အစွဲခံရဖူးတယ်။ ဒါပေမဲ့ ဘယ်သူမှတောင်မသိလိုက်ပါဘူး။
ကျွန်တော်လည်း တရားရုံးကို အခေါက်ပေါင်းရာနဲ့ချီပြီး သွားဖူးတယ်။ ဒေါက်တာသန်းထွဋ်အောင် (CEO) လည်း တရားခံအဖြစ်သွားဖူးတယ်။ ကျွန်တော်တို့ရုံးက အယ်ဒီတာတွေ မသွားဖူးတဲ့သူမရှိသလောက်ပါပဲ။ ပုဒ်မ ၅၀၀ ပြစ်မှုနဲ့စွဲရင် ဒဏ်ငွေလောက်ပါ။ မြန်မာနိုင်ငံသမိုင်းတစ်လျှောက်မှာ ဒီပုဒ်မတစ်ခုတည်းနဲ့ ထောင်ချခဲ့တယ်လို့ မကြားဖူးပါဘူး။
အစိုးရ၀န်ကြီးဌာနက တရားစွဲတာတွေနဲ့ပတ်သက်ရင် ပထမဆုံး ကျွန်တော်ကြုံခဲ့ရတဲ့အမှုက ယဉ်ကျေးမှုဝန်ကြီးဌာနကစွဲခဲ့တဲ့အမှုပါ။ အဲဒီတုန်းက ယဉ်ကျေးမှုဝန်ကြီးဌာန၀န်ကြီးက အခုအမျိုးသားလွှတ်တော် ဥက္ကဋ္ဌဦးခင်အောင်မြင့်ပါ။ ပုဂံဘုရားတွေမှာ ညစာစားပွဲ (Temple Dinner) လုပ်တာဟာ အဂါရ၀ဖြစ်တယ်ဆိုပြီးရေးတာကို ယဉ်ကျေးမှုဝန်ကြီးဌာနက သူတို့ရဲ့ဂုဏ်သိက္ခာထိခိုက်တယ်ဆိုပြီးတော့ ကျွန်တော်တို့ကို တရားစွဲတဲ့အမှုပါ။ အမှန်တကယ်လည်း ကျွန်တော်တို့က ဓာတ်ပုံတွေ၊ အထောက်အထားတွေ၊ သက်သေတွေ အကုန်လုံးတင်ပြနိုင်ခဲ့တယ်။
နောက်ပြီးတော့လည်း ဦးခင်အောင်မြင့်နဲ့ညှိတယ်။ ကျွန်တော်ကိုယ်တိုင်သွားတွေ့ပြီး ညှိနှိုင်းတယ်။ ဦးခင်အောင်မြင့်က တောင်းပန်ခိုင်းတယ်။ ကျွန်တော်ကလည်း မမှားလို့မတောင်းပန်နိုင်ဘူးလို့ အကြောင်းပြန်တယ်။ ဒါကြောင့် သူတို့လည်းတရားဆက်စွဲတယ်။ ဒါပေမဲ့ သုံးနှစ်ခွဲလောက်အကြာ နောက်ဆုံးမှာ ကျွန်တော်တို့ဘက်က ဘယ်လောက်ပဲအထောက်အထားတွေပြပြ ယဉ်ကျေးမှုဝန်ကြီးဌာနကိုပဲ တရားရုံးက အနိုင်ပေးလိုက်တယ်။
ဒီနေရာမှာ တစ်ခုအသိအမှတ်ပြုဖို့ကောင်းတာက ဦးခင်အောင်မြင့်ဟာ သူရဲ့အာဏာကိုမသုံးခဲ့တာပါ။ သူဟာ အဲဒီတုန်းက အစွမ်းထက်တဲ့ဝန်ကြီးတစ်ယောက်။ ဦးသန်းရွှေနဲ့လည်းရင်းနှီးတယ်။ အာဏာရှိတယ်။ ဒါပေမဲ့ တရားခွင်ကို ၀င်ရောက်စွက်ဖက်ခြင်း၊ ဖိအားပေးခြင်းမရှိဘူး။ အဲဒီအတွက် ကျွန်တော်တို့အမှုကို သာမန်ပဲအမှုအတိုင်းစီရင်လိုက်တယ်။ ကျွန်တော်တို့အမှုရှုံးတယ်။ တရားရုံးမှာ ငွေဒဏ်ဆောင်ရတယ်။
ဒီဥပမာအရ ကျွန်တော်တို့ ဘယ်လောက်မှန်မှန် နောက်ဆုံးတော့ တရားစီရင်ရေးစနစ်က ဌာနဆိုင်ရာကစွဲတာဖြစ်တဲ့အတွက် ကျွန်တော်တို့ကို ငွေဒဏ်ချလိုက်တယ်။
ဦးခင်အောင်မြင့်နဲ့ Eleven အကြား ခါးသီးတဲ့အမှုပြိုင်မှုက သုံးနှစ်ကျော်ကြာခဲ့ပါ ပြီ။ ဒါပေမဲ့ ဟိုတစ်နေ့က လွှတ်တော်မှာ ဘတ်ဂျက်ကိစ္စထောက်ပြတာနဲ့ပတ်သက်လို့လည်း သူလုပ်တာ Principle မှန်တယ်လို့ ကျွန်တော်ယူဆတယ်။ ဒါကြောင့် ကိုမာန်သူရှိန်က ပြန်ရေးတာ။
ဘာလို့လဲဆိုတော့ တခြားဘတ်ဂျက်တွေဖြတ်တောက်ပြီး၊ လူအမုန်းခံပြီး တကယ်လိုအပ်တယ်ဆိုတဲ့ပညာရေးနဲ့ ကျန်းမာရေးကို ပုံပေးခဲ့တာ။ အဲဒါတွေနဲ့ပတ်သက်ပြီး အလေအလွင့်တွေများတယ်ဆိုလို့ လွှတ်တော်နာယက၊ လွှတ်တော်ဥက္ကဋ္ဌတစ်ယောက်အနေနဲ့ သတိပေးရမယ်။ သူ့အနေနဲ့ တိုက်ရိုက်အရေးယူဆောင်ရွက်ရမယ်။ ဘာလို့လဲဆိုတော့ ဒါဟာပြည်သူတွေ တိုက်ရိုက်နစ်နာတာဖြစ်တယ်။ သွယ်ဝိုက်နစ်နာတာ မဟုတ်ဘူး။ တကယ့်ကို ပြည်သူတွေတိုက်ရိုက်နစ်နာတာ။ ဒါသတိပေးရမှာ ဒါကြောင့် ဦးခင်အောင်မြင့်ကလုပ်ခဲ့တာ။
အမှုတွေနဲ့ပတ်သက်ရင် ကျွန်တော်တို့စွဲတဲ့အမှုတွေလည်း အများကြီးရှိတယ်။ ရုပ်သိမ်းပေးလိုက်တာတွေလည်းရှိတယ်။ အားလုံးကိုတော့ အဆုံးထိမသွားခဲ့ဘူး။ သေချာတာကတော့ တရားစီရင်ရေးမှာ ဘယ်လောက်မှန်မှန် အရှုံးပေးတာတွေရှိတယ်။ ကျွန်တော့်အတွေ့အကြုံအရ မြန်မာနိုင်ငံမှာအဆိုးဆုံးက တရားစီရင်ရေးစနစ်ပါပဲ။ အာဃာတတွေနဲ့စီရင်သလို အထက်လူကြီးအဆင့်ဆင့်နဲ့ အုပ်ချုပ်ရေးပိုင်းက အမိန့်အတိုင်းစီရင်တာများပါတယ်။ ဥပဒေဆိုတာ မရှိပါဘူး။
အဲဒီလို အကြိမ်ကြိမ်တရားရုံးသွားပြီးနောက် ကျွန်တော်ဟာ တရားစီရင်ရေးအကြောင်း ပိုသိလာတယ်။ တရားသူကြီးတွေအကြောင်း ပိုသိလာတယ်။ လာဘ်ပေးလာဘ်ယူကိစ္စတွေ ပိုသိလာတယ်။ ကျွန်တော်တို့အယ်ဒီတာတွေဟာ ဒီပုဒ်မ ၅၀၀ နဲ့ပိုပြီးတော့ ယဉ်ပါးလာတယ်။ ကျွန်တော်တို့ရေးသားတဲ့အခါမှာလည်း အစွန်းလွတ်အောင်ရေးနိုင်လာတယ်။ တကယ်လို့ သတင်းအမှားတွေ၊ ထောင်ချောက်တွေဆင်တဲ့အခါမှာလည်း ကျွန်တော်တို့ဟာ အဲဒီကနေလွတ်ထွက်အောင် ရေးနိုင်သားနိုင်လာတယ်။
နောက် ကျွန်တော်တို့တရားစွဲတယ်ဆိုတာကလည်း သူများကိုထိခိုက်အောင်လုပ်တာမဟုတ်ဘူး။ တခြားနိုင်ငံတွေမှာဆို စီးပွားပြိုင်ဘက်တွေကို အပုပ်ချတာတွေရေးရင် အကြီးအကျယ်လျော်ကြေးပေးရတယ်။ အထူးသဖြင့် မီဒီယာအချင်းချင်းရေးရင်။ မပိုင်ရင်ရေးလို့မရဘူး။ ဟိုမှာက အများစုရေးတော့ အလေ့အကျင့်ဖြစ်နေတယ်။ မဝေဖန်နဲ့မဟုတ်ပါဘူး။ ဝေဖန်ပါ။ ဒါပေမဲ့ အချက်အလက်မှန်ကန်ဖို့လိုတယ်။ ဒီမှာက စိတ်ခံစားမှုအတိုင်းလုပ်ကြတော့ ကျွန်တော်တို့အနေနဲ့ ထိန်းသိမ်းရတာတွေ အများကြီးရှိတယ်။
ကျွန်တော်တို့ ရုပ်သိမ်းပေးလိုက်တဲ့အမှုတွေရှိတယ်။ ဥပမာ ဆရာမာဂျေဆို ကျွန်တော်တို့ရုပ်သိမ်းပေးလိုက်တယ်။ စီရင်ချက်မချခင်လေးမှာပဲ။ သူ့ကို အစိုးရဘက်ကလည်းအငြိုးထားတော့ ထောင်ကျသွားမှာစိုးတာနဲ့။ အတင်းသွားရုပ်သိမ်းပေးလိုက်တယ်။ နောက် ဆရာမြတ်ခိုင်တို့၊ မြန်မာပို့စ်တို့ကိုလည်း ဘာမှတောင်းပန်စရာလည်းမလိုဘူး။ ကြေညာစရာလည်းမလိုဘူး။ ဒီလိုပဲရုပ်သိမ်းပေးလိုက်တယ်။ အခုလောလောဆယ်မှာတောင် မွန်းတည့်နေဂျာနယ်နဲ့ စည်သူအောင်မြင့်အမှုတစ်ခုကိုလည်း ရုပ်သိမ်းပေးလိုက်တယ်။ တစ်ယောက်နဲ့တစ်ယောက်ညှိနှိုင်းပြီးတဲ့အခါ ဘာမှတောင်းပန်စရာလည်းမလိုဘူး။
တစ်ယောက်နဲ့တစ်ယောက် ပြေလည်သွားတဲ့အနေနဲ့ပဲ ကျွန်တော်တို့ရုပ်သိမ်းပေးလိုက်တယ်။
တစ်ခါတလေဆို ညှိနှိုင်းစရာမလိုပါဘူး။ ဒီအတိုင်းပဲ ရုပ်သိမ်းပေးမယ်ဆိုပြီး အကြောင်းကြားလိုက်တယ်။ ဒါကြောင့် ပုဒ်မ ၅၀၀ နဲ့ပတ်သက်ပြီး စိုးရိမ်နေတဲ့ ကျွန်တော့်မိတ်ဆွေတွေကိုပြောချင်တာက ဒါဟာ မခိုင်လိုမျိုး၊ ယူနတီလိုမျိုး၊ မွန်းတည့်နေလိုမျိုး အမှုမဟုတ်ပါဘူး။ Freedom of Press ကိုထိခိုက်တာမျိုးမဟုတ်ပါဘူး။ ဒါဟာ ကျွန်တော်တို့က အများပြည်သူအကျိုးစီးပွားကို ပြောနေတာဖြစ်တယ်။ ခြစားမှု၊ အဂတိတရားလိုက်စားမှုပပျောက်ရေးအတွက် ရေးသားတာဖြစ်တယ်။
တကယ်တော့ ဒီကိစ္စဘယ်လိုစဖြစ်လဲဆိုရင် ပြန်ကြားရေးကပုံနှိပ်စက်တွေဈေးကြီးတယ်လို့ အရင်အစိုးရလက်ထက်ကတည်းက သတင်းတွေရထားတယ်။ သူတို့ကလည်း အရှုံးခံပြီးထုတ်နေရတယ်ဆိုတော့ ရှုံးရင် မထုတ်တော့နဲ့လို့ ကျွန်တော်တို့ကပြောတယ်။ အများပြည်သူဝန်ဆောင်မှုဥပဒေဖြစ်လာတဲ့အခါမှာ အရှုံးပေါ်နေရင် ဆက်မလုပ်သင့်ဘူးလို့ ကျွန်တော်တို့က ဥပမာပေးပြီးပြောလိုက်တယ်။ အဲဒီဥပမာပေးပြီး ပြောလိုက်တာကို ပြန်ကြားရေးက သတင်းစာရှင်းလင်းပွဲလုပ်ပြီး တရားစွဲဖို့ပါလုပ်လာတယ်။
သူတို့ကအဆင့်ကျော်သွားတယ်။ အမှန်တကယ်ဆို အစိုးရတွေကမဟုတ်ဘူးဆိုရင် မဟုတ်တာကိုရှင်းဖို့ပဲလိုတယ်။ ဒါပေမဲ့ သူတို့တွေကရှင်းရုံမကဘူး။ တရားစွဲဖို့ပါလုပ်လာတယ်ဆိုတော့ ကျွန်တော်တို့က ဘာတွေကွာဟချက်ရှိတယ်ဆိုတာကို ပြန်ရေးရတယ်။
ဦးဝင်းဇော်ဌေးရှင်းတဲ့အခါ ရှင်းတဲ့ပစ္စည်းတွေက ရှင်းရှင်းလင်းလင်းမရှိဘူး။ အဲဒီမှာ ရှင်းလို့မရဘူးဖြစ်ကုန်တာ။ နောက်သူရှင်းတာက ဒီဘက်အစိုးရခေတ်က။ ကျွန်တော်တို့ထောက်တာက ဟိုဘက်အစိုးရခေတ်က။
နောက်တစ်ခါ ကျွန်တော်တို့ရရှိထားတဲ့အချက်အလက်တွေထဲမှာ။ ဥပမာ CTP ဆိုရင် သူတို့က ကျွန်တော်တို့ထက် ပိုဈေးများတယ်။ စက္ကူလိပ်တွေမှာလည်း ၀ယ်ရင်းဈေးတွေထက် သူတို့ကပိုများတယ်။ ဒါကြောင့် နစ်နာမှုတွေရှိတယ်လို့ပြောတာ။ ကျွန်တော်တို့က လာဘ်ပေးလာဘ်ယူလုပ်တယ်လို့ စွပ်စွဲတာမဟုတ်ဘူး။ ပိုက်ဆံယူထားတယ်လို့ ပြောတာမဟုတ်ဘူး။ ဒီဈေးအတိုင်းဆို နစ်နာမှုတွေရှိတယ်လို့ပြောတာ။ အဲဒီကနေ ဆက်စပ်ဖြစ်သွားတာ။
သူတို့ကတရားစွဲမယ်ဆိုတော့ လာဘ်ပေးလာဘ်ယူကော်မရှင် အထောက်အထားလိုတယ်လို့ယူဆလို့ ကျွန်တော်တို့ကတိုင်တယ်။ တိုင်တဲ့ဟာကလည်း သူတို့ကိုလာဘ်စားတယ်လို့လုံးဝမတိုင်ဘူး။ ဘဏ္ဍာငွေနစ်နာတဲ့ကိစ္စကိုပဲတိုင်တာ။ ဒါပေမဲ့ အကောငအထည်မပေါ်တဲ့အခါ တစ်ယောက်နဲ့တစ်ယောက်ကြားမှာ အထင်လွဲမှားမှုတွေ ပိုဖြစ်လာတယ်။
ဒီနေရာမှာ ကျွန်တော်တို့ Press Council ကိစ္စကိုလည်း ထည့်ပြောဖို့လိုပါမယ်။ ပြန်ကြားရေးကိစ္စမှာ ဟိုဘက်ကရှင်းပြီး တစ်ရက်ပဲကြာတယ်။ တခြားကိစ္စတွေနဲ့မတူဘဲ ချက်ချင်းအကြောင်းကြားစာရောက်လာတယ်။ ကျွန်တော်တို့က အဲဒီလိုဖြစ်တာဟာ ရိုးသားမှုမရှိဘူးလို့ယူဆပြီး သူတို့ဖိတ်တာကိုမသွားခဲ့တာ။ အဲဒါကို PC က EMG ဟာ ပူးပေါင်းဆောင်ရွက်မှုမရှိတဲ့မီဒီယာလို့ ထုတ်ပြန်ခဲ့တယ်။ အဲဒီထုတ်ပြန်ချက်ကလည်း မရိုးသားပါဘူး။
အဲဒီလိုမလုပ်တဲ့ တခြားမီဒီယာတွေလည်းရှိတယ်။ အဲဒါကြောင့် စာနယ်ဇင်းကောင်စီမှာ ဘက်လိုက်မှုတွေရှိနေတယ်လို့ ယူဆစရာဖြစ်လာတယ်။ ဒီပြဿနာဟာ ဒီအတိုင်းကြီးထွားလာတယ်။ ဒါပေမဲ့ နောက်တစ်ကြိမ်တော့ ကျွန်တော်တို့သွားလိုက်တယ်။ သွားပြီးနောက်ထပ်စာမပို့ပါနဲ့လို့ပြောလိုက်တယ်။ သူတို့က တောင်းပန်ခိုင်းတယ်။ မှားယွင်းကြောင်း စာထည့်ခိုင်းတယ်။
ကျွန်တော်တို့ကလည်း အဲဒီတုန်းက မှားယွင်းတယ်လို့မထင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က အဲဒီတုန်းက ရှင်းလင်းချက်လည်းမပေးဘူး။ ကျွန်တော်တို့က စစ်ဆေးလို့လည်းမရဘူး။ စစ်ဆေးခိုင်းတဲ့သူကလည်း မစစ်ဆေးဘူး။ ကျွန်တော်တို့က ပြန်ကြားရေးဝန်ကြီးကို ကိုယ်တိုင်တွေ့စကားပြောဖို့ အကြောင်းကြားသေးတယ်။ ကျွန်တော့်သဘောက On Ground စစ်ဆေးကြည့်ပြီး နှစ်ဦးနှစ်ဖက်ပူးပေါင်းဆောင်ရွက်စေချင်လို့ပါ။ အဲဒါကိုလည်း အကြောင်းမပြန်တဲ့အတွက် နားလည်မှုတွေကပိုလွဲသွားတယ်။ အဲဒီလိုစစ်ပေးလိုက်လို့ရှိရင် သူတို့ဘက်ကမှားရင် သူတို့အရေးယူ၊ ကျွန်တော်တို့ဘက်ကမှားရင် ကျွန်တော်တို့တောင်းပန်မယ်။
ကျွန်တော်တို့က အရင်အစိုးရ စက်တွေအကြောင်းကိုပြောတယ်။ သူတို့က အခုအစိုးရစက်တွေနဲ့ရှင်းတယ်။ အဲဒီမှာ ဦးဝင်းဇော်ဌေးက "4 Hi Tower ၊ 4 Unit တစ်လုံးကို ခုနစ်သိန်းနဲ့ဝယ်တယ်" ဆိုပြီးရှင်းတယ်။ ကျွန်တော်တို့က လေးရောင်ရိုက် 4 Hi Tower တစ်လုံးကို ခုနစ်သိန်းနဲ့ဝယ်လိုက်တယ်လို့နားလည်ယူဆလိုက်တယ်။ ဒီအချက်အလက်တွေကို အခုမှ MOI, MPE ၀က်ဘ်ဆိုက်ကိုဝင်ကြည့်တဲ့အခါ 4 Hi Tower လေးလုံးကို ခုနစ်သိန်းနဲ့ဝယ်ထားတာတွေ့ရတယ်။ အဲဒီမှာ ကျွန်တော်တို့နားလည်ယူဆခဲ့တာ မှားသွားကြောင်း သိရတယ်။ အမှန်တော့ မြန်မာနိုင်ငံပုံနှိပ်လောက နားလည်ထားတဲ့ 4 Unit က လေးရောင်ရိုက်တဲ့စက်ကိုပြောတာပါ။ စက်လေးလုံးလို့အဓိပ္ပာယ်မသက်ရောက်ပါဘူး။ သူတို့စာမှာလည်း စက်တစ်လုံးလို့မဆိုထားပါဘူး။ စက်တစ်စုံ (1 Set) လို့ပဲဆိုထားတာပါ။ သူတို့စပြီးအမှားကနေ ကျွန်တော်တို့ကလည်း ကျွန်တော်တို့အတွေ့အကြုံတွေနဲ့သုံးသပ်ပြီး အမှားကူးစက်သွားခဲ့တာပါ။ ဒီလိုမှားသွားတဲ့အတွက် ကျွန်တော်တို့ဘက်က ပြန်လည်ပြီးရှင်းပြပေးလို့ရတယ်။ အဲဒီလိုရှင်းလင်းလို့မှ တရားဆက်စွဲချင်တယ်ဆိုရင်လည်း တရားဆက်စွဲလို့ရပါတယ်။ နိုင်ငံတကာမှာလို လျော်ကြေးပေးရမယ်ဆိုရင်လည်း လျော်ကြေးပေးဖို့အဆင်သင့်ပါ။
ကျွန်တော်တို့ Eleven Media Group ကမူချထားပြီးသား၊ အရင်စာပေစိစစ်ရေးလက်ထက်ကတည်းက မှန်တဲ့အရာကို မှန်တဲ့အတိုင်းပဲရေးတယ်။ မှန်တာတွေကိုရေးခွင့်မကြုံရင်တောင် အမှားကို အမှန်မလုပ်ဘူး။ မှားတာတွေကိုတော့ ဘယ်တော့မှအမှန်လို့မရေးပါဘူး။ အခုကိစ္စမှာလည်း အမှားကိုမှားမှန်းသိသိနဲ့ ငြင်းနေမှာမဟုတ်ပါဘူး။
ဒါပေမဲ့ ဒီစက်ကလွဲပြီး ကျန်တဲ့ဟာတွေအားလုံး မှန်ကန်ဖို့အတွက်တော့ တစ်ယောက်နဲ့တစ်ယောက် On Ground မှာပူးတွဲစစ်ဆေးရမယ်။
စက်တွေရောက်လာရင် Specification တွေမှန်ဖို့တော့လိုတယ်။ နောက်တစ်ခါဒါမျိုးတွေထပ်မဖြစ်အောင် သူတို့ဘက်ကကာကွယ်ရမယ်။
ဒါပေမဲ့ ပုဒ်မ ၅၀၀ နဲ့စွဲရင် ထုံးစံက သတင်းရေးတဲ့သူကိုပဲစွဲတယ်။ အယ်ဒီတာချုပ်က တာဝန်ပိုရှိလာရင် အယ်ဒီတာချုပ်နဲ့ သတင်းရေးတဲ့သူကိုပဲစွဲတယ်။ အမှုအားလုံးက ဒီလိုပဲစွဲတယ်။ ထုတ်ဝေသူကိုစွဲချင်ရင် တရားမမှုနဲ့စွဲတယ်။ ပြန်ကြားရေးကစွဲတဲ့အမှုကတော့ ဒီလို ဟုတ် မဟုတ်၊ ဥပဒေအရ မှန် မမှန် ကျွန်တော်မသိသေးဘူး။ ၅၀၀ လား၊ ၅၀၁ လား၊ ၅၀၂ လား ဘာနဲ့စွဲမှန်းမသိသေးဘူး။ ဟိုယဉ်ကျေးမှုကစွဲတုန်းက သတင်းရေးတဲ့ကိုနော်ရယ်၊ အယ်ဒီတာချုပ်မရှိလို့ မန်နေဂျင်းအယ်ဒီတာရယ်ကိုစွဲတာ။
အခုလည်း မှားရင် မှားတဲ့အစိတ်အပိုင်းကိုတောင်းပန်မယ်။ မမှားတဲ့အစိတ်အပိုင်းကို ရှင်းပေးရမယ်။
ကျွန်တော်တို့အနေနဲ့ လာဘ်ပေးလာဘ်ယူကိစ္စကို ဆက်လုပ်သွားမယ်။ အဂတိတိုက်ဖျက်ရေးဆက်လုပ်မယ်။ ဒါကရည်ရွယ်ချက်ပဲ။ ဒီကိစ္စဟာ လူတွေအားလုံးအတွက်အရေးကြီးတယ်။ ဒါဟာ သာမန်ဖြစ်ပွားတဲ့ကိစ္စမဟုတ်ဘူး။ ဒါကို လူတွေအားလုံး Attention ရရမယ်။ ကျွန်တော်တို့ကတော့ သူတို့ကျေအေးအေး၊ မအေးအေးဆက်လုပ်သွားမယ်။
လေးရောင်ရိုက် 4 Hi Tower လေးလုံး သူတို့က ခုနစ်သိန်းနဲ့ တကယ်ဝယ်ခဲ့တယ်ဆိုရင် ဒါဟာ နိုင်ငံဘဏ္ဍာကို မဖြုန်းရုံတင်မကဘူး။ သက်သာအောင်ကာကွယ်နိုင်ခဲ့တာကို ကျွန်တော်တို့ပြောရလိမ့်မယ်။ သူတို့ဒီစက်တွေကိုဝယ်ယူခဲ့မှုဟာ တော်တယ်။ ကျွန်တော်တို့က ဈေးများသွားတယ်။ ဒါကို ကျွန်တော်တို့ဝန်ခံပါတယ်။ ဒါပေမဲ့ အရင်အစိုးရလက်ထက်ကများခဲ့တာတွေအတွက်တော့ သူတို့ဝန်ခံရမယ်။
ဒါတွေအားလုံးကိုလည်း နောက်ဆိုရင်ကြည့်ရှုခွင့်ပေးရမယ်။ သူတို့လိုပဲ တခြားဌာနတွေကိုလည်း ကျွန်တော်တို့က စောင့်ကြည့်မယ်။ နောက်နောင် တင်ဒါကိစ္စတွေဟာ အခုထက်ပိုပွင့်လင်းရမယ်။ အပြင်ကကျွမ်းကျင်တဲ့သူတွေပါ ညှိနှိုင်းတိုင်ပင်ရမယ်။ ဒါပေမဲ့ သတင်းစာရှင်းလင်းပွဲကို ကျွမ်းကျင်သူတွေလုပ်ဖို့လိုတယ်။
ဦးဝင်းဇော်ဌေး သတင်းစာရှင်းလင်းတာမှားတယ်။ မှားတဲ့အတွက်ဖြစ်တာ။ အဲဒါကိုထပ်မရှင်းဘဲနဲ့လုံးချတယ်။ သူတို့ဘက်ကမှားတာဒါပဲ။ တကယ်ဒီဈေးနဲ့ဝယ်နိုင်ရင်တော့ ပြန်ကြားရေးဝန်ကြီးဌာနကို ချီးကျူးတယ်။ ဒီတင်ဒါဟာ အောင်မြင်တယ်လို့ပြောရမယ်။ ဒါပေမဲ့ ဟိုဘက်မှာတော့ ဘယ်လိုဆိုတာ ရိုးသားဖို့လိုတယ်။ ရိုးသားရင်လည်း ရိုးသားတဲ့အကြောင်း၊ မဟုတ်ရင်လည်း မဟုတ်တဲ့အကြောင်း။ တကယ်လို့ ရိုးသားရဲ့သားနဲ့ ဈေးများရင်လည်း ဈေးများတဲ့အကြောင်း တိတိကျကျရှင်းလင်းဖို့လိုတယ်။
တရားစွဲနေတာ မရပ်ချင်လည်းဆက်စွဲ။ စွဲတာရပ်သွားဖို့ ကျွန်တော်တို့ရေးနေတာမဟုတ်ဘူး။ ကြောက်လို့လည်းမဟုတ်ဘူး။ သူတို့မှန်နေတဲ့အချက်တစ်ခုကိုတော့ ကျွန်တော်တို့က အမှားကြီးနဲ့ရောမချချင်ဘူး။ ဒီလိုဖြစ်မှာစိုးလို့ရေးရတာဖြစ်တယ်။ လူထုအနေနဲ့ ပိုင်ဆိုင်မှုတွေနဲ့ပတ်သက်ရင် အာရုံစိုက်လာအောင်။ နောက်နောင်ကိုလည်း ဒီလိုမျိုးကိစ္စတွေမှာ Alert ဖြစ်လာအောင် လုပ်ဖို့လိုတယ်။
လာဘ်ပေးလာဘ်ယူမှာ ဒါကအရေးကြီးတယ်။ တင်ဒါ၊ ပိုင်ဆိုင်မှု၊ လစာ ဒါတွေအားလုံးပေါ့။ ပြန်ကြားရေးရဲ့ဝန်ဆောင်မှုမှာ သူတို့ဟာ မြတ်ကိုမြတ်ရမယ်။ ဒါ့ကြောင့် ပြည်သူ့ဘဏ္ဍာနဲ့ ဒီလောက်ထောက်ပံ့ပေးစရာမလိုဘူး။ အဲဒါပြောချင်တာ။
ပုဂံအမှုနဲ့ပတ်သက်ပြီး အစိုးရအရာရှိကြီးတစ်ဦးက ကျွန်တော့်ကိုပြောဖူးပါတယ်။ အမှုကတော့ရှုံးပေမယ့် ဆရာတို့မရှုံးပါဘူးတဲ့။ သူက အခုဆို ပုဂံမှာ ဒီလိုဘုရားပေါ်မှာ ထမင်းစားပွဲတွေ၊ အရက်တွေဘာတွေနဲ့ Temple dinner တွေမရှိတာ လေးငါးနှစ်ခြောက်နှစ်ရှိပါပြီ။ ယဉ်ကျေးမှုရှုထောင့်ကပဲကြည့်ကြည့်၊ ဘာသာရေးဘက်ကပဲကြည့်ကြည့် ကျွန်တော်တို့မရှုံးပါဘူး။ အခုအမှုမှာရော ဘယ်လိုဆက်လာဦးမလဲ မပြောနိုင်ပါဘူး။
ကျွန်တော်တို့ မှန်တာကိုဆက်ပြောမယ်။ မှားတာကို ၀န်ခံလိုက်မယ်။ ဒီကိစ္စမှာဘာပဲဖြစ်ဖြစ် အခုပြန်ကြားရေးနဲ့ဖြစ်တဲ့ပြဿ နာရဲ့ အနိုင်အရှုံးက အခုမပေါ်နိုင်သေးပါဘူး။ တစ်နေ့နေ့မှာတော့ ပုဂံအမှုတုန်းကလိုပဲပြောနိုင်အောင် ကျွန်တော်တို့ကြိုးစားပါမယ်။

Credit - Eleven Media Group

No comments:

Post a Comment