Saturday, October 11, 2014

လက်နက်မရှိတဲ့ ဒေါ်စုကြောင့် လေးပွင့်မဆိုင်တာလား – ချင်းတွင်းချစ်စန်း


ကြံ့ခိုင်ရေးရင်ထိုးတံဆိပ်ကို တပ်မတော်ယူနီဖောင်းမှာပါ တပ်ဆင်ပြီး တပ်မတော်က လုပ်ဆောင် တာ အမျိုးသား နိုင်ငံရေး ဖြစ်တယ်။ ကြံ့ခိုင်ရေး အသင်းဟာလည်း လူမှုရေးကို အခြေခံတဲ့ အမျိုးသားနိုင်ငံရေး လုပ်တာသာ ဖြစ်တယ်ဆိုတဲ့ သဘောထားကို ရိုက်သွင်းပြီး ပြည်သူကို အယုံ သွင်းခဲ့တယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်များနဲ့ ပါတီအပေါ်ကို လည်း ပြောင်ပြောင်တင်းတင်း ပုတ်ခတ်စော်ကားတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ တယ် . . .

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~


၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ စထွက်လာကတည်းကမကြိုက်တာ၊ လက်မခံနိုင်ခဲ့တာ၊ ပြည်သူ့ဆန္ဒခံယူပွဲ ကျင်းပပြီး အတည်ပြုမယ် လုပ်တော့ လည်း ဘယ်လောက် ကန့်ကွက်ကန့်ကွက် လုပ်ချ ... သွားတော့ မှာကိုသိတဲ့ အတွက် ခြေထောက်အညောင်း ခံပြီးကိုမဲသွားမထည့်ခဲ့တာ။ ဒါကို ကိုယ့် လူ တွေက ပြောကြပါတယ်။ မင်းတို့ ကသာ သွားမထည့်တာ၊ မင်းတို့နာမည်နဲ့ မဲကတော့ ထောက်ခံမဲနဲ့ပါပြီး ဖြစ်နေမှာတဲ့။

လုပ်ပါစေ။ လုပ်မှာဆိုတာကို သိပြီး သားပဲဟာကို။ ခင်ဗျားတို့ ကန့်ကွက်မဲတွေ အမှန်တကယ်ရေတွက်ပြီး ပြည် သူ့ဆန္ဒခံ ယူပွဲက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပယ်ချနိုင်တယ်ပဲ ထားပါဦး။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမရှိတဲ့ အတွက် စစ်အာဏာ ရှင်လက်အောက် ထပ်နေကြဦးပေါ့။ ခင်ဗျားတို့ပြည်သူတွေ လက်ခံနိုင်တဲ့ အခြေခံ ဥပဒေ ထပ်ရေးဆွဲကြဦးပေါ့။ ကမ္ဘာ့အရှည်ကြာဆုံး အမျိုးသားညီလာခံကြီးလည်း ထပ်ပြီးကျင်းပကြ ဦးပေါ့တဲ့။ နိုင် ငံရေး ဆွေးနွေး ဖက်ရဲဘော်တွေက ပြောကြတာပါ။…

ဟုတ်တော့ ဟုတ်သား၊ (၈)လေးလုံး အရေးတော်ပုံကြီးအပြီး မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီရဲ့ ဘဏ္ဍာရေး အမွေရော၊ နိုင်ငံရေးပါတီဝင်ဦးရေ အမွေကိုရော အမွေပေါင်းစုံ လွှဲပြောင်းခံယူထားတဲ့ တိုင်းရင်း သားစည်းလုံး ညီညွတ်ရေး ပါတီကြီးကို (၈၈)ခုနှစ်မှာမှ ဖွဲ့စည်းခဲ့တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ရင်ဆိုင် ယှဉ်ပြိုင်ပြီး ရွေးကောက်ပွဲဝင်ခဲ့တာလေ။ ပြိုင်မယ့်သာ ပြိုင်တာ၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီဆိုတာ တစ်ခု တည်းသော အင်အားအကြီးမားဆုံး လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်တဲ့ မြန်မာ့တပ်မတော် ကကျောထောက် နောက်ခံ ပြုထားတာလေ။ မြန်မာတစ်နိုင်ငံလုံးက မဲဆန္ဒရှင်တွေရဲ့(၈၀) ရာခိုင်နှုန်းဟာ သူတို့ ပါတီဝင်တွေတဲ့။ မကြာမ တင်ကမှ အမည်ဟောင်းကိုစွန့်ပြီး အမည်သစ်ရယူထားတဲ့ မဆလကေ ဒါ ဟောင်းတွေ လည်း ရှိထားပြီးမို့ မဟာ ပထ၀ီမြေကြီးကို လက်ဝါး နဲ့ရိုက်ရင် လွဲမယ့်သာလွဲမှာ၊ (၉၀)ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲကြီးဟာ တစညပါတီအတွက် ကျိန်းသေ အောင်ပွဲကြီးရယ်လို့ အဆင့်ဆင့်၊ အဆင့်ဆင့် အစီရင်ခံစာတွေ တက်ထား ပြီးဖြစ်တယ်လေ။ ပြီးတော့ ဒီမိုကရေစီအမည် အမျိုးမျိုး နဲ့ နိုင်ငံရေး ပါတီကလည်း ရာဂဏန်း လောက်ရှိနေတာဆိုတော့ ဒီမိုက ရေစီကိုပေးချင်တဲ့ မဲကလည်း ပြားသွားမှာ ကျိန်းသေပါတယ်။ တစညပါတီဆိုတာ ရွှေလင်ပန်းနဲ့ အချင်းဆေးပြီး မင်းမွေးထားတဲ့ မဆလကို အမည်ပြောင်းထား တာမို့ ကိုယ်တော်လေးတို့ ပူစရာ မလိုပါဘုရားပေါ့။

၁၉၉၀ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို တာဝန်ယူ ကျင်းပ ပေးမယ့်ဗိုလ်ချုပ်ကြီး စောမောင် ကိုယ်တိုင်က ၂၃-၉-၁၉၈၈မှာ ““န၀တဟာ တပ်မတော်သားတွေဖြစ်ကြောင်း၊ နိုင်ငံတော်နှင့် နိုင်ငံတော် သားတို့ အပေါ် ၀န်ခံထားတဲ့ ကတိတွေဘယ် အကြောင်းကြောင့်မှ ဖောက်ဖျက်မှာမဟုတ်ကြောင်း”” တာဝန်ယူခဲ့တဲ့ အပြင် ““တပ်မတော်ဟာ ရွေးကောက်ပွဲအနိုင်ရတဲ့ နိုင်ငံရေးပါတီကို အာဏာလွှဲအပ်ပြီးတာနဲ့ စစ်တန်းလျားကို ပြန် မှာဖြစ်ကြောင်း”” ၁၉၈၉ ခုနှစ်၊ မတ်၂၇ရက် တော်လှန်ရေးနေ့ မိန့်ခွန်းမှာ ထည့်ပြောသွားသေးတယ်။

ရွေးကောက်ပွဲအပြီး ၁၉၉၀ ဇူလိုင်လ ၃ ရက်နေ့မှာလည်း ““ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ရွေးချယ်တင် မြှောက်ခံ ထားရတဲ့ ကိုယ်စားလှယ်တွေကရေး။ ကျုပ်တို့န၀တကတော့ မရေးဘူး၊ တရားခံလည်းအဖြစ် မခံနိုင်ဘူး”” လို့ပြောခဲ့တယ်။ ရွေးကောက်ပွဲအပြီး ရက် ၆၀အကြာ ၂၇-၇-၁၉၉၀ နေ့ရောက်တော့ (၁/၉၀)ကြေညာချက်ကို ကသောကမျော ထုတ်ပြန်ကြေညာတော့တာပါပဲ။ ၁/၉၀ကြေညာချက် ထုတ်ပြန်ရ ခြင်း အကြောင်းရင်းကတော့ ၁၉၉၀ပြည့် နှစ်ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီးမှာ အောင်ပန်းဆွတ်ခူးရမယ်လို့ ရည်မှန်းထား တဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီဟာ ခွက်ခွက်လန်ရှုံးရုံမျှမက တစ်နိုင်ငံလုံးမှာ လွှတ်တော်ကိုယ် စားလှယ်နေရာ (၁၀)နေရာသာရတဲ့အထိ အရှုံးနာခဲ့ရတာရယ်၊ ပါတီသက်တမ်း(၂)နှစ်တောင် မပြည့်သေးတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ ချုပ်က (၈၂)ရာခိုင်နှုန်းကြီး များတောင် တောင်ပြိုကမ်းပြိုအနိုင်ရခဲ့တာကြောင့် မျက် စပ်ပိုး ၀င်ရွှေဥကြမ်းညပ် အနေခက်အထိုင်ခက် ဖြစ်နေခဲ့တာကိုးဗျ။ ဒီကြားတည်း အောင်လံထူစစ်သူကြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ၁၉၉၀ ပြည့်နှစ်၊ ဇူလိုင် ၂၈နဲ့ ၂၉ ရက်တွေမှာ ဂနီ်္ဒခန်းမမှာ အောင်ပွဲညီလာခံ ကျင်းပဖို့ စီစဉ်နေတာလေ။ ဂနီ်္ဒခန်းမမှာ NLD လွှတ်တော် ကိုယ်စားလှယ်တွေ တွေ့ဆုံပြီး ဆုံးဖြတ်လုပ်ဆောင် မယ့် ရှေ့လုပ်ငန်းစဉ်တွေကို ဟန့်တားဖို့၊ လက်ဦးမှုရဖို့ ခြိမ်းခြောက်ထုတ်ပြန်ခဲ့တာပဲဖြစ်တယ် ခင်ဗျာ။

၁/၉၀ ကြေညာချက်အရ ၁၉၉၀ပြည့်နှစ် ကျင်းပပြီးစီး ခဲ့သော ရွေးကောက်ပွဲသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေရေး ဆွဲရေးအတွက် သာဖြစ်ကြောင်းနဲ့ လွှတ်တော်ခေါ်ယူခွင့် လည်းမရှိကြောင်း၊ ယာယီဖွဲ့စည်းပုံအခြေ ခံဥပဒေနှင့် အာဏာလွှဲပြောင်းရယူရေးတို့၊ အစိုးရဖွဲ့စည်းရေးတို့လုပ်ခဲ့ပါက ပြတ်ပြတ်သားသား အရေးယူ မှာဖြစ်ကြောင်း ဖော်ပြ ပါရှိခဲ့ပါတယ်။““လွှတ်တော်ခေါ်ယူခြင်းကို န၀တက ဆောင်ရွက်ပေးမည်။ ၉၀ ရွေး ကောက်ပွဲနိုင် ကိုယ် စားလှယ် များသည် အနာဂတ်ဒီမိုကရေစီနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲကြ ရန် တာဝန်ရှိသည်”” လို့လည်း ညွှန်းဆိုထားခဲ့ပါတယ်။

(၄၅)ကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးအုန်းဂျော်က ပြော ကြားရာမှာ ““ကျယ်ပြန့်တဲ့ အမျိုးသားညီလာခံ ကျင်းပပေးမှာဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေရေး ဆွဲဖို့က တော့ ကိုယ်စားလှယ်တွေတာဝန်””လို့ ပြောကြားခဲ့ပါတယ်။

၁၉၉၁ခုနှစ်၊ စက်တင်ဘာလ ၁၁ရက် နေ့မှာပြုလုပ်တဲ့(၁၀၄)ကြိမ်မြောက် သတင်း စာရှင်းလင်းပွဲမှာ ဗိုလ်ချုပ် ခင်ညွန့်က “န၀တ ကဖွဲ့စည်းပုံ အခြေခံဥပဒေ မရေးဘူး။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ က ရေးဖို့ ဖြစ်တယ်။ အာဏာလွှဲပေးဖို့ ဆန္ဒမရှိ၊ ရည်ရွယ်ချက် မရှိဘူးဆိုရင် ရွေးကောက်ပွဲ လုပ်ပေးစရာအကြောင်း မရှိဘူး”” လို့ ပြော ခဲ့ပါတယ်။ နိုင်ငံတော်အကြီးအကဲတွေ ကိုယ်တိုင် ပြောဆို လုပ်ကိုင်ကြတာကို နှစ်ပရိ စ္ဆေဒ ကြာမြင့်လို့ အပြောတစ်မျိုးအလုပ် တခြားဖြစ်နေတာကို မြင်တွေ့ရတဲ့ သမိုင်းသုတေသီတွေ အနေနဲ့ ““အကြီး အကဲက လိမ်ညာရင် အမှန်တရားကိုသတ်တာပဲ၊ အမှန် တရားကိုသတ်တာဟာ ကိုယ့်ကိုယ်ကိုယ် သေကြောင်း ကြံတာပဲ””လို့ ပြောကြတာကို မှတ်သားခဲ့ဖူးပါတယ်။

တပ်မတော်က ကျောထောက်နောက်ခံပြုခဲ့တဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီဟာ ၁၉၉၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးမှာ နာလန်မထူ နောက်ကောက် ကျခဲ့တာကို အစား ထိုးဖို့ ပြည်ထောင် စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး အသင်းကို ဖွဲ့စည်းခဲ့ပါတယ်။ လူမှုရေးလုပ်ငန်းများ လုပ်ဆောင်ရန်သာ ဖြစ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖွဲ့စည်းခဲ့ကြတယ်။ ဦးဆောင်နာယကများ အဖြစ် နိုင်ငံတော် အကြီးအကဲ အပါအ၀င် တပ်မတော်ထိပ် ပိုင်းပုဂ်္ဂိုလ်များက ဗဟိုအလုပ်အမှုဆောင်နဲ့ တိုင်းအလုပ်အမှုဆောင်နေရာများမှာ တာဝန်ယူကြပြီး ခရိုင်အဆင့်/ မြို့နယ်အဆင့်များမှာ အုပ်ချုပ်ရေး အဆင့်ဆင့်က ထောက်ခံတင်ပြသူများနဲ့ ဖွဲ့စည်းခဲ့ကြပါတယ်။

လူမှုရေးအခြေခံ အသင်းအဖွဲ့ဆိုသော်လည်း ဘယ်မြို့ဘယ်နယ်မှာမှ သာရေးနာရေး ကိစ္စများမှာ တာဝန်ယူ ဆောင် ရွက်ခဲ့ တာမရှိပါဘူး။ ဘယ်ကရရှိမှန်းမသိရတဲ့ ငွေကြေးများအသုံးပြုကာ (ဘယ်တုန်းက မှလည်းစာရင်း ရှင်းလင်းမှု မရှိပါဘူး)။ လမ်းဖောက် လုပ်ရေး၊ ရေရရှိရေးထောက်ပံ့မှုများ ပြုခဲ့ခြင်း၊ ဘိလပ်မြေနဲ့ မဲလဲလှယ်ခြင်း၊ ယုတ်စွအဆုံး ဗုဒ္ဓမြတ်စွာဘုရား ရုပ်ပွားတော်များနှင့် စည်းရုံးမဲဆွယ်ခြင်း၊ ဒေါ်အောင် ဆန်းစုကြည်ကို ဦးတည် တိုက်ခိုက်တဲ့ လုပ်ကြံစာများနဲ့ ရုပ်ပုံများကိုရိုက်ကူးပြီး တရားမ၀င် ခိုးကြောင်ခိုးဝှက်ဖြန့်ဝေခြင်း၊ ကြေးစား လူမိုက်များကို မွေးမြူ၊ စွမ်းအားရှင် အမည်ပေးကာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီဝင်များကို ရန်ကုန်မြို့ လယ်ကောင်မှာ ရိုက်ခိုင်းခြင်း၊ ဒီကိစ္စမှာ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးတင်ဦးတို့ကသာ ဗဟန်းရဲစခန်းမှာ သွားပြီး အမှုဖွင့်ခဲ့တာ၊ ယနေ့တိုင်ဖြေရှင်းပေးမှု တစ်စုံတစ်ရာ မကြားသိရသေးပါ။ ၂၀၀၃ ခုနှစ် မေလ ၃၀ ရက် ဒီပဲယင်း မြို့နယ်၊ ကြည်ရွာအနီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးတင်ဦးတို့ရဲ့ NLD အဖွဲ့ကို တုတ်၊ ဓားလက်နက်များနဲ့ တိုက်ခိုက်လုပ်ကြံတဲ့ ဒီပဲယင်းအရေးအခင်းကြီးဟာ ကမ္ဘာကျော်သွားခဲ့သော်လည်း ယနေ့ အချိန်ထိ တာဝန်ရှိသူတို့ ထုတ်ဖော်ပြောကြားဝန်ခံမှု မရှိသေးပါဘူး။ နောက်ကွယ်မှ ကြိုးကိုင် အမိန့်ပေးသူများ မှာ ကြံ့ခိုင်ရေးအသင်း တာဝန်ရှိသူများပါဝင်ကြောင်း၊ တပ်မတော်မှ တာဝန်ရှိသူများနှင့် ပူးပေါင်းလုပ်ဆောင် ကြကြောင်း ပြည်တွင်း၊ ပြည်ပမီဒီယာများက ရေးသားခဲ့ကြသော်လည်း ထိုစဉ်က တိုင်းမှူး ဗိုလ်ချုပ်စိုးနိုင်နှင့် စစ်ကိုင်းတိုင်း ကြံ့ခိုင်ရေးတာဝန်ခံ သူရဦးအေးမြင့်တို့က မကြားသယောင် နှုတ်ဆိတ်နေခဲ့ကြပါ တယ်။ ပါဝင် ကြောင်း၊ တာဝန်မကင်းကြောင်း စွပ်စွဲခံရသူ မန္တလေးတိုင်းတာဝန်ခံ ဦးအောင်သောင်းတစ်ဦးကသာ ဒီပဲယင်း အရေးအခင်းကို မသိရှိကြောင်း ပြောကြားခဲ့ပါတယ်။

ကြံ့ခိုင်ရေးရင်ထိုး တံဆိပ်ကို တပ်မတော်ယူနီဖောင်းမှာပါ တပ်ဆင်ပြီး တပ်မတော်က လုပ်ဆောင်တာ အမျိုးသားနိုင်ငံရေးဖြစ်တယ်။ ကြံ့ခိုင်ရေးအသင်းဟာလည်း လူမှုရေးကိုအခြေခံတဲ့ အမျိုးသားနိုင်ငံရေး လုပ်တာသာဖြစ်တယ်ဆိုတဲ့ သဘောထား ကိုရိုက်သွင်းပြီး ပြည်သူကို အယုံသွင်းခဲ့ တယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင်များနဲ့ ပါတီအပေါ်ကိုလည်း ပြောင်ပြောင်တင်းတင်း ပုတ်ခတ်စော်ကား တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့တယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို အတိုက်အခံ နိုင်ငံရေးပါတီဆိုတဲ့ အခေါ်အဝေါ်နဲ့ ပြော ဆို ရန်စမှုများ လုပ်ဆောင်တာနဲ့ ပတ်သက်လို့ နိုင်ငံရေးသုတေသီတစ်ဦးက ပြောပါတယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အပေါ် ဘယ်ကဲ့သို့ပဲ ပုံဖော်နေပါစေ၊ ၉၀ပြည့်နှစ် ပါတီ စုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး မှာ ပြည်သူက ချစ်မြတ်နိုးလက်ခံပြီး မြန်မာနိုင်ငံကို အုပ်ချုပ်ဖို့ မဲပေးရွေးချယ်ခဲ့တာဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပဲ ဖြစ်လို့ ပြည်သူ ကရွေးချယ် တဲ့ နိုင်ငံရေးပါတီဖြစ်တဲ့ အပြင် အာဏာမရပေမယ့် နိုင်ငံရေးသိက္ခာ ကြီးမားတဲ့ ပါတီအဖြစ် နိုင်ငံတကာကရှုမြင်ကြောင်း၊ အာဏာလွှဲပြောင်းပေးမှု လုပ်ငန်းစဉ်ကို လုပ်ဆောင်ရန် အကြောင်းအမျိုးမျိုးပြ ပျက်ကွက်ပြီး ပြိုင်ပွဲဝင်ဆုရ အသင်းကိုဆုမပေးဘဲ သူသာအနိုင်ရသူလို့ ဒိုင်းဆု ကို အဓမ္မလုယူ သိမ်းပိုက်တဲ့ သိက္ခာမဲ့ ဒိုင်လူကြီးမျိုးကို ဘယ်ပရိသတ်မှ အသိအမှတ် မပြုပါဘူးလို့ ဆိုပါတယ်။

(၉၀)ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ရလဒ်ကို ဥပေက္ခာပြု ပစ်ချထားခဲ့ကြပြီး ၁၉၉၃ခုနှစ် မှ ၂၀၀၇ ခုနှစ်အထိ ၁၄နှစ်ကြာအောင် ကျင်းပခဲ့တဲ့ အမျိုးသားညီလာခံကြီးမှ ရေးဆွဲခဲ့တဲ့ ဖွဲ့ စည်းပုံအခြေခံ ဥပဒေကို ၂၀၀၈ ခုနှစ်၊ နာဂစ်မုန်တိုင်းကြောင့် လူတစ်သိန်းခွဲခန့် ပျောက်ဆုံး၊ လူတစ်သိန်းခွဲခန့် သေကျေ ပျက်စီးလို့ တစ်နိုင်ငံလုံး ပူဆွေးသောက ရောက်နေချိန် ဆန္ဒခံယူပွဲကျင်းပ အတည် ပြုခဲ့တာတစ်နိုင်ငံလုံး အသိပါ ဗျာ။ နာဂစ်မုန်တိုင်းကြောင့် ဒုက္ခခံစားနေကြ သူများထံ ကိုယ်တိုင်လာရောက်ပြီး စာနာကြောင်း ပြောကြား အကူ အညီအထောက်အပံ့များ လာပေးသူ ကမ္ဘာ့ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း တောင်မှ ပြည်သူ့ဆန္ဒခံယူပွဲ ကျင်းပတဲ့ရက်မှာ ထိုင်းနိုင်ငံကိုခေတ္တ ရှောင်ပေးခဲ့ရတဲ့အထိ မှတ်မှတ် သားသား ဖြစ်ခဲ့ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲနားနီးမှ ၂၆-၄-၂၀၁၀ နေ့မှာ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းမှ ပြည်ထောင် စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီအဖြစ် ပြောင်းလဲကြောင်း ကြေညာခဲ့တယ်။

NLD ဟာ သိက္ခာရှိတဲ့ နိုင်ငံရေးပါတီ ဖြစ်တဲ့အတွက် ကိုယ်ကိုရည်ရွယ် ကန့်သတ်ကြောင်း သိပေမယ့် တိုးလျှိုး ၀င်ရောက်တဲ့ နိုင်ငံရေးလမ်းစဉ် မကျင့်သုံးခဲ့ပါဘူး။ ရွေးကောက်ပွဲမ၀င်ရင် ပါတီမှတ်ပုံတင်ခွင့် မပြု ပါ။ ပါတီ မှတ်ပုံ မတင်ရင် NLD ပါတီပျက် ပြယ်ကြောင်း ကြေညာမယ်ဆိုတာတွေ အထိ မြန်မာ့နိုင်ငံရေးလောက ထဲကနေ ပျောက်ကွယ် သွားတဲ့အထိ ရည်ရွယ်တိုက်ခိုက်တာကို ပါတီရဲ့ဦးဆောင်ပုဂ်္ဂိုလ်အများဟာ ကြံ့ကြံ့ခိုင်ခိုင် ရပ်တည်ပေးခဲ့ကြပါတယ်။ ရွေးကောက်ပွဲဝင်ခြင်းသည် နိုင်ငံရေးပါတီတစ်ခုရဲ့ မလွဲမသွေဖြတ်သန်းရမယ့် တာဝန်တစ်ရပ်ဖြစ်ကြောင်း သိပင်သိငြားသော် လည်း ရည်ရွယ်ချက်ရှိရှိ နိုင်ငံရေးသိက္ခာကျဆင်းစေသည့် လုပ်ရပ်များကို အဖွဲ့ချုပ်ဦးဆောင်သူများက ပါးနပ်စွာ ရှောင်ရှားနိုင်ခဲ့ကြပါတယ်။

(၈)လေးလုံး လှုပ်ရှားမှုကြီးအတွင်းမှာ ပြည်သူ့ခံစားချက်များဖြင့် အမြုတေဖွဲ့စည်း ပေါ်ပေါက်ခဲ့ရတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှာ စတင်ဖွဲ့စည်းပြီးကတည်းက နိုင်ငံရေးလှိုင်းတံပိုးများပြင်းထန်ခဲ့တာပါ။ အောင်-စု-တင်ဆိုတဲ့ ခေါင်းဆောင်ပိုင်းမှ ဦးအောင်ကြီးနှင့်အဖွဲ့ ခွဲထွက်သွားခြင်း၊၁၉၈၉ခုနှစ်၊ အာဇာနည်နေ့မှ စလို့ ခေါင်း ဆောင်ပိုင်းအား ဖမ်းဆီးချုပ်နှောင်မှုများ အပါအ၀င် NLD ၏ လှုပ်ရှားနိုင်တဲ့အစိတ် အပိုင်းမှန်သမျှ အားအင် ချည့်နဲ့စေရန် ဖိနှိပ်ချုပ်ကိုင်ခဲ့သော်လည်း ၁၉၉၀ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ မဲဆန္ဒနယ် ၄၈၅အနက်၊ ၄၄၇နေရာ ၀င်ရောက်ယှဉ်ပြိုင်ရာ ၃၉၂နေရာ အနိုင်ရရှိခဲ့ပါတယ်။ ရည်ရွယ်ချက်ရှိရှိ NLD ကို ဖျက်သိမ်းခဲ့သော် …ဟုတွက်ချပြီး NLD ပါတီအလံတော်အောက်မှာ မျိုးချစ်ရဲဘော် ဟောင်း များအဖွဲ့နဲ့ အမျိုးသားဒီမိုကရေစီ ပါတီရယ်လို့ အရန်ပါတီနှစ်ခု ဖွဲ့စည်းထားခဲ့ရတယ်။ မျိုးချစ်ရဲဘော် ဟောင်းများအဖွဲ့မှ တစ်နေရာနှင့် အမျိုးသားဒီမိုကရေစီပါတီမှ (၃)နေရာ အနိုင်ရရှိခဲ့တော့ NLD မှာ (၃၉၆)နေရာနိုင်ခဲ့တာပေါ့။

မဲဆန္ဒနယ်(၄၈၅)အနက်၊ ၃၉၆နေရာ အနိုင်ရရှိခဲ့သူ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၉၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ တောင်ပြို ကမ်းပြို အနိုင်ရရှိသော်လည်း အာဏာရ အစိုးရဖြစ်မလာခဲ့ ပါဘူး။ ပြည်သူကယုံ ကြည်စိတ်ချစွာ ပေးအပ်သော အုပ်ချုပ်မှု အာဏာကို ဒိုင်အဖွဲ့က သိမ်းပိုက်ထား ခဲ့တာ ကြောင့်ဖြစ်ပါတယ်။ မည်သို့ပင်ဖြစ်စေ ကာလကြာရှည် လာသောအခါမှာတော့ သမိုင်းက အဖြေပေးလာ ပါတော့ တယ်။ နိုင်ငံတော်အပေါ်မှာ ဘယ်သူကသစ္စာစောင့် သိပြီး ဘယ်သူကသစ္စာဖောက်ဖျက်တယ် ဆိုတာလည်း ထင်ထင်ရှားရှားဘွားဘွား ကြီးပေါ်လာတော့တာပဲ။ နိုင်ငံရေးသုတေသီ ဦးကျော်ဝင်းရဲ့ဖော်ပြချက်အရ ဗိုလ်ချုပ် မှူးကြီး သန်းရွှေပြောခဲ့ဖူးတဲ့ စကားတစ်ခွန်း ရှိတယ်တဲ့။ ““မဆလကို န၀တကကယ်ခဲ့တာ၊ မဆလကိုလည်း တစ်ယောက်မှ မဖမ်းခဲ့ဘူး၊ န၀တက မလုပ်နိုင်မကိုင်နိုင် ပြဿနာတွေတက်၊ အဂတိလိုက်စားမှုတွေ နဲ့ချွတ်ခြုံ ကျပြီးတော့ ဒုက္ခရောက်တော့မယ့် အချိန်မှာ နယက(နအဖ) ဖွဲ့ပြီးတော့ ကယ်ခဲ့တယ်တဲ့။ အမည်ပြောင်း ကော်မတီနှင့် ပြန်ကယ်တင်ခဲ့တဲ့ စီမံချက်လို့ ဆိုပါတယ်။

အမှန်တကယ်တော့ မဆလကို ကယ်ခဲ့တာလည်း မဟုတ်ဘူး။ အာဏာသိမ်းခဲ့တာလည်း မဟုတ်ဘူး။ အာဏာ သိမ်းခဲ့တာဆိုရင် ဦးနေ၀င်းတို့ကစပြီး ထိန်းသိမ်းရမှာ၊ ဖမ်းချုပ်ရမှာ။ တကယ်က ၈လေးလုံး အရေးတော်ပုံ ကြောင့် ပျာပျာသလဲဖြစ်ပြီး တပ်မတော်ကို အာဏာလွှဲ ပြောင်းရယူခိုင်းခဲ့တာ။ န၀တကစပြီး ဒီနေ့ ခေတ်နေရာ ရနေကြတဲ့ နိုင်ငံတော်အကြီးအကဲတွေ၊ တိုင်း၊ ခရိုင်၊မြို့နယ် တရားသူကြီးတွေအထိ ပုဂ်္ဂိုလ်ကြီးများဟာ ၈လေး လုံးသပိတ်ကို ဆင်နွှဲလာခဲ့တဲ့ မြို့နယ်အသီးသီးက ၈လေးလုံး သပိတ်ခေါင်းဆောင်တွေကို ထိုင်ရှိခိုးသင့် ပါတယ်။ ထို့အတူ ကျေးဇူးတင်သင့်ပါတယ်။ ဘာကြောင့်ဆိုတော့ အဲဒီတုန်းက မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ကို ဘယ်သူမော်ကြည့်ရဲလို့လဲ။ အာဏာသိမ်းခဲ့တယ်ဆိုတဲ့ တပ်မတော် ခေါင်းဆောင်ကြီးများကရော တကယ် သတိ္တရှိလို့ ခေါင်းဆောင်ကြီးများကို ဆန့်ကျင်ပြီး အာဏာသိမ်းခဲ့ကြတာလား။ အမိန့်နာခံပြီးလုပ်ဆောင်ခဲ့ကြတာ လား။ အခုမှလာပြီး သမိုင်း ကိုက ပြောင်းကပြန် မလုပ်သင့်ဘူးပေါ့ဗျာ။ ရှက်စရာ မဟုတ်ပါဘူး။ ဦးနေ၀င်းရဲ့ အမိန့်ကို လိုက်နာခဲ့ရတာ ဟုတ်ပါတယ်လို့ ၀န်ခံကြပါ။ နောက်တော့ အရှိန်ရလာပြီး ရှေးဦးစွာ ဗိုလ်ချုပ်မှူးကြီး စောမောင် ကို ဖယ်ထုတ်တယ်။ နောက်ဆုံး ဦးနေ၀င်းကိုပါ ကွယ်လွန်သည်အထိ အကျယ်ချုပ်ထားထားခဲ့တာ တွေ၊ ဒါတွေဟာ မြန်မာ့သမိုင်းတွေပါ။

တပ်မတော်ရဲ့ ကာကွယ်ရေးဦးစီးချုပ် ဖြစ်သူက ““နိုင်ငံ့တော်နှင့် နိုင်ငံသားတို့အပေါ် ၀န်ခံထားတဲ့ကတိတွေ ဘယ်အကြောင်းကြောင့်မှ ဖောက်ဖျက်မှာ မဟုတ်ကြောင်း”” တာဝန်ယူခဲ့တာပဲဗျာ။ ရိုးသားတဲ့ မြန်မာ နိုင်ငံ သားတွေက ယုံကြည်ပါတယ်။ ကာချုပ်ကိုရော၊ တပ်မတော်ကိုရော၊ တကယ်ကို နှစ်နှစ်ကာကာ ယုံကြည်ပါ တယ်။““တပ်မတော်ဟာ ရွေးကောက်ပွဲအနိုင်ရတဲ့ နိုင်ငံရေးပါတီကို အာဏာလွှဲအပ်ပြီးတာနဲ့ စစ်တန်းလျား ကို ပြန်သွား မှာဖြစ်ကြောင်း”” ၁၉၈၉ခုနှစ်မတ်လ၂၇ရက်နေ့က ပြောသွားခဲ့တာ ၂၅ နှစ်ပြည့်မြောက်တော့ မယ်လေ။ တပ်မတော်က စစ်တန်းလျားကိုပြန်မယ့် ကာချုပ်ကြီးရဲ့ကတိစကားရွှေရတုသဘင် အချိန်မှာတော့ တပ်မတော် ရဲ့ အမိန့်နာခံတတ်မှုကို တစ်ဦးတစ်ယောက် တစ်စုတစ်ဖွဲ့ကြောင့်တော့ သံသယမဖြစ်စေချင်ဘူးဗျာ။

န၀တက မလုပ်နိုင်မကိုင်နိုင် အဂတိ လိုက်စားမှုတွေနဲ့ ချွတ်ခြုံကျပြီးတော့ ဒုက္ခရောက်တော့မယ့်အချိန်မှာ နယက (နအဖ)ဖွဲ့ပြီးတော့ ကယ်ခဲ့တယ်ဆိုတဲ့ အမည်ပြောင်းကော်မတီနဲ့ ပြန်လည်ကယ် တင်ခဲ့တယ်ဆိုတဲ့ စီမံချက်ဆိုရာမှာလည်း ဘယ်လောက်အထိ ကုစားနိုင်ခဲ့လို့လဲဗျာ။ အဖွဲ့ရဲ့နာမည်ပြောင်းပြီး လုပ်ဆောင်ခဲ့တဲ့ ယတြာ ကျေသွားရော့လား။ တစ်လျှောက်လုံး လုပ်ကိုင်လာကြရာမှာ နိုင်ငံတော်နဲ့ ပြည်သူတွေ အပေါ် စေတနာ ကို အခြေမခံခဲ့တဲ့အတွက် လုပ်မှား၊ ကိုင်မှား၊ ရည်တည်ချက်မှား၊ ရေးသားပြဋ္ဌာန်းချက်တွေ မှားခဲ့တယ်လို့ ပြောရမှာပဲ။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အမှန်တကယ် ရေးသား ခဲ့ရတဲ့ ဥပဒေပညာရှင်များအနေ နဲ့လည်း အမိန့်ညွှန်ကြားချက်ကြောင့် မလွှဲမရှောင်သာ ရေးသားထည့်သွင်း နေကြရသော်လည်း ခေါင်းမှာ တပ်ထားတဲ့ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနိုင်ငံတော်ဆိုတဲ့ ၀ိသေသနဲ့ အနှစ်သာရများကို ဆန့်ကျင်ချေ ဖျက်နေတဲ့ အချက်များပါရှိ နေကြောင်း နဲ့ နောင်တစ်ချိန်မှာ တိုင်းပြည်ကလက်ညှိုး ထိုးအပြစ်တင်ကြမှာ မလွဲဘူး ဆိုတာ ကြိုတင်သိခဲ့ရမှာပါ။ အဓိကအားဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာ နိုင်ငံတိုင်းမှာရှိတာပါ။ စတင်ရေးတဲ့ အချိန်က စပြီး လုံးဝပြင်ဆင် ဖြည့်စွက်ရန် မလိုဆိုတဲ့ PERFECT CONSTITUTION ဆိုတာ ဘယ်မှာရှိမှာလဲ ပြင်သာဆင် သာရှိအောင်တော့ လုပ်ထား ရမှာပေါ့။ ၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေမှာကတော့ ပြင်ရ ခက်ခဲအောင် ပုဒ်မ-၄၃၆ကို ထည့်သွင်း ထားလိုက်တာ နိုင်ငံတော်အတွင်းက တစ်ဦးတစ်ယောက်တစ်ဖွဲ့ရဲ့ အလိုမကျသူ နေရာမရစေရန်နဲ့ မကြာမတင် မီဖုံးလို့ ဖိလို့ မရပေါ်ပေါက်လာမယ့် ပြစ်မှုပြစ်ဒဏ်များ ကို ကာကွယ်ရန် အလို့ငှာ ကိုယ်ကျိုးစီးပွား ကာကွယ်ရေး မူဝါဒအရ ထည့်သွင်းထားတဲ့ ပုဒ်မများကို မတို့မထိနိုင်အောင် ကာကွယ်ထား ကြောင်း တွေ့ရှိရ ပါတယ်။ တကယ့်နိုင်ငံတော်အကျိုးစီးပွား ကာကွယ်ဖို့၊ အမျိုးသားအန္တရာယ်ကို ကြိုတင်သိမြင် ရှောင်ရှားနိုင်ဖို့ အချက်များ မပါပါဘူး။

ဒါကြောင့်မို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၂၀၁၂ ကြားဖြတ်ရွေးကောက် ပွဲမှာ ဦးတည်ချက်အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးအချက်တစ်ချက်အဖြစ် ထည့် သွင်းခဲ့တာပါ။““ဒီမိုကရေစီက ရွေးကောက်ပွဲကို အာမခံ နိုင်သော်လည်း ရွေးကောက်ပွဲတိုင်းက ဒီမိုကရေစီကို အာမ မခံနိုင်ပါဘူး။ ထိုနည်းတူ PR စနစ်ဆို တာ ရွေးကောက် ခံအာဏာရှင်များ အသက်ဆက်ရေး စီမံချက်ပါ။ နိုင်ငံနဲ့ပြည်သူ မချစ်မနှစ်သက် မလိုလား သူများ ကို အလွယ်တကူ ဖယ်ရှား နိုင်တာက FPTP စနစ်ပါ။ မဲဆန္ဒရှင်မလိုလားလို့ မဲမပေးပါဘူးဆိုမှ ဘယ်လှေကား က တက်လာတာမှန်းမသိ၊ ဖယ်ထုတ်လို့မရ နိုင်မှာက PR စနစ်ပါ။ ၂၀၀၈ ဖွဲ့စည်းပုံမှာ ရေးသား ပါဝင် ခြင်းမရှိ သော်လည်း PRကို အတည်ပြုလို့ရတယ် ဆိုတဲ့ ကြောင် တောင်တောင် သဘော တရားတွေ ဖော်ထုတ်နေကြ သူများကြားမှာ ပြည်သူကဘယ် လိုနားလည်ရမလဲ မသိတော့ပါဘူးဗျာ။

အမှန်တော့ ၄၇ အခြေခံဥပဒေကော၊ ၇၄ အခြေခံဥပဒေရော ဖျက်သိမ်းခဲ့တာ ပြည်သူမဟုတ်ပါ။ ပြည်သူ မဟုတ်ရင် ဘယ်သူပါလဲ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေလည်း ဘာမှမရှိတာနဲ့စာရင် တစ်ခုရှိတာ မကောင်း ဘူးလား။ အကြောင်းပြချက်နဲ့ ပြည်သူ့ ရှေ့စားပွဲပေါ်ရောက်ခဲ့ရ တာမဟုတ်လား။ ပြည်သူ့ရှေ့ရောက်ရင် ပြီးရော ဆိုတဲ့ သဘောနဲ့ ရေးထားခဲ့ကြတာမို့ ပြည်သူကို အာမခံတဲ့ ပြည်သူဘက်က ရပ်တည်တဲ့ အချက် အလက် နည်းပါးခဲ့တာပေါ့။ ပြည်သူဘက်ကသာ မရပ်တည်တာ။ နောက်ကြောင်းပြန် ဥပဒေဖြင့် စွဲဆို ခြင်းမရှိ စေရ ဆိုတာမျိုးကျတော့ အခြေခံ ဥပဒေမှာ ပါနေပါလားဗျာ။

နိုင်ငံရေး အကျပ်အတည်းဆိုတာ တွေ့ဆုံညှိနှိုင်းအဖြေရှာခြင်းနဲ့ ဖြေရှင်းရမှာ၊ ဒီနေ့အထိ တစ်ချိန်တုန်းက မျက်နှာချင်း ဆိုင်တိုက်ခိုက်လာခဲ့တဲ့ လက်နက်ကိုင် အဖွဲ့တွေကိုတော့ တွေ့ဆုံနိုင်ပြီး ပြည်သူအများကို ကိုယ် စားပြုတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ လေးပွင့်ဆိုင်တွေ့ဆုံ ဆွေးနွေးဖို့တုတ်တုတ်မှ မလှုပ်ကြတာဟာ ဆရာ တော်တစ်ပါးက ဟောကြားသလို ဒေါ်စုမှာ လက်နက်မရှိလို့လားလို့ တွေးမိပါတယ်ဗျာ။

  မြန်မာသံတော်ဆင့်သတင်းဌာန- www.facebook.com/myanmarherald

No comments:

Post a Comment