ရန်ကုန်၊ အောက်တိုဘာ ၇
အများသဘောတူ လက်ခံနိုင်သော ဖက်ဒရယ် ပြည်ထောင်စုစနစ် တစ်ခု ပေါ်ပေါက်ရန်အတွက် တိုင်းရင်း သား နိုင်ငံရေးပါတီများနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) တို့ ပူးပေါင်းကာ တိုင်းရင်းသား မဟာမိတ် နိုင်ငံရေး ပါတီများ လုပ်ငန်းအဖွဲ့ (EAPP) အား အောက်တိုဘာလ ၄ ရက်နေ့က ဖွဲ့စည်းခဲ့ကြောင်း NLD ပါတီ ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင် ဦးထွန်းထွန်းဟိန်က အောက်တိုဘာ ၇ ရက်နေ့တွင် မြန်မာသံတော်ဆင့် သို့ ပြောသည်။
အဆိုပါ တိုင်းရင်းသား မဟာမိတ် နိုင်ငံရေးပါတီများ လုပ်ငန်းအဖွဲ့(EAPP) တွင် NLD အပါအ၀င် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့(UNA) ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ကိုယ်စားပြု ကော်မတီ (CRPP) နှင့် ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ် (UNLD) တို့ အား အခြေခံကာ ဖွဲ့စည်းခဲ့ပြီး တစ်လလျှင် တစ်ကြိမ် အစည်းအဝေး ပြုလုပ်ကာ ညှိနှိုင်း သွားမည်ဖြစ်သည်။
““ဖက်ဒရယ်မှာကတော့ ပုံစံတွေ အများကြီးရှိတာပေါ့။ ဒီအဖွဲ့ထဲမှာပါတဲ့ နိုင်ငံရေး ပါတီတွေကလည်း ဖက်ဒရယ်ကို ယေဘုယျအားဖြင့် သွားကြမယ်လို့ ဆုံးဖြတ်ထားတော့ ဒါပေမဲ့ တညီတညွတ်တည်း ဖြစ်စေဖို့ အတွက် ပုံစံက ၁ မျိုး၊ ၂ မျိုးလောက် ရှိတယ်။ ဖက်ဒရယ်ကို ဘယ်လိုပုံစံလဲဆိုတာ ဆွေးနွေးရမှာပေါ့””ဟု NLD ပါတီမှ ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင် ဦးထွန်းထွန်းဟိန်က မြန်မာသံတော်ဆင့်သို့ ပြောသည်။
အဆိုပါ EAPP အဖွဲ့အား အဖွဲ့ခေါင်းဆောင် တစ်ဦးနှင့် တွဲဖက် အဖွဲ့ခေါင်းဆောင် ၃ ဦး ထားရှိကာ အဖွဲ့၏ မူဝါဒများနှင့် ထားရှိမည်။ အဖွဲ့ခေါင်းဆောင်များအား လာမည့်လ ဆွေးနွေးပွဲတွင် ဆုံးဖြတ်သွား မည် ဖြစ်ကြောင်း ဆွေးနွေးပွဲ တက်ရောက်ခဲ့သော ရှမ်းပြည်ကိုးကန့် ဒီမိုကရက်တစ်ပါတီမှ တွဲဖက် အတွင်းရေးမှူး ဦးမိုးထွန်းက ပြောသည်။
““အဓိက အဖွဲ့တစ်ဖွဲ့ ဖွဲ့ဖို့ပေါ့။ အဓိကက ဘယ်လိုဖွဲ့မှာလဲ။ ခေါင်းဆောင် ဘယ်လိုထားမှာလဲ။ ဒါပဲ ဆွေးနွေး ခဲ့တယ်။ Policy (မူဝါဒ) ကတော့ မဆွေးနွေး ရသေးဘူး””ဟု ဦးမိုးထွန်းက မြန်မာသံတော်ဆင့်သို့ ပြောသည်။
အဆိုပါ ဆွေးနွေးပွဲသို့ (NLD) အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ ရှမ်းပြည်ကိုးကန့် ဒီမိုကရက်တစ်ပါတီ၊ ဇိုမီး ဒီမိုကရေစီအဖွဲ့ချုပ်၊ ချင်းဒီမိုကရေစီ အဖွဲ့ချုပ်၊ ချင်းတိုးတက်ရေးပါတီ၊ မွန်အမျိုးသားပါတီ၊ ကမန်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် UNA မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပြီး မဟာမိတ် တိုင်းရင်းသား နိုင်ငံရေး ပါတီများ အချင်းချင်း အပြန်အလှန် ဆက်စပ်မှုရှိရှိ ပူးပေါင်း ဆောင်ရွက်နိုင်ရန်နှင့် နိုင်ငံရေး ပြဿနာများအား အတူတကွ ညှိနှိုင်းဖြေရှင်းမှု ပုံစံဖြင့် ဆောင်ရွက်ရန်တို့ကို သဘောတူ ခဲ့ကြသည်။
ဝိုင်းမော်
မြန်မာသံတော်ဆင့်သတင်းဌာန – http://www.facebook.com/
No comments:
Post a Comment