Thursday, October 9, 2014

ခွေးပြောသည့်စကား ကျားမိုက်ကယုံသည်

- အရှင်ပညာသီရိ (မွန်ကျောင်းဆရာတော်)

'အတွေး'ကို သတိထား ... အတွေးက 'စကားလုံး' ဖြစ်လာတယ်။
'စကားလုံး'ကို သတိထား ... စကားလုံးက 'အပြုအမူ' ဖြစ်လာတယ်။
'အပြုအမူ'ကို သတိထား ... အပြုအမူ က 'အကျင့်' ဖြစ်လာတယ်။
'အကျင့်'ကို သတိထား ... အကျင့်က 'ကိုယ်ကျင့်' တရားဖြစ်လာတယ်။
'ကိုယ်ကျင့်တရား'ကို သတိထား ... ကိုယ်ကျင့်တရားက 'ကံ' ဖြစ်လာတယ်။


(လပြည့်ဝန်း-သာစည်)


အထက်ပါစာသားကလေးကို င်္ဘ မှ ဖတ်မိသောအခါ သဘောကျမိပါ၏။ ချစ်အောင်လုပ်တာလည်း ကိုယ်၊ မုန်းအောင်လုပ်တာလဲကိုယ်။ နိဗ္ဗာန်ရောက်စေတာလည်းကိုယ်။ အပါယ်ငရဲရောက်စေတာလည်းကိုယ်။ ဒါဆိုရင် မိမိကိုယ်ကိုယ်သတိထားဖို့လိုသလို အခြေအမြစ်မရှိတဲ့ကောလာဟလသတင်းတွေကိုယုံပြီး ပဋိပက္ခ မဖြစ်ဖို့ အမုန်းမပွားဖို့တွေ လိုလာပါပြီ...။

ဒီကနေ့ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေ မြင်ရတွေ့ရကြားရတာသည် ဝမ်းနည်းဖွယ်ကောင်းပေ၏။

စိတ်ဓာတ်ယုတ်ညံ့အောက်တန်းကျသူတွေက ကိုယ်ကျူးလွန်တဲ့ပြစ်မှုကို ဘာသာရေးအသွင်၊ လူမျိုး ရေးအသွင်ဆောင်ကာ ပုံကြီးချဲ့ ကောလာဟလပြုလုပ်ဖန်တီးပြီး တိုင်းပြည်နဲ့လူမျိုးကို အညွန့်မတက်နိုင်အောင် လုပ်နေကြ၏။ တကယ် တိုင်းပြည်နှင့်လူမျိုး၊ နိုင်ငံကိုချစ်လျှင် ပဋိပက္ခဖြစ်စေမယ့်အရာကိုရှောင်၍ ငြိမ်းချမ်း စေမယ့်အရာကိုဆောင်ကာ လျှောက်လှမ်းနိုင်ရင် ပိုကောင်းပါလိမ့်မယ်။

အခုလိုပဲ ကောလာဟလသတင်းတွေကိုယုံစားပြီး ပဋိပက္ခဖြစ်နေကြမယ်ဆိုရင် သင်္ဂဇာဆရာတော်ပြောဆိုဆုံးမသကဲ့သို့ 'ခွေးပြောသည့်စကား ကျားမိုက်ကယုံ' ဆိုသကဲ့သို့ဖြစ်ပေလိမ့်မည်။

အခါတစ်ပါး ခွေးလင်မယားတို့သည် တိရစ္ဆာန်တို့ ဘာသာဘာဝနေထိုင်ကြသည်တွင် လင်ဖြစ်သော ခွေးက ဝမ်းရေးအတွက် အစာရှာသွားမည်ဖြစ်ရာ ကိုယ်ဝန်အရင့်အမာရှိနေပြီဖြစ်သော မယားဖြစ်သူခွေးမ က လိုက်ပါရစေဟုဆို၍ အတူတကွထွက်လာကြ၏။

အတော်သွားမိလျှင် ကျားနေသောဂူအတွင်း၌ နားခိုမိလေ၏။ ခွေးမသည်လည်း ဝမ်းတွင်း၌လွယ် ထားသော ကိုယ်ဝန်သားသည် ဖွားမည့်အရေးဖြစ်လာလေ၏။

လင်ဖြစ်သူခွေးအား ရှေ့ဆက်မလိုက်နိုင်တော့ ကြောင်းပြောသောအခါ ဤနေရာက ကျားပိုင်နက်ဂူဖြစ်သဖြင့် အန္တရာယ်များသောကြောင့် အခြားနေရာသို့ သွားမည်ပြောသော်လည်း မရသည့်အတွက် ကျားဂူ၌ပင်မွေးဖွားလေ၏။

ကျားပြန်လာပါက မိမိတို့၏အန္တရာယ်ကိုတွေးမိ၍ ခွေးလင်မယားတို့သည်အချက်ပေး၍ တိုင်ပင်ထားကြ လေ ၏။ မကြာမီကျားပြန်လာလေလျှင် ခွေးထီးကအချက်ပြလေ၏။ ထိုအချိန်တွင် ခွေးမကတိုင်ပင်ထားသည့် အတိုင်း ပြောလေ၏။ ခွေးမက ''ဗိုက်ဆာလိုက်တာတော်''ဟုညည်းလေလျှင်ခွေးထီးက ''ဟဲ့ခွေးမ ငါဟိုတစ်နေ့ က ကိုက်ပေးထားတဲ့ကျားသား ကုန်ပြီလား''ဟု ကျားကြားအောင် ဝါကြွား၍ မေးလိုက်၏။

ခွေးမကလည်း ''သင်ကိုက်ပေးထားသည့် ကျားသားက ဘယ်လောက်ကြီးတာမှတ်လို့။ တော့်ကလေး တွေစားတာနဲ့ ကုန်ပြီ'' ဟုအော်ပြောလေ၏။

ထိုအသံကိုကြားသောကျားမှာ ငါ၏ဂူ၌နေသောခွေးတွေမှာ သာမန်ခွေးတွေမဟုတ်နိုင်ရာ။ ကျားသား ကိုမှ ရွေးစားသည်ဖြစ်တန်ရာ၏ဟုတွေးကာ ထိတ်လန့်၍ပြေးလေ၏။

လမ်းခုလတ်၌ မိတ်ဆွေမျောက်နှင့်တွေ့လေလျှင် အားကိုးတကြီးနှင့်ပြောပြလေ၏။ သူနေသောဂူ၌ ကျားစားသောခွေးများရောက်နေသည့်အတွက် အသက်လု၍ပြေးခဲ့ရကြောင်းပြောလေလျှင် မျောက်သည် ဟက်ဟက်ပက်ပက် ရယ်လေ၏။

''ကျားရယ် သဘာဝကျကျပြောစမ်းပါ။ ကျားကသာ ခွေးကိုနိုင်တာ၊ ခွေး ကကျားကိုနိုင်ရိုးထုံးစံမရှိ'' ဟုပြောလေလျှင် အမှန်တကယ်ပြေးခဲ့ရကြောင်းပြန်ပြောလေ၏။

''ဒါဆို သွားကြည့် ကြမယ်''ဟု မျောက်ကပြောသောအခါကျားက ''သင်က အရေးဆို သစ်ပင်ပေါ်ပြေးတက်သွားရင် ဘယ်လို လုပ်မလဲ။ သင့်ကိုမယုံဘူး။ ဒါကြောင့် အမြီးချင်း ချည်နှောင်ပြီးသွားမည်။ အဲဒါမှ အကျွန်ုပ်ရဲဝံ့မည်'' ဟုဆိုကာ အမြီးချင်းချည်နှောင်၍သွားကြလေ၏။

မျောက်သည် ကျား၏အပေါ်မှခွစီး၍လိုက်လာသည်ကို ခွေးထီးမြင် လျှင် အော် ငါပြောသည့်စကားနှင့် ကျားထွက်ပြေးသည်ကို မျောက်က အားပေးအားမြှောက် မြှောက်ထိုး ပင့်ကော်လုပ်ပြီး ကူညီသည့်အတွက် ပြန်လာသည်။

တစ်ဖန်ပြန်ပြေးအောင် လုပ်ဦးမည်ဟုကြံစည်ပြီး လိမ်လည်ပြောဆိုသည်မှာ ''အဆွေမျောက် သင်ငါ့ထံ က ချေးငှားသွားသောကျားမှာ ကိုးတောင်လောက်ရှိ၏။ ယခုအချေးလာဆပ်သည့်ကျားသည် ငါးတောင် ပင်ပြည့်မည်မထင်''ဟု ဆိုလိုက်ရာ ခွေးပြောသည့်စကားကြားသည်နှင့် ကျား၏ စိတ်ထဲတွင်စဉ်းစားသည်မှာ ''ကြည့်စမ်း လက်စသတ်တော့ မျောက်စုတ် ငါ့ကို သူအချေးဆပ်ဖို့ကူညီသယောင်ယောင်နဲ့ ညာခေါ်လာ တာပဲ။ သူ့ကိုယုံစားမိတာမှားပြီ'' ဟု ကြောက်အားပြင်းထန် အမြန်ပြေးလေလျှင် အမြီးချင်းချည်နှောင်ခံထား ရသောမျောက်မှာ ကျားပေါ်မှပြုတ်ကျပြီး သစ်ငုတ်၊ ခဲ စသည်တို့ဖြင့်အတိုက်ခံရ၍ အသက်ဆုံးရှုံးရလေ၏။

ဤပုံပြင်၌ သင်ခန်းစာယူစရာများစွာရှိပေ၏။ အချို့သောသူများသည် ကိုယ်ကိုယ်တိုင်မြင်ခြင်း၊ ကြား ခြင်း၊ အလျင်းမရှိပါဘဲလျက် သူများပြောသောစကားကို အခြေခံကာ သူတစ်ပါးအပြစ်ကိုပြောတတ်၏။
သူတစ်ပါးအပြစ်ကို ကြည့်တတ်သောသူသည် မိမိအပြစ်ကိုမမြင်တော့ပေ။ အဘယ်ကြောင့်ဆိုသော် သူတစ်ပါးအပြစ်ကိုပဲ ကြည့်တတ်မြင်တတ်သောကြောင့်တည်။

အချို့က မိမိရေးသောစာကိုပင် တန်ဖိုးမထား။ အပြောတစ်မျိုး အလုပ်တစ်မျိုးလုပ်တတ်ကြ၏။ ကိုယ် မသိနိုင်သောအကြောင်းအရာကို လက်ခံယုံကြည်ခြင်းဟာ ကိုယ့်ရဲ့မပြည့်ဝသောဂုဏ်နှင့် ယုတ်ညံ့သောစိတ် ထားကို ဖော်ပြရာရောက်ပေသည်။ သောတာပန်မဟုတ်သော ပုထုဇဉ်များသည် ပုဂ္ဂိုလ်လိုက်၍ လိမ်မပြော တတ်တော့ပြီလော။

မိမိကိုယ်ကိုယ်ယဉ်ကျေးအောင်ဆုံးမပါ။ ပြီးမှ သူတစ်ပါးကိုဆုံးမစေချင်ပါသည်။ ဟော ခွင့် ပြောခွင့် ရေးခွင့်ရတိုင်း သူတစ်ပါးကို မနှိပ်ကွပ်ပါနှင့်။ နေရာဆိုတာ အကြာကြီးမဟုတ်။ ဘဝဆိုတာ တစ်ခဏရေပွက်ကလေးပါ။

ငါဟာ အရာရာကို သိနိုင်သောသူမဟုတ်။ သူများပြောသောစကားယုံ၍ လိုက်လုပ်ခြင်းဟာ 'ခွေးပြော သည့်စကား ကျားမိုက်ယုံ'သလိုဖြစ်ပေလိမ့်မည်။ သူတော်ကောင်းများ၏ အဆုံးအမများကိုကိုးကားပြီး သူ တစ်ပါးကိုမနှိပ်ကွပ်ပါနှင့်။ သူတော်ကောင်းများ၏ အဆုံးအမများသည် သူတစ်ပါးနှိပ်ကွပ်ရန် လက်နက် မဟုတ်၊ လိုက်နာကျင့်ကြံရန်ဖြစ်သည်ကို သတိပြုပါ။ ဘုရားရှင်ကိုယ်တော်မြတ်တောင်မှ အကုန်သိတယ်ဆို တာ ဆင်ခြင်မှဆိုတာကို သိထားလျှင် ငါဟာ ဘုရားမဟုတ်၊ ဆင်ခြင်လည်း အမှန်မဖြစ်နိုင်ပေဟုသိလျှင် ဤစာစုအား ရေးရကျိုးနပ်ပေပြီ။

သူတစ်ပါးအပြစ်ကိုပြောလျှင် သူယုတ်မာ။ သူယုတ်မာများကသာလျှင် သူတစ်ပါးအပြစ်ကို ပြောဆိုနားထောင်၏။ သူတော်ကောင်းများကတော့ 'သူတစ်ပါး၏ မကောင်းကွက်ကို ရွေးကြည့်တတ်တဲ့ မိမိမျက်လုံး၏ အားနည်းချက်ကို သင်ခန်းစာယူပြုပြင်သွားကြ၏။

တိလ မတံ္တ ပရေသံဝ၊ အပ္ပဒေါသဏဉ္စ ပဿတိ။
ယုတ်မာတဲ့စိတ်ထားရှိသူသည် သူတစ်ပါး၏နှမ်းစေ့လောက်သောအပြစ်ကိုပင် မြင်အောင်ရှာ၍ ပုံကြီး ချဲ့တတ်၏။ သူတစ်ပါး အပြစ်ပြောသူ၊ နားထောင်လက်ခံသူတို့သည် ခွေးပြောသည့်စကား ကျားမိုက်ယုံသလို ဖြစ်ပြီး မျောက်ကဲ့သို့မဖြစ်အောင် သင်ခန်းစာယူနိုင်ကြပါစေ။ ။

#TheYangonTimes

 
 

No comments:

Post a Comment