Wednesday, October 8, 2014

ဒဏ်ရာရ တပ်မတော်သားများ သယ်ယူသည့်လမ်းတွင် မိုင်းထောင်ထားခြင်းကြောင့် ရဟတ်ယာဉ်ဖြင့် သယ်ဆောင်ဟုဆို

နေပြည်တော်၊ အောက်တိုဘာ ၇

ရှမ်းပြည်နယ် တောင်ပိုင်းနှင့် မြောက်ပိုင်းနယ်စပ်တွင် ဖြစ်ပွားနေသော တပ်မတော်နှင့် ရှမ်းပြည် ဖွံ့ဖြိုးတိုးတက် ရေးပါတီ (SSPP/SSA) တို့၏ တိုက်ပွဲများကြောင့် လမ်းတစ်လျှောက်တွင် ကြိုးဆွဲမိုင်းများ ထောင်ထားသဖြင့် ဒဏ်ရာရ တပ်မတော်သား ၅၀ သယ်ယူရာတွက် ရဟတ်ယာဉ်များဖြင့် သယ်ယူနေရကြောင်း အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (လားရှိုး) မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
အဆိုပါ ဒဏ်ရာရ တပ်မတော်သားများကို လာရှိုးမြို့မှ ပြင်ဦးလွင် တပ်မတော်ဆေးရုံသို့ ပို့ဆောင်မည့်လမ်းတွင် ဆွဲမိုင်းများ ထောင်ခြင်းနှင့် စောင့်ဆိုင်း ပစ်ခတ်မှုများ ပြုလုပ်နေကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။

“ဒီနေ့မနက်ပိုင်းက စသယ်တယ်။ ဒဏ်ရာ အခြေအနေအရ ပြင်ဦးလွင်ကိုပါ ပို့နေရတယ်” ဟု ၎င်းက ပြောသည်။
တိုက်ပွဲ အခြေအနေမှာ စဉ်ဆက်မပြတ် ဖြစ်ပွားနေခြင်း မဟုတ်ဘဲ မကြာခဏ ထိပ်တိုက် တွေ့ဆုံနေခြင်း ဖြစ်ပြီး လက်ရှိအချိန်အထိ ငြိမ်သက်မှု မရှိသေးကြောင်း ၎င်းက အောက်တိုဘာ ၇ ရက်နေ့ မွန်းလွဲပိုင်းတွင် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်က ဆက်သွယ် ပြောကြားခြင်း ဖြစ်သည်။
တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် ပစ်ခတ်မှုကြောင့် တပ်မတော် အရာရှိတစ်ဦး အပါအဝင် တပ်သား ၄ ဦး ကျဆုံးခဲ့ကြောင်း အဆိုပါ စစ်ဌာနချုပ်ထံမှ သိရှိရသည်။
ယင်းသို့ တပ်မတော်နှင့် SSPP/SSA တို့ တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေခြင်းကြောင့် နှစ်ဖက်တပ်နေရာ ပြန်လည် ချထားရေးအတွက် တွေ့ဆုံ ညှိနှိုင်းလျက် ရှိကြောင်း မြန်မာငြိမ်းချမ်းရေး စင်တာမှ တာဝန်ရှိသူများက ပြောဆိုထားသည်။
ယင်းတိုက်ပွဲများ အမြန်ရပ်ဆိုင်းရန်နှင့် နှစ်ဖက်နယ်မြေ အငြင်းပွားမှု ပြဿနာများ အမြန်ဆုံး ဖြေရှင်းရန် ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA အပါအဝင် လက်နက်ကိုင် တပ်ဖွဲ့များက တိုက်တွန်း ပြောဆိုထားသည်။

Credit - The Voice Weekly

No comments:

Post a Comment