Thursday, October 9, 2014

ငြိမ်းချမ်းရေး အိပ်မက်


ဖြစ်ချင်၊ လိုချင်၊ ရောက်ချင်သော အရာတစ်ခု၊ အခြေအနေတစ်ရပ် သို့မဟုတ် ပန်းတိုင်ကို ကြိုတင်စိတ်ကူးဖြင့် မှန်းဆကြည့်ခြင်း သို့မဟုတ် ရည်မှန်းချက် ထားခြင်းသည် တစ်နည်းအားဖြင့် အိပ်မက်မက်ကြည့်ခြင်းဟု ဆိုနိုင်သည်။

ကျွန်ုပ်တို့အားလုံး၏ တစ်ကိုယ်ရေ နေ့စဉ်ဘဝများအပြင် မိသားစုတစ်ခု၊ အဖွဲ့အစည်း၊ အသင်းအပင်းတစ်ခု၊ နိုင်ငံတစ်နိုင်ငံ၊ နိုင်ငံအစုအဖွဲ့တစ်ရပ်၊ ဒေသတွင်း အုပ်စုတစ်စုမှသည် ကမ္ဘာလုံးဆိုင်ရာ အရေးကိစ္စများအထိ အသီးအသီး အသက အသက ထားရှိသော ရည်မှန်းချက်၊ ပန်းတိုင်များ အတွက်လည်း အိပ်မက်များ မက်ကြည့်ရလေ့ ရှိသည်။


ယနေ့ မြန်မာနိုင်ငံ၏ အမျိုးသား ပြန်လည်စည်းလုံးညီညွတ်ရေးမှသည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များအတွက် ကနဦး စတင်ကြိုးပမ်းရမည့် အဓိက တာဝန်များအနက် တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များအကြား ငြိမ်းချမ်းမှု တည်ဆောက်ရေးမှာ များစွာ အရေးကြီးသည့် တာဝန်တစ်ရပ် ဖြစ်သည်။

ထိုအချက်ကို ကောင်းစွာ ရိပ်စားမိသည့် လက်ရှိသမ္မတ ဦးသိန်းစိန် ဦးဆောင်သော အရပ်သားအစိုးရက နှစ်ပေါင်း ၆၀ ကျော် ကြာမြင့်ခဲ့သည့် ပြည်တွင်းစစ် ရပ်တန့်ရန် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများဖြင့် ကြိုးစားခဲ့သည်။ ပဏာမ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်များ လက်မှတ်ရေးထိုးနိုင်သည်အထိ အောင်မြင်မှုရ ရှိခဲ့သော်လည်း ယနေ့အချိန်အထိ တိုက်ပွဲများ ဖြစ်ပွားနေဆဲ ရှိနေသည်။

သို့သော် နှစ်ပေါင်း ၆၀ ကျော် တစ်ဖက်နှင့်တစ်ဖက် အသေအကျေ တိုက်လာခဲ့သော မြန်မာ့တပ်မတော်နှင့် လက်နက်ကိုင်တပ်ဖွဲ့များအကြား ငြိမ်းချမ်းမှု တည်ဆောက်ရေး လုပ်ငန်းစဉ် ဆိုသည်မှာ နေ့ချင်းညချင်း ပြီးစီးအောင်မြင်ရန် မဖြစ်နိုင်ပေ။ အနိမ့်ဆုံးအဆင့် နှစ်ဖက်အကြား နားလည်မှု တည်ဆောက်ရေးသည်ပင်လျှင် အချိန်ကာလတစ်ခုအထိ စောင့်ဆိုင်းရလေ့ ရှိသည်။

များစွာ အရေးကြီးသည်မှာ အမှန်တကယ် ငြိမ်းချမ်းရေး ရရှိလိုသော စိတ်ဆန္ဒအမှန် နှစ်ဖက်စလုံးတွင် ရှိနေစေရေးပင် ဖြစ်သည်။ ငြိမ်းချမ်းရေး ရရှိလိုသော စိတ်ဆန္ဒသည် နှစ်ဖက်အကြား ထားရှိသည့် ရိုးသားဖြောင့်မတ်မှုနှင့် ထိမ်ချန်ကွယ်ဝှက်မှု မရှိသော ပွင့်လင်းမြင်သာမှု တစ်နည်းအားဖြင့် ကိုယ်ကျိုးစီးပွား မကင်းသည့် ကစားကွက်မပါသော မျှတသည့် ကစားပွဲများကို မူတည်သည်။

ကိုယ်ကျိုးစီးပွား မကင်းသည့် ကစားကွက်များသည် တစ်ခါတစ်ရံ နောက်ကျောမလုံသော ခံစားချက်နှင့် လှေနံဓားထစ် သံသယများမှ တစ်ဆင့် ထွက်ပေါ်လာတတ်သည်။ ယင်းနှင့် နောက်ဆက်တွဲအားဖြင့် တစ်ဖက်နှင့် တစ်ဖက်အကြား နားလည်မှု အလွဲများနှင့် အဓိပ္ပာယ် ကောက်ယူမှု အလွဲများကို ဖြစ်ပေါ်စေပြီး ယုံကြည်မှု တည်ဆောက်ရေး အလှမ်းဝေးသည်ထက် ဝေးကာ ငြိမ်းချမ်းရေး အိပ်မက်များလည်း ပျက်ပြယ်သွားနိုင်ကြောင်း သိစေအပ်ပေသည်။

အယ်ဒီတာ (၈-၁၀-၂၀၁၄)

----------------------------------
The Voice Daily Editorial, Vol-2/No-153 (#voiceeditorial)

No comments:

Post a Comment