ရန်ကုန်၊ အောက်တိုဘာ ၇
ရှမ်းပြည်နယ် အပါအဝင် ဒေသအချို့၌
မြန်မာ့တပ်မတော်က တိုင်းရင်းသား လက်နက်ကိုင်များအပေါ် အင်အားထောင်ချီသုံး၍
တိုက်ခိုက်နေသော စစ်ရေးလှုပ်ရှားမှုများ ချက်ချင်းရပ်တန့်ရန် ‘ဝ’ ပြည်
သွေးစည်းညီညွတ်ရေးတပ်ဖွဲ့ (UWSA) ကတောင်းဆိုကြောင်း ထုတ်ပြန် ကြေညာသည်။
ရှမ်းပြည်နယ်အတွင်း အောက်တိုဘာလဆန်းက ဖြစ်ပွားသော တပ်မတော်နှင့်
ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့အကြား တိုက်ပွဲများနှင့် ပတ်သက်၍ UWSA က
ရှမ်းပြည်နယ် အထူးဒေသ (၄) SSPP/SSA အဖွဲ့နှင့် ပူးတွဲ၍ အောက်တိုဘာလ ၅
ရက်နေ့တွင် ယင်းသို့ ထုတ်ပြန် တောင်းဆိုခြင်း ဖြစ်သည်။
ပြည်ထောင်စုအဆင့် အပစ်ရပ်စာချုပ် ချုပ်ဆိုထားသော ရှမ်းပြည်တပ်မတော် (SSPP/SSA) တပ်ဖွဲ့များကို တပ်မတော်က အင်အားထောင်ချီ
အသုံးပြု တိုက်ခိုက်ခြင်း၊ စက်တင်ဘာလ နှောင်းပိုင်းအတွင်း ငြိမ်းချမ်းရေး
အဖွဲ့အစည်းအချို့အပေါ် တိုက်ခိုက်ခြင်း တို့ကြောင့် ငြိမ်းချမ်းရေး
လုပ်ငန်းစဉ်အပေါ် ကြီးမားစွာ ဂယက်ရိုက်စေကြောင်း အဆိုပါ ကြေညာချက်တွင်
ဖော်ပြထားသည်။
အချက်လေးချက်ပါ ထုတ်ပြန်ချက်တွင်
စစ်ရေးလှုပ်ရှားမှုများ ရပ်ဆိုင်းရန်အပြင် အောက်တိုက်ဘာလ ၂ ရက်နေ့
နောက်ပိုင်း သိမ်းပိုက်ထားသော ဒေသများနှင့် စခန်းများမှ ဆုတ်ခွာပေးရန်နှင့်
ပြည်တွင်း ငြိမ်းချမ်းရေးကို ထိခိုက် ပျက်ပြားစေသော အပြောအဆို
အပြုအမူများကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း ထည့်သွင်း ဖော်ပြထားသည်။
တပ်မတော်နှင့် SSPP/SSA တို့ အောက်တိုဘာလဆန်းတွင် တိုက်ပွဲများ
ဖြစ်ပွားသော်လည်း လက်ရှိအချိန်တွင် အခြေအနေများ ပြန်လည် တည်ငြိမ်နေပြီ
ဖြစ်ကြောင်း ပြည်တွင်း ငြိမ်းချမ်းရေး အကျိုးဆောင်တစ်ဦးက မှတ်ချက်ပြုသည်။
တပ်မတော်နှင့် SSPP/SSA တို့ ရှမ်းပြည်နယ်တောင်ပိုင်း
ကျေးသီးမြို့နယ်အတွင်း ပစ်ခတ် တိုက်ခိုက်မှုများကြောင့် တပ်မတော်မှ
အရာရှိတစ်ဦး အပါအဝင် လေးဦးကျဆုံးခဲ့ပြီး SSPP/SSA တပ်စွဲထားသော တာဖာဆောင်
တံတားကို ပြန်လည် သိမ်းပိုက်ခဲ့သည်။
‘ဝ’ ပြည်သွေးစည်း
ညီညွတ်ရေးပါတီ UWSP/UWSP သည် အစိုးရနှင့်၂၀၁၂ ခုနှစ်တွင် ပြည်ထောင်စုအဆင့်
အပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုးထားပြီး၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် လေးကြိမ်ခန့် တွေ့ဆုံထားကာ
နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးစာချုပ် ချုပ်ဆိုရန် အသင့်ဖြစ်နေပြီ
ဖြစ်ကြောင်း ကြေညာထားသည့် လက်နက်ကိုင် တပ်ဖွဲ့တစ်ခု ဖြစ်သည်။
Credit - The Voice Weekly
No comments:
Post a Comment