Saturday, October 11, 2014

မန္တလေးဆူပူမှု ဖြစ်စဉ်အတွင်း ဦးစိုးမင်းထွေး အသတ်ခံရသည့်အမှု၌ တရားစွဲခံထားရသူ တစ်ဦး၏ မိခင်က တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်

Written by: ငြိမ်းဇော်လင်း 

 
 မန္တလေးဆူပူမှုဖြစ်စဉ်အတွင်း လူသတ်မှုဖြင့် တရားစွဲခံထားရသူတစ်ဦး၏ မိခင်က အောက်တိုဘာ ၁၀ ရက်တွင် တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်နေစဉ်  


မန္တလေးမြို့တွင် ဇူလိုင်လက ဖြစ်ပွားခဲ့သော ဆူပူမှုဖြစ်စဉ်တွင် ဦးစိုးမင်းထွေး အသတ်ခံရသည့်အမှု၌ တရားစွဲဆိုခံထားရသော ကျော်ဇင်ထက်(ခ)ဖက်တီး၏မိခင် ဒေါ်ဇင်မာအေးက အောက်တိုဘာ ၁၀ ရက်တွင် တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။ တရားစွဲဆိုခံထားရသူ ကျော်ဇင်ထက်မှာ တရားခံမဟုတ်ဘဲ မတရားဖမ်းဆီး ရိုက်နှက်ကာ စာရွက်အလွတ်ပေါ်တွင် လက်မှတ်ရေးထိုး ၀န်ခံခိုင်းသဖြင့် ယခုကဲ့သို့ ဆန္ဒထုတ်ဖော်ခြင်းဖြစ်ကြောင်း ဒေါ်ဇင်မာအေးက ပြောကြားသည်။ 

“အခင်းဖြစ်တဲ့နေ့က သားက ကျွန်မနဲ့အတူ ရှိနေပါတယ်။ အဖမ်းခံရပြီးနောက်ပိုင်း ကျွန်မနဲ့တွေ့တော့ သူကပြောပါတယ်။ သူ့ကို ဆီးစေ့ပေါ် ဒူးထောက်ခိုင်းတယ်။ ပြီးတော့ ရိုက်ပြီးဝန်ခံခိုင်းတယ်။ သူမပါတဲ့အတွက် ၀န်မခံတော့ စာရွက်အလွတ်ပေါ် လက်မှတ်ထိုးခိုင်းလို့ လက်မှတ်ထိုးပေးလိုက်ရတယ်လို့ ပြောပါတယ်” ဟု တရားစွဲဆိုခံထားရသူ ကျော်ဇင်ထက်၏မိခင် ဒေါ်ဇင်မာအေးက ပြောကြားသည်။

 
 ကျော်ဇင်ထက်(ခ)ဖက်တီး၏မိခင် ဒေါ်ဇင်မာအေး အောက်တိုဘာ ၁၀ ရက် နံနက်က အောင်တော်မူဘုရားတွင် ၀တ်ပြုဆုတောင်းမှု ပြုလုပ်နေစဉ် 

ဆန္ဒထုတ်ဖော်မှုကို ခွင့်ပြုမိန့်ဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး၊ ၆၅ လမ်းနှင့် လမ်း ၃၀ ထောင့်မှ ၆၅ လမ်းနှင့် ၃၁ လမ်းထောင့်အထိ နံနက် ၈ နာရီ မိနစ် ၃၀ မှ ၉ နာရီထိ ‘တရားခံမဟုတ်သော မတရားဖမ်းဆီးရိုက်နှက် အတင်းအဓမ္မ ၀န်ခံခိုင်းပြီး အမှုရင်ဆိုင်နေရသူ ကျော်ဇင်ထက်(ခ)ဖက်တီးအား တရားဥပဒေ၏ အကာအကွယ်စောင့်ရှောက်မှု ရရှိရေး’ စာတမ်းပါ ဗွီနိုင်းကိုင်ဆောင်ကာ လမ်းလျှောက်ဆန္ဒ ထုတ်ဖော်ခဲ့ပြီး အောင်တော်မူဘုရားတွင် ၀တ်ပြုဆုတောင်းမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

အသတ်ခံရသူ ဦးစိုးမင်းထွေးသည် ဇူလိုင် ၃ ရက် နံနက် ၄ နာရီတွင် ဗလီတက်ရန် အိမ်မှထွက်လာရာ ၂၉ လမ်းနှင့် ၈၃ လမ်းထောင့် မျိုးသိန်းအီလက်ထရွန်နစ်ဆိုင်ရှေ့အရောက် အမည်မသိ လူတစ်စုနှင့်တွေ့ပြီး ၀ိုင်းဝန်းရိုက်နှက်ခံခဲ့ရရာ အခင်းဖြစ်ပွားရာ နေရာတွင် သေဆုံးခဲ့ခြင်းဖြစ်သည်။

 အဆိုပါအမှုတွင် ပါဝင်သူများကို ချမ်းအေးသာစံ မြို့မရဲစခန်းတွင် (ပ) ၅၁၄/၂၀၁၄ ပြစ်မှု ပုဒ်မ ၃၀၂/၁၁၄ ဖြင့် အမှုဖွင့်ကာ ခရိုင်တရားရုံးတွင် တရားစွဲဆိုခဲ့ပြီး အောက်တိုဘာ ၁၄ ရက်တွင် အပြီးသတ် အမိန့်ချမည်ဖြစ်ကြောင်း သိရသည်။

Credit - Eleven Media Group

No comments:

Post a Comment