ပြီးမြောက်အောင် ဆောင်ရွက်မည်ဟု ပြည်ထောင်စုလွှတ်တော်နာယက ပြောကြား
အခြေခံဥပဒေ ပြင်ဆင်ခြင်းနှင့် ရွေးကောက်ပွဲစနစ်လေ့လာခြင်း
ကိစ္စများဆွေးနွေးမှုကို ၂ဝ၁၅ ရွေးကောက်ပွဲ မကျင်းပမီ ခြောက်လအတွင်း
ပြီးမြောက်အောင်ဆောင်ရွက်မည်ဟု အောက်တိုဘာ ၇ ရက်က အီတလီနိုင်ငံ ရောမမြို့
လွှတ်တော်အဆောက်အအုံတွင် ကျင်းပသည့် ရှစ်ကြိမ်မြောက် အာရှ-ဥရောပ
ပါလီမန်ဆိုင်ရာ မိတ်ဖက်အစည်းအဝေးတွင် ပြည်ထောင်စု လွှတ်တော်နာယက
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားခဲ့ကြောင်း အောက်တိုဘာ ၈ ရက်
ညပိုင်းက မြန်မာ့ရုပ်မြင်သံကြားသတင်း ဖော်ပြချက်အရ သိရသည်။
သူရဦးရွှေမန်းက ယင်းအစည်းအဝေးတွင် မိန့်ခွန်းပြောကြားရာ အာရှ - ဥရောပ
ပါလီမန်ဆိုင်ရာ မိတ်ဖက်အစည်းအဝေးသို့ မြန်မာနိုင်ငံမှ
ပါလီမန်ကိုယ်စားလှယ်အဖွဲ့ တက်ရောက်လာခြင်းမှာ မြန်မာနိုင်ငံ
နိုင်ငံရေးပြုပြင်ပြောင်းလဲမှုရဲ့ တိုးတက်မှုတစ်ရပ်ကို ဖော်ညွှန်းနေကြောင်း၊
ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နိုင်ခြင်းသည် ၂ဝဝ၈ ခုနှစ်
နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ချမှတ်နိုင်ခဲ့ခြင်းကြောင့်သာ
ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး
စနစ်များကို ရှင်းလင်းစွာ ဖော်ပြထားကြောင်း၊ မြန်မာနိုင်ငံတွင်
အာဏာရှင်အစိုးရဟု သတ်မှတ်ခံရသည့် အစိုးရမှ ပြည်သူက ရွေးချယ်တင်မြှောက်သည့်
အစိုးရသို့ အေးချမ်းတည်ငြိမ်စွာ လွှဲပြောင်းနိုင်ခဲ့ခြင်းကို
အခြားနိုင်ငံများက ပြောကြားကြောင်း သိရ၍ ဝမ်းမြောက်မိကြောင်း၊
လွန်ခဲ့သောနှစ်ပေါင်း ၅ဝ ကျော်နှင့်စာလျှင် မြန်မာနိုင်ငံသည် ဒီမိုကရေစီ
အခွင့်အရေးနှင့် အခွင့်အလမ်းများ အရရှိဆုံး အချိန်ဖြစ်ကြောင်း
ပြောကြားခဲ့သည်ဟု သတင်းတွင် ဖော်ပြထားသည်။
ပြည်ထောင်စု လွှတ်တော်နာယက
သူရဦးရွှေမန်းက ၂ဝ၁၅ ခုနှစ်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက်
ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ကျင်းပဆဲ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်
(၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် နိုင်ငံတော် အခြေခံဥပဒေပြင်ဆင်ခြင်း၊
မြန်မာနိုင်ငံနှင့် သင့်တော်မှုရှိသည့် ရွေးကောက်ပွဲစနစ်များ လေ့လာခြင်း
အစရှိသော အရေးကြီးသည့် ကိစ္စရပ်များကိုဆွေးနွေးမည့် အစီအစဉ်များရှိကြောင်း၊
ယင်းကိစ္စရပ်များကို တင်ပြနိုင်ရန် လွှတ်တော်အထူးကော်မရှင်များ
ဖွဲ့စည်းခဲ့ပြီး ရွေးကောက်ပွဲ မကျင်းပမီ ခြောက်လအတွင်း ပြီးမြောက်အောင်
ဆောင်ရွက်သွားမည်ဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။
အခြေခံဥပဒေပြင်ဆင်ရာတွင် နိုင်ငံ၏ တည်တံ့ခိုင်မြဲမှု
တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့ကို
ဖော်ဆောင်နိုင်စေရန်နှင့် တိုင်းရင်းသားမျိုးနွယ်စုများအကြား
ယုံကြည်မှုခိုင်မာသည့် အမျိုးသားစည်းလုံးညီညွတ်မှုကို မထိခိုက်စေဘဲ
ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် အရှိန်အဟုန် မပျက်စေရန်အတွက်
အလေးထား ဆောင်ရွက်နေသည်ဟုလည်း ၎င်းကဆိုသည်။
မြန်မာနိုင်ငံတွင်
ပါတီစုံဒီမိုကရေစီနှင့် ဈေးကွက်စီးပွားရေးစနစ် ကျင့်သုံးမှုကို
ကမ္ဘာ့နိုင်ငံအသီးသီးက စိတ်ဝင်တစား စောင့်ကြည့်နေကြကြောင်း၊
စောင့်ကြည်ရုံသာမက ဝေဖန်အကြံပြုနိုင်ကြောင်း၊ အပြုသဘောဆောင်သော
အကြံပြုချက်များကို နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွင်
ထည့်သွင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ မြန်မာလွှတ်တော်များ၏ အခန်းကဏ္ဍကို
နိုင်ငံအကျိုးအတွက် ဆက်လက်ဆောင်ရွက်သွားမည်ကို ကတိပြုပြောကြား လိုသည်ဟု
သူရဦးရွှေမန်းက ပြောကြားခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။
Credit - Eleven Media Group
No comments:
Post a Comment