Saturday, October 11, 2014

သြော် ဟုတ်လား ဒါနဲ့ .. ပြောရအုံးမယ် ဟဲ . ဟဲ . ဟဲ

– လင်းယုန်ရေးသည် 

၂၀၁၅ ရွေးကောက်ပွဲ ရွှေ့ဆိုင်းလိုက်လို့ နောက်ထပ်အစိုးရ တစ်ရပ်ကို မတင်မြှောက်နိုင် သေးဘူး ဆိုရင် ထိုကြားကာလမှာ အုပ်ချုပ်ရေး အာဏာကို မည်သူက ဆက်လက်ကိုင်ဆွဲ ဆောင်ရွက်ခွင့် ရမလဲ … သမ္မတကြီးရဲ့ အစိုးရအဖွဲ့သာ နောက်အစိုးရ တစ်ရပ် မတင်မြှောက်ရသေးမချင်း ဆက်လက် တာဝန်ယူသွားမှာ မဟုတ်လား ခင်ဗျာ …

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

  နိုင်ငံတော်သမ္မတရဲ့ ယခု အောက်တိုဘာလ ၁ ရက်နေ့ မိန့်ခွန်းဟာ အတော်ကို လှုပ်လှုပ်ရှားရှား ဖြစ်စေခဲ့တဲ့ မိန့်ခွန်းပဲ ဖြစ်တယ်ခင်ဗျ။


  ပြည်သူလူထုကြီလည်း အထူးပဲ ဝေဖန် ဆန်းစစ်ခဲ့ကြမယ့် ရေဒီယို မိန်ခွန်းတစ်ရပ် ဖြစ်ပေမယ် ထင်တယ်ခင်ဗျ။

အထူးသဖြင့် ““အလွန်တရာ အရေးကြီးတဲ့ အဆင့်ဖြစ်တဲ့ တစ်နိုင်ငံလုံး အတိုင်းအတာ ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် ကို အောင်မြင်စွာ ဆောင်ရွက် နိုင်မှသာလျှင် မိမိတို့နိုင်ငံရဲ့ နိုင်ငံရေး အနာဂတ်ကို ပုံဖော် ထုဆစ်နိုင်မယ့် နိုင်ငံရေး ဆွေးနွေးပွဲများ စတင်နိုင်မှာဖြစ်ပါတယ်။ အဲဒီလို စတင် နိုင်မှသာလျှင် ကြားကာလ နိုင်ငံရေး တည်ငြိမ်မှု၊ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်မှုနဲ့ ညင်သာတဲ့ နိုင်ငံရေး အသွင်ကူးပြောင်း ကို ရေရာ သေချာစေမှာ ဖြစ်တဲ့ အကြောင်းကိုလည်း သတိပြုမိ စေလိုပါတယ်”” လို့ မိန့်ခွန်းပါ သမ္မတရဲ့ပြောကြားချက်ဟာ အထူးကို လှုပ်လှုပ်ရှားရှား ဖြစ်စေတယ် မဟုတ်လား ခင်ဗျာ။

သမ္မတရဲ့ ထိုပြောကြားချက်အပေါ် လင်းယုန် နားလည် မိတာကတော့ အခြား အချက်အလက်တွေ အသာထားရင်တောင် အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးနိုင်ပြီး နိုင်ငံရေး ဆွေးနွေးပွဲ ပြုလုပ်နိုင်မှ ၂၀၁၅ ရွေးကောက်ပွဲ ဖြစ်ပေါ် လာနိုင်မယ်လို့ အရိပ်အယောင်ပြ စကားဆို လိုက်လေသလားလို့ ခင်ဗျ။ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုး နိုင်ခြင်း မရှိသေးလို့ နိုင်ငံရေး ဆွေးနွေးပွဲ မလုပ်ဖြစ်ရင် ၂၀၁၅ ရွေးကောက်ပွဲကို မကျင်းပ ပေးနိုင်ဘူးလို့ အရိပ်အယောင်ပြ ဆိုလိုက် လေတယ်လို့လည်း လင်းယုန် အနေနဲ့ နားလည် မိလိုက်လေတယ် ခင်ဗျ။

( သမ္မတကြီးရဲ့ မိန့်ခွန်းကပဲ မရှင်းမလင်းဖြစ်လို့ လင်းယုန်ပဲ နားလည်မှု လွဲလေသလား ခင်ဗျ။ သို့မဟုတ် ရင်တော့ သမ္မတကြီးကို ခပ်ပြတ်ပြတ် မေးရရင် ခြိမ်းခြောက်တာ လေများလား ခင်ဗျာ။ ခြိမ်းခြောက်တာ ဆိုရင်ဖြင့် ခြောက်ရင် ကြောက်ကြရ စတမ်းလား ခင်ဗျ၊ ဟဲ ..ဟဲ)

လင်းယုန် နားလည်သလောက် ပြောရမယ်ဆိုရင် ယခုအချိန်အထိ အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးနိုင်ခြင်း မရှိသေးတာ ဟာ ဆွေးနွေးမှုတွေမှာ သမ္မတကြီးတို့ဘက်က နောက်ကြောင်း ပြန်ပြန် လှည့်လွန်း အားကြီး နေလို့ပါခင်ဗျ။

( ဒါကို မငြင်းပါနဲ့ ခင်ဗျာ။ အားလုံးအသိပါပဲ ခင်ဗျ၊ ဟဲ ..ဟဲ )

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ပေါင်းစုံရဲ့ လိုင်ဇာ တွေ့ဆုံပွဲအပြီး အစိုးရ ကိုယ်စားပြု ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ များရဲ့ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT)တို့ ပထမဆုံးအကြိမ် ပြုလုပ်တဲ့ အပစ်အခတ် ရပ်စဲရေးစာချုပ် လက်မှတ် ရေးထိုးရေး ဆွေးနွေးပွဲမှာလည်း နှစ်ဖက် ညှိနှိုင်းထားတဲ့ သဘောတူညီချက် စာချုပ်မှုကြမ်းအစား မူကြမ်းအသစ် တစ်ရပ်ကို အစိုးရဘက်က ဆွေးနွေးပွဲမှာ တင်သွင်း လာခဲ့တာကစပြီး စကားလုံး အသုံးအနှုန်းများသာ ဆွေးနွေးစရာ ကျန်တော့တဲ့ အဆင့်ကနေ ယခုမကြာမီက ပြုလုပ်ခဲ့တဲ့ (၆) ကြိမ်မြောက် ဆွေးနွေးပွဲအထိ ကာလ တာရှည်ခဲ့တာ မဟုတ်လားခင်ဗျာ။ ယခုပြုလုပ်ခဲ့တဲ့ (၆) ကြိမ်မြောက် အစည်းအဝေး မှာလည်း ဆွေးနွေးဖို့အချက် အနည်းငယ်သာ ကျန်ရှိတာကို ဆွေးနွေးပြီး အပစ် အခတ် ရပ်စဲရေး စာချုပ်မူကြမ်းကို အတည်ပြုဖို့သာ ရှိပေမယ့်လည်း ထိုအချက်များကို သဘောတူညီမှုမရ ခဲ့တာထက် ယခင်ဆွေးနွေး ညှိနှိုင်းပြီးသား အချက်များကိုပါ သမ္မတကြီး တို့ဘက်က (အဲ..အဲ၊ တပ်မတော် ဘက်ကပေါ့ ခင်ဗျာ။) ပြန် လည် ဆွေးနွေးလာတာကြောင့် စာချုပ်မူကြမ်းကို အချောမသပ်နိုင်ဘဲ နောက်ထပ် ထပ်မံ ဆွေးနွေးရဖို့ အကြောင်းတွေ ဖြစ်ခဲ့ရတယ် မဟုတ်လား ခင်ဗျာ။

ဒီတော့ စာချုပ်မူကြမ်းကို အချောသပ်ပြီးရင် အပစ်ခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးဖို့သာ ရှိတော့ပြီး အပစ်အခတ် ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးပြီး နောက်ပိုင်းမှာ ငြိမ်းချမ်းရေး ဖြစ်စဉ်ရဲ့ နောက်ဆုံး အဆင့် ဖြစ်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေ ဖြစ်ပေါ်ဖို့ ကြန့်ကြာရတာဟာ ဘာကြောင့်ပါလဲလို့ ( သိသိကြီးနဲ့ပဲ၊ ဟဲ..ဟဲ) သမ္မတကြီးကို ပြန်လည် မေးခွန်း ထုတ်ရပေလိမ့်မယ် ခင်ဗျ။

ယင်းသို့ အခြေအနေ ဖန်တီးပြီး သမ္မတကြီးက ထိုသို့ အရိပ်အယောင်ပြတွေ ပြောလာလေတော့ နိုင်ငံရေး ကစားကွက်တွေ မည်သို့ ရွှေ့နေသလဲဆိုတာ စဉ်းစားစရာပေါ့ခင်ဗျာ။

( ငြိမ်းချမ်းရေးကို အစိုးရဘက်ကနေ လက်တွေ့ဦးဆောင် အကောင်အထည် ဖော်နေသူများဟာလည်း သမ္မတကြီးရဲ့ သမ္မတရုံး ၀န်ကြီးများနဲ့ အကြံပေးများပဲ ဖြစ်ပါတယ်ခင်ဗျ။ ဒီတော့ ငြိမ်းချမ်းရေးကို အချိန် ကြန့်ကြာအောင် ဆွဲလာပြီး ၂၀၁၅ ရွေးကောက်ပွဲကို ဦးတည် ပြောလာတာဟာ ဘယ်သို့ ခြေလှမ်းနေလဲလို့ သိကြပါတယ် ခင်ဗျာ၊ ဟဲ ..ဟဲ)

ဒါနဲ့ … ပြောရအုံးမယ် ခင်ဗျ။

လွန်ခဲ့တဲ့ ၁၉၅၈၊ အောက်တိုဘာလက စတင်ဖွဲ့စည်းခဲတဲ့ အိမ်စောင့်အစိုးရ လက်ထက်မှာ အိမ်စောင့် အစိုးရ အကြီးအကဲဖြစ်တဲ့ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး နေ၀င်းဟာ အိမ်စောင့်အစိုးရအဖြစ် တာဝန်ယူမှုမှာ ဆောင်ရွက် ပေးရ မယ့် လုပ်ငန်း တစ်ရပ်ဖြစ်တဲ့ ၁၉၅၉ ခုနှစ်၊ ဧပြီလမှာ ကျင်းပပေးရမယ့် အထွေထွေ ရွေးကောက်ပွဲကြီးကို ကျင်းပ ပေးနိုင်ခြင်း မရှိတာကြောင့် ရာထူးမှ နုတ်ထွက်ဖို့အတွက် ၁၉၅၉ ခုနှစ် ဖေဖော်ဝါရီလမှာ မိမိကို နုတ်ထွက်ခွင့် ပြုပါလို့ နုတ်ထွက်ခွင့် တင်သွင်းခဲ့တယ်ခင်ဗျ။ ထိုသို့ နုတ်ထွက်ခွင့် တင်ရတဲ့ အကြောင်းများ ကိုလည်း ပြည်သူ့လွှတ်တော် ပါလီမန် အစည်းအဝေးမှာ အကျယ်တ၀င့် တက်ရောက် ရှင်းပြခဲ့တယ် ခင်ဗျ။

ရွေးကောက်ပွဲ ကျင်းပပေးနိုင်ခြင်း မရှိတဲ့အကြောင်း ဗိုလ်ချုပ်ကြီးနေ၀င်းရဲ့ ရှင်းပြမှုကို အတိုချုံး တင်ပြရရင် ပြည်တွင်း ငြိမ်းချမ်းရေးရအောင် မဆောင်ရွက် နိုင်သေးသလို နိုင်ငံရေး တည်ငြိမ်မှု မရှိသေး တာကြောင့် ရွေးကောက်ပွဲ ပြုလုပ်ပေးနိုင်ခြင်း မရှိတာ ဖြစ်တယ်လို့ ဆိုတယ် ခင်ဗျ။

သို့ပေမယ့် ဗိုလ်ချုပ်ကြီးနေ၀င်းဟာ သူ့အနေနဲ့ ရာထူးက နုတ်ထွက်ခြင်းဆိုတာ တစ်ခုတည်းကိုပဲ ယတိပြတ် တင်ပြခဲ့တာတော့ မဟုတ်ဘူးခင်ဗျ။ ၁၉၅၈၊ ဧပြီလမှာ မဖြစ်မနေ ရွေးကောက်ပွဲ လုပ်ရမယ်ဆိုရင်တော့ သူ့အနေနဲ့ လုပ်ပေးနိုင်ခြင်း မရှိတာကြောင့် ရာထူးမှ နုတ်ထွက်မှာဖြစ်ပြီး နောက်နည်း လမ်း တစ်လမ်း အနေနဲ့ ကတော့ ရွေးကောက်ပွဲကို ရွှေ့ ဆိုင်းပြီး ဆောင်ရွက်ဖို့ ဖြစ်တယ်ခင်ဗျ။ ထိုသို့ ဆောင်ရွက်မယ်ဆိုရင် အိမ်စောင့် အစိုးရအဖွဲ့ သက်တမ်းဟာ ၁၉၄၇ ခုနှစ် အခြေခံဥပဒေ ပုဒ်မ ၁၁၆ အရ ပြည်သူ့ ကိုယ်စားလှယ် မဟုတ်တဲ့ အတွက် သက်တမ်း ၆ လသာ တာဝန်ယူ ဆောင်ရွက်ခွင့် ရှိတာကြောင့် ပုဒ်မ ၁၁၆ ကို ပြင်ဆင်ပေးပြီး မိမိကို နောက်ထပ် သက်တမ်း (၆)လ တာဝန် ဆက်လက်ယူခွင့်ပေးဖို့ တင်ပြခဲ့တယ်ခင်ဗျ။

ပြည်သူလူထုကြီးခင်ဗျာ။ ယခု လင်းယုန်ရဲ့ တင်ပြချက်ဟာ ထို ၁၉၅၉ ခုနှစ်ကာလကို အဓိကထား တင်ပြခြင်း မဟုတ်ဘဲ ဥပမာအနေနဲ့ ပြောခြင်း ဖြစ်တဲ့အတွက် အတိုချုံး တင်ပြတာကြောင့် နားလည်မှု မရှင်းမလင်း ဖြစ်ရရင်လည်း ခွင့်လွှတ်တော်မူ ကြပါခင်ဗျာ။

ပြောရမယ် ဆိုရင်တော့ အခြေခံဥပဒေအရ သက်တမ်း (၆) လသာ တာဝန်ယူခွင့် ရှိတာကြောင့် ထိုသက်တမ်း (၆)လ ပြည့်ခါနီး အချိန်မှာ တိုင်းပြည် တည်ငြိမ်မှု မရှိတာကြောင့် သတ်မှတ် ကာလမှာ ရွေးကောက်ပွဲ မကျင်းပ ပေးနိုင်ပါဘူး။ ဒီတော့ ရွေးကောက်ပွဲကို သတ်မှတ် ကာလအတွင်းမှာ လုပ်မယ်ဆိုရင်လည်း လုပ်ပါ၊ မိမိကတော့ တာဝန် မယူနိုင်တဲ့ အတွက် နုတ်ထွက်ပါရစေ၊ ဒါမှမဟုတ်ရင်လို့ ရွေးကောက်ပွဲ ကို ရွှေ့ဆိုင်း ထားရင် မိမိတာဝန် ဆက်လက် ထမ်းဆောင်ပြီး ရွေးကောက် ပွဲ ဖြစ်မြောက်အောင် ဆောင်ရွက်ပေးပါ့မယ်လို့ အာဏာ ချုပ်ကိုင် ထားမှုကို သက်တမ်းတိုးပေးဖို့ ဖြစ်တယ်ခင်ဗျ။

ပြည်သူလူထုကြီး ခင်ဗျာ။

ယခု သမ္မတကြီးရဲ့ မိန့်ခွန်း ထွက်ပေါ်လာပြီး နောက်ပိုင်းမှာ နောက်ဆက်တွဲ အဖြစ် ပြည်ထောင်စု လွှတ်တော် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌကြီး ထံမှလည်း ပြောကြားချက်အချို့ ထွက်ပေါ်လာခဲ့တဲ့ သတင်းများ ရှိတယ် ခင်ဗျ။ အဲဒါကတော့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌကြီးက အောက် တိုဘာလ (၆)ရက်နေ့က ထားဝယ်မြို့မှာ ဌာနဆိုင်ရာတွေ၊ နိုင်ငံရေးပါတီတွေ၊ လူမှုရေး အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံတဲ့အခါ ကော်မရှင် အနေနဲ့ ရွေးကောက်ပွဲ ကို သတ်မှတ် ကာလမှာ ကျင်းပသွားမှာပဲ ဖြစ်တယ်လို့ ပြောကြားခဲ့ပေမယ့် သမ္မတဟာ ရွေးကောက်ပွဲကို ရပ်ဆိုင်းပိုင်ခွင့် မရှိပေမယ့် ရွှေ့ဆိုင်းနိုင်ခွင့်တော့ ရှိတယ်လို့ ပြောကြားခဲ့တယ် ဆိုတဲ့ သတင်းများကို ကြားရခြင်းပဲခင်ဗျ။

(တကယ်ကိုပဲ အတိုင်အဖောက် ညီလှတာကိုးခင်ဗျ။ သိပ်ကောင်း၊ အားကြီးကောင်း၊ ဟဲ ..ဟဲ)

ယခုအခါမှာ သမ္မတကြီး ဦးဆောင်နေတဲ့ အစိုးရအဖွဲ့ သက်တမ်းဟာ (၁၆)လခန့်ပဲ သက်တမ်း ကျန်ရှိတော့ တယ်ခင်ဗျ။ အခုအခါ မှာ နိုင်ငံရေး ဆွေးနွေးပွဲများ ပြုလုပ်ဖို့မဆိုနဲ့ အပစ်အခတ် ရပ်စဲရေးစာချုပ် လက်မှတ် ရေးထိုးရေးတောင် နောက်ကြောင်း ပြန်ပြန်လှည့်ပြီး ဆွေးနွေးနေရတဲ့ ဇာတ်မျောကြီးခင်ဗျ။

ဒီတော့ သမ္မတအနေနဲ့ နိုင်ငံရေး ဆွေးနွေးပွဲများ မပြုလုပ်နိုင်တာကြောင့် နိုင်ငံရေး တည်ငြိမ်မှု မရှိဘူးဆိုပြီး ၂၀၁၅ ရွေးကောက်ပွဲကို ကာလတစ်ခု သတ်မှတ် ရွှေ့ဆိုင်းနိုင်တဲ့ အခြေအနေဟာ ဖြစ်မလာဘူးလို့ ယတိပြတ် မပြောနိုင်ဘူးပေါ့ခင်ဗျ။ ဒါဆိုရင် ၂၀၁၅ ရွေးကောက်ပွဲ ရွှေ့ဆိုင်းလိုက်လို့ နောက်ထပ် အစိုးရတစ်ရပ်ကို မတင်မြှောက် နိုင်သေးဘူးဆိုရင် ထိုကြားကာလမှာ အုပ်ချုပ်ရေး အာဏာကို မည်သူက ဆက်လက်ကိုင်ဆွဲ ဆောင်ရွက်ခွင့် ရမလဲခင်ဗျ။ လင်းယုန် မြင်တာတော့ သမ္မတကြီးရဲ့ အစိုးရအဖွဲ့သာ နောက် အစိုးရတစ်ရပ် မတင်မြှောက် ရသေးမချင်း ဆက်လက် တာဝန်ယူ သွားမှာ မဟုတ်လားခင်ဗျာ။

( ဘယ်သို့ ခြေလှမ်းလှမ်းလဲဆိုတာ သိကြပါတယ်လို့ ပြောခဲ့သားပဲ ခင်ဗျ၊ ဟဲ ..ဟဲ)

လင်းယုန်အနေနဲ့ ပြောရရင်တော့ သမ္မတကြီး ဦးဆောင်တဲ့ အစိုးရအဖွဲ့အနေနဲ့ မိမိတို့ သက်တမ်း ကာလမှာ ဆောင်ရွက်ဖို့ရှိတဲ့ ငြိမ်းချမ်းရေး ဆောင်ရွက်ရန် ရှိသည်ကိုလည်း တာဝန်ကျေအောင် ဆောင်ရွက်သွားဖို့ လိုပေတယ် ခင်ဗျ။ နောက်ဖွဲ့စည်းပုံ အခြေခံဥပဒေက သတ်မှတ်ထားတဲ့ ကာလအတွင်းမှာ အစိုးရတာဝန် ကို ဆောင်ရွက်ပြီး ရွေးကောက်ပွဲ ကျင်းပပြုလုပ်ကာ အစိုးရသစ်တစ်ရပ် ပေါ်ပေါက်အောင်လည်း ဆောင်ရွက်ပေးဖို့ လိုပေတယ် ခင်ဗျ။

ဒီတော့ သမ္မတကြီး အနေနဲ့က ထိုကိစ္စများကိုသာ အောင်အောင်မြင်မြင် ဖြစ်အောင် ဆောင်ရွက်ပေးပါလို့ တိုက်တွန်း ပါရစေ ခင်ဗျာ။

(နိုင်ငံတော်သမ္မတကြီး ခင်ဗျာ . . . နိုင်ငံရေး ဆွေးနွေးပွဲတွေ မလုပ်နိုင်ဘူးဆိုကာ ၂၀၁၅ ရွေးကောက်ပွဲ ကို ရွှေ့ဆိုင်းနိုင်ခွင့် ရှိလို့ ရွှေ့ဆိုင်းမယ် ဆိုရင်လည်း ကြားကာလမှာ အစိုးရအဖြစ် ဆက်လက်တာဝန်ယူ ဖို့ကို နောက်ထားပြီး ဗိုလ်ချုပ်ကြီးနေ၀င်း နှလုံးမှုကာ တာဝန် မကျေပွန်မှုကြောင့် နှုတ်ထွက်ပါရစေ လို့ နုတ်ထွက်ခွင့် အရင်တင်စေ ချင်ပါတယ် ခင်ဗျ၊ ဟဲ ..ဟဲ ..ဟဲ)

မြန်မာသံတော်ဆင့်သတင်းဌာန – http://www.facebook.com/myanmarherald

 
 

No comments:

Post a Comment