Saturday, October 11, 2014

SSPP/SSA ၀မ်ဟိုင်း ဌာနချုပ်အား တပ်မတော်က ၀င်မတိုက်ရန် သမ္မတထံ တင်ပြပေးမည်ဟု ဦးအောင်မင်း ကတိပေး


ရန်ကုန်၊ အောက်တိုဘာ ၆

ရှမ်းပြည် တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ၏ ရှမ်းပြည်မြောက်ပိုင်း၊ ကျေးသီးမြို့နယ် အတွင်းရှိ ၀မ်ဟိုင်းဌာနချုပ်အား တပ်မတော်ဘက်က ၀င်ရောက် တိုက်ခြင်းမပြုရန် နိုင်ငံတော် သမ္မတထံ တင်ပြ ပေးမည် ဟု ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက အောက်တိုဘာ ၄ ရက်နေ့တွင် ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ပြုလုပ်သော ရှမ်းပြည်နယ် အတွင်းရှိ လက်နက်ကိုင် အဖွဲ့များနှင့် နိုင်ငံရေး ပါတီများ တွေ့ဆုံပွဲ တွင် ပြောကြား ခဲ့ကြောင်း အဆိုပါ ဆွေးနွေးပွဲတွင် ပါဝင်ခဲ့သူ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ် က အောက်တိုဘာ ၆ ရက်တွင် မြန်မာသံတော်ဆင့် သို့ ပြောသည်။


အပစ်အခတ် လက်မှတ် မရေးထိုးနိုင်ခင် အောက်ခြေ၌ ပွတ်တိုက်မှုများ ရှိနိုင်သည် ဆိုသော်လည်း မြန်မာ့ တပ်မတော်မှ ၀မ်ဟိုင်း ဌာနချုပ်အား ထိုးစစ်ဆင်မှုများ ဆက်တိုက် ပြုလုပ် နေသောကြောင့် ယခုကဲ့သို့ တင်ပြ တောင်းဆို ရခြင်းဖြစ်သည်ဟု SNLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က ယခုကဲ့သို့ ပြောသည်။

““၀မ်ဟိုင်းကို မတိုက်ပါဘူးပေါ့။ ပြောပါတယ်။ ၀မ်ဟိုင်းကို မတိုက်တော့၊ ဌာနချုပ်ကြီးကို မတိုက်တော့ ဘေး နားတော့ တိုက်မယ်ပေါ့။ သူကတော့ သမ္မတကြီး ဆီလည်း တင်ပြပေးရပါ့မယ်။ ဌာနဆိုင်ရာ ပုဂ္ဂိုလ်တွေ ဆီလည်း တင်ပြပေးပါ့မယ်။ ပြောတဲ့အတိုင်း ဖြစ်ရင်တော့ ကောင်းတာပေါ့ဗျာ။ တပ်မတော်ဘက်ကို ဘယ်လောက်အထိ လွှမ်းမိုးနိုင်စွမ်း ရှိမယ် ဆိုတာ စောင့်ကြည့်ရမှာပေါ့””ဟု ဦးစိုင်းလိတ်က မြန်မာ သံတော်ဆင့်သို့ ပြောသည်။

ရှမ်းပြည် တိုးတက်ရေးပါတီ/ ရှမ်းပြည် တပ်မတော် (SSPP/SSA) သည် အစိုးရနှင့် ပြည်နယ်အဆင့်၊ ပြည်ထောင်စု အဆင့် အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးထားပြီး အစိုးရ ဦးဆောင် လုပ် ကိုင်နေသော နိုင်ငံတော် အေး ချမ်းသာယာရေး ကိစ္စရပ်များတွင် ပါဝင် လုပ်ကိုင်နေသောကြောင့် သမ္မတထံ တင်ပြလိုခြင်း ဖြစ်ကြောင်း သျှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA)မှ အတွင်းရေးမှူး ဦးစိုင်းလောဝ်ဆိုင်းက မြန်မာသံတော်ဆင့်သို့ ပြောသည်။

““SSPP/SSA ၀မ်ဟိုင်း ဌာနချုပ်ကို တပ်မတော်ဘက်က ဒီနှစ်ပိုင်း အတွင်းမှာ ဆုတ်ခိုင်းထားတာ။ တိုက်ပွဲတွေ ကတော့ တော်တော်လေး ပြင်းထန် ပါတယ်လို့ ပြောပါတယ်။ တိုက်ပွဲ ဖြစ်တာတော့ ကြာလှပါပြီ။ အကြိမ် ပေါင်းေ တာ့ ၁၀၀ ကျော်ကျော် လောက်တော့ရှိပြီ”” ဟု ဦးစိုင်းလောဝ်ဆိုင်း က မြန်မာသံတော်ဆင့် သို့ ပြောသည်။

ဗန်ကောက်မြို့၌ ပြုလုပ်သော ရှမ်းပြည်နယ် အတွင်းရှိ လက်နက်ကိုင် အဖွဲ့များနှင့် နိုင်ငံရေး ပါတီ များ တွေ့ဆုံ ဆွေးနွေးပွဲကို အောက်တိုဘာလ ၂ ရက်နေ့မှ ၄ ရက်နေ့အထိ ၃ ရက်ကြာ ပြုလုပ်ခဲ့ပြီး ရှမ်းပြည်နယ်၏ အနာဂတ် ကံကြမ္မာနှင့် ပြည်ထောင်စု မြန်မာနိုင်ငံ၏ အနာဂတ် ကံကြမ္မာဆိုင်ရာ ကိစ္စရပ်များတွင် အတူလက်တွဲ ညှိနှိုင်း ဆောင်ရွက်ရန်၊ ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းများ ပိုမိုခိုင်မာအောင် လက်တွဲကြိုးပမ်း ရန်နှင့် နိုင်ငံရေး ပြဿနာ အရပ်ရပ်အား နိုင်ငံရေး နည်းလမ်းဖြင့် တွေ့ဆုံ ညှိနှိုင်းရန် သဘောတူခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲသို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ (SNDP)၊ ရှမ်းပြည် တိုးတက်ရေး ပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ၊ စိန်ကျော့ ဌာနေပြည်သူ့စစ် (SSA) တို့မှ ခေါင်းဆောင်များနှင့် နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများ တက်ရောက်ခဲ့သည်။

ဝိုင်းမော်

  မြန်မာသံတော်ဆင့်သတင်းဌာန – http://www.facebook.com/myanmarherald

No comments:

Post a Comment