ထိုင်းဝန်ကြီးချုပ်၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း
ဗြိတိန်စုံတွဲအသတ်ခံရမှုနှင့်ပတ်သက်၍ ထိန်းသိမ်းခံထားရသည့် မြန်မာများအရေး
တရားမျှတစွာ ကိုင်တွယ်ရန်၊ ထိုင်းနိုင်ငံရောက် မြန်မာ ရွှေ့ပြောင်း
လုပ်သားများအပေါ် အမြတ်ထုတ်နေသော အကျင့်ပျက်ဝန်ထမ်းများနှင့် ထိုင်းနှင့်
မြန်မာပွဲစားများကို ထိရောက်စွာအရေးယူရေး ဆန္ဒပြတောင်းဆိုရန်
မြန်မာနိုင်ငံရှိ တက်ကြွလှုပ်ရှားသူများနှင့် ရွှေ့ပြောင်းအလုပ်သမားများအရေး
လှုပ်ရှားသူများက စီစဉ်လျက်ရှိကြောင်း သတင်း ရရှိသည်။
ထိုင်းအာဏာသိမ်း စစ်ခေါင်းဆောင်ဟောင်းနှင့် လက်ရှိ ထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ပရာယွတ် ချန်အိုချာသည် ၀န်ကြီးချုပ် သက်တမ်းအတွင်း ပထမဆုံးနိုင်ငံခြားခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ အောက်တိုဘာ ၉ ရက်တွင် လာရောက်ရန် စီ စဉ်ထားခြင်း ဖြစ်သည်။
မြန်မာနိုင်ငံသို့ ထိုင်းဝန်ကြီးချုပ် ရောက်ရှိစဉ် ထိုင်းနိုင်ငံ တောင်ပိုင်း ခိုတောင်ကျွန်းတွင် ပြီးခဲ့သည့် အပတ်အတွင်းက ဗြိတိန်စုံတွဲအသတ်ခံခဲ့ရမှုနှင့်ပတ်သက်ပြီး ထိန်းသိမ်းခံထားရသည့် မြန်မာများအား တရားမျှတသည့် စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် ရန်ကုန်လေဆိပ်တွင် စောင့်ဆိုင်းတောင်းဆိုသွားမည်ဟု တက်ကြွလှုပ်ရှားသူနှင့် တပ်မတော်အရာရှိဟောင်း ဦးနေမျိုးဇင်က ပြောကြားသည်။
‘‘ကျွန်တော်တို့ ထိုင်းရောက်တုန်းမေးတော့လည်း မြန်မာနိုင်ငံသားအားလုံးက မဖြစ်နိုင်ဘူးဆိုပြီးပြောတယ်။ နိုင်ငံတကာအသိုင်းအ၀ိုင်းလည်း မဖြစ်နိုင်ဘူး သုံးသပ်ကြတယ်။ မြန်မာနိုင်ငံသားတွေကို ဒီလိုလုပ်တာ လက်ခံလို့ မရဘူး။ လိုအပ်ရင် ထိုင်းကိုသွားပြီး အမှန်တရားအတွက် စေ့ဆော်ဖို့လုပ်မယ်’’ ဟု ဦးနေမျိုးဇင်က ပြောသည်။
ထိုင်းဝန်ကြီးချုပ်၏ မြန်မာ နိုင်ငံ ခရီးစဉ်နှင့်ပတ်သက်ပြီး အသေးစိတ်ကို ထုတ်ပြန်ထားခြင်းမရှိသေးဘဲ နိုင်ငံပိုင် သတင်းစာများတွင်လည်း ထိုင်းဝန်ကြီးချုပ် နှင့် ဇနီးသည် သမ္မတဦးသိန်းစိန်၏ ဖိတ်ကြားချက်ဖြင့် မြန်မာနိုင်ငံသို့ မကြာမီ အလည်အပတ်လာရောက်မည်ဟုသာ ရေးသားထားသည်။
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ ပြောင်းလုပ်သားများအရေးဆောင်ရွက်နေသူများကလည်း မြန်မာ ရွှေ့ပြောင်းအလုပ်သမားတို့၏ အကျိုးစီးပွားအတွက် မြန်မာနှင့် ထိုင်း အစိုးရခေါင်းဆောင်များဆွေးနွေးပွဲတွင် ဆွေးနွေးတောင်းဆိုပေးရန် တောင်းဆိုလျက်ရှိသည်။
‘‘ခိုတောင်ကျွန်း ကိစ္စကလည်း မီဒီယာတွေမှာ အာရုံစိုက်ခံရလို့ လူသိများတာ။ ဒီလိုကိစ္စမျိုးနဲ့ မြန်မာတွေ အဖမ်းခံရတာ အများကြီးပဲ။ ဒါတွေကို တရားဥပဒေအကြောင်းအရ ရသင့်တာတွေရဖို့ တောင်းဆိုတာ’’ဟု ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေး ကွန်ရက် (ရန်ကုန်ရုံး) ဥက္ကဋ္ဌ ဦးစိန်ဌေးက ပြောသည်။
ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက်က မြန်မာနှင့် ထိုင်းခေါင်းဆောင်များတွေ့ဆုံစဉ် နိုင်ငံကူးလက်မှတ်ပြဿနာ များ၊ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ ပြောင်းအလုပ်သမားများအတွက် ပြဋ္ဌာန်းထားသော ဥပဒေများနှင့် အညီ အကျိုးခံစားခွင့်ရရန်နှင့် မြန်မာ ရွှေ့ပြောင်းအလုပ်သမားတို့အပေါ် မတရားအမြတ်ထုတ်နေသော အကျင့်ပျက်ဝန်ထမ်းများ၊ ထိုင်းနှင့် မြန်မာပွဲစားများကို ထိရောက်စွာ အရေးယူပေးရန် အပါအ၀င် အချက် ငါးချက် ဆွေးနွေးရန် တောင်းဆိုလိုက်သည်။
‘‘တချို့ ပြဿနာတွေက ရေရှည်ရှင်းရမှာ။ တချို့က လတ်တလောရှင်းရမှာ။ အမြင့်ဆုံးအာဏာပိုင်နိုင်ငံခေါင်းဆောင်တွေ တွေ့တုန်းပြောတာ ပိုကောင်းတာပေါ့’’ ဟု ဦးစိန်ဌေးက ပြောကြားသည်။
ထိုင်းနိုင်ငံသို့ သွားရောက် လုပ်ကိုင်နေသည့် မြန်မာလုပ်သားအရေအတွက်မှာ သုံးသန်းခန့်ရှိ ကြောင်း ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက်က ခန့်မှန်းထားသည်။

Credit - 7DAY DAILY
No comments:
Post a Comment