Saturday, October 11, 2014

ဖွဲ့စည်းပုံအရ မြန်မာ့နိုင်ငံရေးတွင် အမှန်တကယ် အာဏာအရှိဆုံးမှာ ကြံ့ခိုင်ရေးဥက္ကဋ္ဌ၊ ပြည်ထောင်စု လွှတ်တော်နာယက ဖြစ်နေကြောင်း သုံးသပ်လျက်ရှိနေ

ဥပဒေ ချိုးဖောက်ပါက အာဏာရပါတီ ဥက္ကဋ္ဌ၊ လွှတ်တော်ဥက္ကဋ္ဌ များကိုလည်း ဖမ်းဆီး အရေးယူ၍ရကြောင်း အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ပြောကြား

ငါက ထင်တိုင်း မကြဲပါဘူး။ စည်းမျဉ်း စည်းကမ်းအရပေါ့။ မဟုတ်ပါဘူး။ အဘတို့ လည်း ပြည်သူပဲ ဥစ္စာ။ ဘာလို့ပြဋ္ဌာန်းတဲ့ ဥပဒေအတိုင်း လုပ်လို့မရတဲ့ တစ်စုံတစ်ရာ လုံးဝမရှိဘူး …

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~


ရန်ကုန်၊ အောက်တိုဘာ ၈

ယနေ့ မြန်မာ့နိုင်ငံရေး အခြေအနေနှင့် ဖြစ်ပေါ်နေသော အစိုးရအဖွဲ့နှင့် လွှတ်တော်တို့အကြား ၀ိရောဓိများ ကို လေ့လာ၍ အမှန်တကယ် အာဏာအရှိဆုံးမှာ ပြည်ထောင်စု လွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း (လက်ရှိ အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ) ဖြစ်နေကြောင်း နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် မကြာမီက ကျင်းပခဲ့သော နိုင်ငံရေးဆိုင်ရာ ဆွေးနွေးပွဲများတွင် ၀ါရင့် သတင်းစာဆရာကြီးများနှင့် ပညာရှင် အချို့က သုံးသပ် ပြောကြားမှုများ ရှိခဲ့သည်။ သမ္မတ ဦးသိန်းစိန် လက်ထက်တွင် နိုင်ငံ့ဦးသျှောင် လူကြီးများ ဖြစ်ကြသော ပြည်ထောင်စု လွှတ်တော်နာယက၊ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ အနေဖြင့် မည်သည့် ပြောဆို စီမံမှုမျိုးကိုမဆို သမ္မတက စွက်ဖက်ပြောဆို၍ မရဘဲ လက်ပိုက်ကြည့် နေရသည့် ပုံစံဖြင့် ၎င်းပုဂ္ဂိုလ်များသည် ဥပဒေအရ အရေးယူ ဆောင်ရွက်၍ မရသော မင်းကြီးများသဖွယ် ဖြစ်နေကြောင်း၊ လွှတ်တော် ဥက္ကဋ္ဌကြီးများသည် အစိုးရအပေါ် ဥပဒေမဲ့ ဝေဖန်ပြစ်တင် ပြောဆို၍ ထင်တိုင်းကြဲနိုင်သည့် အများပြည်သူကြိုက် နိုင်ငံ့ခေါင်းဆောင်ကြီးများ ဖြစ်လာကြောင်း နိုင်ငံရေး ဝေဖန်သုံးသပ်မှု အချို့အပေါ် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ၎င်းသုံးသပ်ချက်အတိုင်း မဖြစ်နိုင်ကြောင်း ငြင်းဆန် လိုက်သည်။

““ငါက ထင်တိုင်းမကြဲပါဘူး။ စည်းမျဉ်း စည်းကမ်း အရပေါ့။ မဟုတ်ပါဘူး။ အဘတို့လည်း ပြည်သူပဲ ဥစ္စာ။ ဘာလို့ ပြဋ္ဌာန်းတဲ့ ဥပဒေအတိုင်း လုပ်လို့မရတဲ့ တစ်စုံတစ်ရာ လုံးဝမရှိဘူး””ဟု ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က မြန်မာသံတော်ဆင့် သို့ ပြောကြားခဲ့သည်။ ထို့အပြင် ကြံ့ခိုင်ရေး လွှတ်တော် ကိုယ်စားလှယ်များ အပါအ၀င် လွှတ်တော် ကိုယ်စားလှယ်များကိုလည်း အစိုးရဘက်မှ ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်နိုင်ခြင်းရှိ၊ မရှိနှင့် ပတ်သက်၍ ဥပဒေ ချိုးဖောက်ပါက ဖမ်းဆီး အရေးယူနိုင်ကြောင်း ၎င်းက ဆက်လက် ပြောကြား ခဲ့သည်။ ““လွှတ်တော် ကျင်းပစဉ် ကာလပဲပေါ့။ ဖမ်းဆီးလို့ မရဘူးတော့ မဟုတ်ဘူး။ သူလည်း လူသားထဲက လူပဲ”” ဟု ဦးခင်အောင်မြင့် က ပြောကြားခဲ့သည်။

သို့သော်လည်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အစိုးရ အဖွဲ့တို့အကြား အခြေအနေများကိုမူ ဦးခင်အောင်မြင့်က တစ်စုံတစ်ရာမျှ မှတ်ချက်ပေး ပြောကြားခြင်း မရှိခဲ့ပေ။

သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်တွင် လွှတ်တော် ကိုယ်စားလှယ်များအတွင်း တိုင်ကြားမှုများ ရှိခဲ့ သော်လည်း အရေးယူ အပြစ်ပေးမှု တစ်စုံတစ်ရာ ပြုလုပ်မှု မရှိခဲ့ခြင်းနှင့် အာဏာရ ကြံ့ခိုင်ရေးပါတီ ဗဟို ကော်မတီဝင်များ အရေအတွက် ၃၀၀ ကျော် တို့အပြင် ကြံ့ခိုင်ရေးခရိုင်၊ တိုင်းဒေသကြီး၊ ပြည်နယ်တာဝန် ရှိသူများအတွင်း တိုင်ကြားခံရသူ အချို့အပေါ် ဥပဒေနှင့်အညီ ထိရောက်သော အရေးယူ ဆောင်ရွက်မှု တစ်စုံ တစ်ခုမျှ မရှိဘဲ NLD ပါတီ ထိပ်တန်း ခေါင်းဆောင်များသာ ပုဒ်မအမျိုးမျိုးနှင့် တရားစွဲ အရေးယူခံရခြင်း စသည်တို့မှာ ယခင်တပ်မတော် အစိုးရ လက်ထက် အတိုက်အခံ NLD ပါတီအပေါ် အနိုင်ကျင့်၍ ပုဒ်မများ တပ်ကာ ထိန်းချုပ်ခဲ့သော အခြေအနေများအတိုင်း ၎င်းတပ်မတော် အစိုးရ လူကြီးများက အရပ်ဝတ်လဲ၍ ယခုအစိုးရသစ် လက်ထက်တွင်လည်း ယခင် ပြုမူနည်းများအတိုင်း (တပ်မတော်အစိုးရပုံစံ) အရေးယူ လုပ်ဆောင်ခြင်း ဖြစ်နိုင်ကြောင်း အတိုက်အခံပါတီ ထိပ်တန်း ခေါင်းဆောင်များနှင့် သတင်းစာဆရာများ၊ ၀ါရင့် နိုင်ငံရေး သမားများက သုံးသပ် ပြောကြား လာကြသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ပုဒ်မ ၉၂(ခ)၌ ပြည်ထောင်စု လွှတ်တော်တွင် တင်ပြ ပြောဆိုမှုများနှင့် စပ်လျဉ်း၍ ယင်း အဖွဲ့အစည်းဝင်များ သို့မဟုတ် ပုဂ္ဂိုလ်များအား ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဥပဒေမှအပ အခြားဥပဒေအရ အရေးယူခြင်း မပြုရဟူ၍လည်းကောင်း၊ ပုဒ်မ ၉၃ တွင် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး တက်ရောက်နေသော ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် တစ်ဦးကိုဖြစ်စေ၊ ပြည်ထောင်စု လွှတ်တော် နာယက၏ ခွင့်ပြုချက် သို့မဟုတ် ဖိတ်ကြားချက်အရ ယင်းအစည်းအဝေးသို့ တက်ရောက်နေသော ပုဂ္ဂိုလ်တစ်ဦးကိုဖြစ်စေ ဖမ်းဆီးရန် လိုအပ်ပါက ခိုင်လုံသော အထောက်အထားကို ပြည်ထောင်စု လွှတ်တော် နာယကထံ တင်ပြရမည်။ ပြည်ထောင်စုလွှတ်တော် နာယက၏ ကြိုတင်ခွင့်ပြုချက် မရရှိဘဲ ဖမ်းဆီးခြင်းမပြုရ . . . ဟူ၍ ပါရှိသည်။

မီဒီယာများမှ ရေးသား ဖော်ပြခဲ့သော အာဏာရ ကြံ့ခိုင်ရေးပါတီ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် လွှတ်တော် ကိုယ်စားလှယ် အချို့၏ မလျော်ကန်သော လုပ်ရပ်များအပေါ် အစိုးရဘက်မှ အရေးယူ ဆောင်ရွက်မှု မရှိခြင်း၊ သမ္မတ ဦးသိန်းစိန် နှင့် လွန်စွာ ရင်းနှီးသော ကျောင်းနေဖက် သူငယ်ချင်းဖြစ် သည့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး လက်ထက် NLD ပါတီဗဟိုမှ ဦးဉာဏ်ဝင်းနှင့် ဦးမျိုးရန်နောင်သိမ်း တို့အား တရားစွဲဆို အရေးယူခဲ့ခြင်း တို့ကို ၂၀၁၄ ခုနှစ်အတွင်း အစိုးရဘက်မှ ဆောင်ရွက် ခဲ့ကာ အစိုးရနှင့် ကြံ့ခိုင်ရေး ပါတီအပေါ် ပြင်းထန်သော ပြစ် တင် ဝေဖန်မှုများ ပြုလုပ်ခဲ့သည့် ဧရာဝတီ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ သရေစည်သူ ဦးဆန်းဆင့်ကို သမ္မတ ဦးသိန်းစိန်က ၂၀၁၃ ခုနှစ်တွင် သာသနာရေး ပြည်ထောင်စု ၀န်ကြီးအဖြစ် ပြောင်းလဲခန့်အပ်ခဲ့ပြီး ၂၀၁၄ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့တွင် တာဝန်မှ ရပ်စဲကာ အရေးယူ ဖမ်းဆီး ချုပ်နှောင် ထားခဲ့သည်။

MH-0011

  မြန်မာသံတော်ဆင့်သတင်းဌာန – http://www.facebook.com/myanmarherald

 

No comments:

Post a Comment