““၀န်ကြီးချုပ်က တပ်ထဲမှာနေစဉ်က လွှတ်တော်ဥက္ကဋ္ဌအပေါ်မှာ အများကြီး သြဇာညောင်းခဲ့တယ်””
အဆိုကို အတည်ပြုခါနီးမှာ လွှတ်တော်ဥက္ကဋ္ဌကြီးက အစိုးရအဖွဲ့ရဲ့ သဘောထားကို မေးတဲ့နေရာ မှာ ၀န်ကြီးချုပ် ကိုယ်တိုင် ကိုက ကော်မတီဖွဲ့ဖို့တော့ လုံးဝ သဘောမတူနိုင်ဘူးလို့ ပြောတာ…
အစိုးရအဖွဲ့ အနေနဲ့ လွှတ်တော်မှာ ကော်မတီဖွဲ့စရာ မလိုဘူးလို့ ပြောလို့ မရဘူး…
~~~~~~~~~~~~~~~~~~~~~~~~~~
ရန်ကုန်တိုင်း အစိုးရအဖွဲ့ဝင် ၀န်ကြီးများ အနေဖြင့် အတွေးအခေါ်၊ စိတ်ဓာတ် ပြောင်းလဲပစ်ရန် လိုအပ်ကြောင်း စက်တင်ဘာ ၁ ရက်နေ့က ပြုလုပ်သည့် လွှတ်တော် အစည်းအဝေး၌ ဗဟန်းမြို့နယ် တစ်သီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဒေါ်ညိုညိုသင်း က ဆွေးနွေးစဉ် အစိုးရ၀န်ကြီး နှစ်ပါးက ထကန့်ကွက်ခဲ့သည်။ ယင်းသို့ ကန့်ကွက်ခြင်းအပေါ် လွှတ်တော် ဥက္ကဋ္ဌက ၀င်ရောက် တားမြစ်ခဲ့ခြင်း မရှိသလို ယခုကဲ့သို့ ကန့်ကွက် ခြင်းမှာ လွှတ်တော်အပေါ် တိုင်းအစိုးရအဖွဲ့မှ ၀င်ရောက် စွက်ဖက်ခြင်း ဖြစ်ကြောင်း တားမြစ်ခံရ သူ ဒေါက်တာ ဒေါ်ညိုညိုသင်း က အောက်တိုဘာ ၈ ရက်နေ့တွင် မြန်မာ သံတော်ဆင့်သို့ ပြောသည်။ တိုင်းအစိုးရအဖွဲ့မှ လွှတ်တော်အပေါ် ၀င်ရောက် စွက်ဖက်နေခြင်းမှာ ယခင်ကတည်းက ရှိနေခဲ့ခြင်းဖြစ်ပြီး ရန်ကုန်တိုင်း လွှတ်တော်နှင့် အစိုးရ အဖွဲ့အကြား ပွတ်တိုက်မှုများစွာ ဖြစ်ပေါ်လျက်ရှိရာ တိုင်းလွှတ်တော်နှင့် လွှတ်တော်ကြား ပွတ်တိုက်မှုများ၊ လွှတ်တော် အစိုးရအဖွဲ့၏ ၀င်ရောက် စွက်ဖက်မှုများနှင့် တပ်မတော်သား ကိုယ်စားလှယ်တို့၏ သဘောထား၊ လွှတ်တော်ဥက္ကဋ္ဌနှင့် အစိုးရအဖွဲ့ ဆက်ဆံရေး၊ လွှတ်တော်နှင့် အစိုးရအဖွဲ့ အားနည်းချက်များနှင့် ပတ်သက်၍ ဗဟန်း လွှတ်တော်ကိုယ်စား လှယ် ဒေါက်တာဒေါ်ညိုညိုသင်းအား မြန်မာ သံတော်ဆင့် မှ တွေ့ဆုံ မေးမြန်းထားသည် များကို ဖော်ပြလိုက်ပါသည်။
ဝိုင်းမော်
မေး – ပထမဆုံး အနေနဲ့ စက်တင်ဘာလ ၁ ရက်နေ့က ရန်ကုန်တိုင်း လွှတ်တော်မှာ ဆရာမရဲ့ ဆွေးနွေးချက်ကို ၀န်ကြီးနှစ်ပါးက ထကန့်ကွက်တာနဲ့ ပတ်သက်ပြီးတော့ ရှင်းပြပေးပါဦး။
ဖြေ – အဆိုရှင် ဒေါ်စန်းစန်းမြင့်ရဲ့ အဆိုကို အန်တီ တို့က ထောက်ခံ ဆွေးနွေးနေတဲ့ အချိန်ပေါ့နော်။ အဲဒီလို ထောက်ခံ ဆွေးနွေးနေတဲ့ ကာလမှာ အန်တီက မူလ အစည်းအဝေးမှာ မြို့တော်ဝန် ဖြေကြားခဲ့တဲ့ အချက် အလက်တချို့နဲ့ ပတ်သက်ပြီးတော့ ထောက်ပြပြီး ဆွေးနွေးတာပေါ့။ ရေလျှံတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ မြို့တော်ဝန်ကြီးကလည်း သူတို့ဌာနအနေနဲ့ ၁၀ ဘီလီယံကျော် သုံးစွဲတယ်ပေါ့နော်။ ဆည်/မြောင်း ဦးစီးဌာန ကလည်း အဲဒီလိုပဲပေါ့နော်။ သုံးစွဲတယ်ဆိုတော့ အဲဒီမှာ အနည်းဆုံး ၁၅ ဘီလီယံတော့ ကျော်တယ်ပေါ့။ ရန်ကုန်မြို့ရဲ့ ရေကြီးမှုကို ကာကွယ်ဖို့ အဲဒီလိုသုံးစွဲတာ တွေရှိသည့် တိုင်အောင် တာဝန်ခံတဲ့သူက နောက်နှစ်မှာ ဒီလိုမျိုး ရေကြီးမှု မဖြစ်ဘူး၊ ဒီလိုမျိုး လမ်းမတွေ ရေမြုပ်မှု မဖြစ်ဘူးလို့ တာဝန်ခံမယ့်သူက ဘယ်သူလဲလို့ အဲဒီလို မေးခွန်းထုတ်ရင်း နဲ့ ဆွေးနွေးတဲ့နေရာမှာ မြို့တော်ဝန်ကြီးက ဖြေကြားတဲ့နေရာမှာ ဒါတော့ မပြောနိုင်ပါဘူးပေါ့နော်။ ၀န်ထမ်း စည်းမျဉ်းတွေအရပဲ အရေးယူသွားပါ့မယ်ဆိုပြီး ယေဘုယျ ဆန်ဆန် ဖြေကြား တယ်။
ဒါကြောင့် အန်တီက ယေဘုယျဆန်ဆန် မဖြေပါနဲ့လို့၊ မေးခွန်းထဲ မှာ ပြောထားရဲ့ သားနဲ့ ယေဘုယျ ဆန်ဆန် ဖြေတယ်။ အစိုးရအဖွဲ့ဝင် ၀န်ကြီးတွေဟာ ခေတ်စနစ် ပြောင်းသည့်တိုင်အောင် အတွေးအခေါ်တွေ မပြောင်းတဲ့ အတွက်ကြောင့်မို့လို့ အလုပ်လုပ်ရတာ ခက်တယ်ဆိုတဲ့ အကြောင်းကို သတင်းစာ တစ်ခုက ဆောင်းပါးရှင် တစ်ယောက်ရဲ့ ပြောထားတဲ့ စာပိုဒ်ကလေးကို ဖတ်ပြတာပေါ့နော်။ အန်တီက ဆောင်းပါးရှင်ပြောတဲ့ အတိုင်း ပေါ့နော်။ အစိုးရအဖွဲ့တွေဟာ ရေဘူးပေါက်တာ မလိုချင်ဘူး၊ ရေပါတာပဲ လိုချင်တယ် ဆိုပြီးတော့ ခိုင်းတယ်။ ခိုင်းတဲ့အခါမှာ အောက်ခြေ အဖွဲ့အစည်း အဆင့်ဆင့်ကလည်း ဘယ်လိုနည်းနဲ့ပဲ ဖြစ်ဖြစ် ရေပါအောင် လုပ်ကြ တယ်။ အဲဒီတော့ ပေါက်နေတဲ့ရေဘူးကြီးနဲ့ ခပ်တာမျိုးက ဒါမဖြစ်သင့်တဲ့ အကြောင်း၊ အရေးအကြီးဆုံးက အစိုးရ အဖွဲ့ဝင် ၀န်ကြီးတွေရဲ့ အတွေးအခေါ် စိတ်ဓာတ် အမြန်ဆုံး ပြောင်းလဲ ပစ်ရမယ်လို့ အန်တီက ပြောတယ်။
အဲဒါကို ထပြီးတော့ ကန့်ကွက်တယ်ပေါ့နော်။ စိုက်ပျိုးရေးဝန်ကြီး ဦးစိုးမင်းကော၊ လုံခြုံရေးဝန်ကြီး ဦးတင်ဝင်း ရော။ အပြင်းအထန် တုံ့ပြန် ပြောဆိုတယ်ပေါ့နော်။
မေး – အန်တီ့ရဲ့ ဆွေးနွေးချက်ကို ၀န်ကြီးက ထကန့်ကွက်တုန်းက လွှတ်တော်ဥက္ကဋ္ဌက ဘာများ မှတ်ချက် ပေးသလဲ။
ဖြေ – ဘာမှ မှတ်ချက် မပေးပါဘူး။
မေး – အခုလိုမျိုး လွှတ်တော် ကိုယ်စားလှယ်တစ်ယောက်ရဲ့ ဆွေးနွေးချက်ကို အစိုးရအဖွဲ့ဝင် ၀န်ကြီးအနေနဲ့ ထကန့်ကွက်ခွင့်ကော ရှိလား။
ဖြေ – အမှန်မှန်တော့ လွှတ်တော် ကိုယ်စားလှယ် တစ်ယောက်က ဆွေးနွေးနေ တဲ့ အခါမှာ စည်းကမ်းချက်ကို ဖောက်ဖျက်တယ်လို့ ယူဆလို့ရှိရင် လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော် ကိုယ်စားလှယ် ဆွေးနွေးပြီး တဲ့ အခါမှာ သော်လည်းကောင်း၊ ဆွေးနွေးနေတဲ့အခါမှာ သော်လည်းကောင်း တားမြစ်နိုင်တယ်ပေါ့နော်။ မှတ်ချက်ပေးနိုင် တယ်။ နောက် ကိုယ်စားလှယ် တစ်ယောက်က အစိုးရအဖွဲ့ဝင် ဖြစ်စေ၊ ကိုယ်စားလှယ် တစ်ယောက်ကဖြစ်စေ ထပြီးတော့ ကန့်ကွက်ပိုင်ခွင့်တော့ မရှိဘူးပေါ့။
မေး – အခုကိစ္စက လွှတ်တော် ကိုယ်စားလှယ်တွေကို အုပ်ချုပ်ရေးဘက်က ၀င်စွက်ဖက်သလိုမျိုး ဖြစ်မနေ ဘူးလား။
ဖြေ – အများစုက အဲဒီလိုမျိုး သုံးသပ်ပါတယ်။ ဒါလွှတ်တော်ကို ပြောင်ပြောင် တင်းတင်းချည်း ၀င်ရောက် စွက်ဖက်တာ။ ဥက္ကဋ္ဌကို ဟိုလိုလုပ်ပါ၊ ဒီလိုလုပ်ပါဆိုပြီးတော့ ပြောတာဟာ လွှတ်တော်ဥက္ကဋ္ဌကိုပါ လွှမ်းမိုးတယ်။ လွှတ်တော်ဥက္ကဋ္ဌရဲ့ လုပ်ငန်းတာဝန်များကိုပါ ၀င်ရောက် လွှမ်းမိုးရာ ရောက်တယ်လို့ အန်တီတို့က မြင်ပါတယ်။
မေး – တခြားကိစ္စတွေမှာကော အုပ်ချုပ်ရေးက လွှတ်တော်ကို ၀င်ရောက် စွက်ဖက်နေတာတွေ ရှိသလား။
ဖြေ – ရှိတယ်။ ရန်ကုန်တိုင်း လွှတ်တော်မှာ အန်တီက တရားဥပဒေ စိုးမိုးရေးအဆိုကို တင်သွင်းရင်းနဲ့ ရန်ကုန်တိုင်း အတွင်းမှာ လွှတ်တော်က ကော်မတီတွေ ဖွဲ့ရမယ်၊ အစိုးရရဲ့ အာမခံချက်တွေ၊ ကတိတွေကို စောင့်ကြည့် ဖို့ ကော်မတီ လိုတယ်ဆိုတဲ့အကြောင်း၊ ဘဏ္ဍာငွေတွေ၊ စီမံကိန်းတွေကို စောင့်ကြည့်ဖို့ ကော်မတီ လိုတယ်ဆိုတဲ့ အကြောင်း၊ ကော်မတီဖွဲ့ဖို့ အန်တီ ဆွေးနွေးဖူးတယ်။ အပြင်းအထန် ဆွေးနွေးတဲ့အခါမှာ အဆိုကို အတည်ပြုခါနီးမှာ လွှတ်တော် ဥက္ကဋ္ဌကြီးက အစိုးရအဖွဲ့ရဲ့ သဘောထားကို မေးတဲ့နေရာမှာ ၀န်ကြီးချုပ် ကိုယ်တိုင်ကိုက ကော်မတီ ဖွဲ့ဖို့တော့ လုံးဝ သဘောမတူနိုင်ဘူး လို့ ပြောတာ တွေ့ရတယ်။ အမှန်မှန် ကတော့ လွှတ်တော်ရဲ့ ကော်မတီဖွဲ့တာကို လွှတ်တော်ကပဲ လုပ်ရမှာပေါ့နော်။ အစိုးရအဖွဲ့ အနေနဲ့ လွှတ်တော်မှာ ကော်မတီဖွဲ့စရာ မလိုဘူးလို့ ပြောလို့မရဘူး။
နောက်တစ်ခါ ထင်ရှားတာက အစိုးရအဖွဲ့ဝင် ၀န်ကြီးတစ်ယောက် ကိုယ်တိုင်ကိုက လွှတ်တော် ကိုယ်စားလှယ် အနေနဲ့ ၀င်ရောက် ဆွေးနွေးပြီးတော့ အဲဒီ ကော်မတီတွေကို ဖွဲ့မယ် ဆိုလို့ရှိရင် ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ဆန့်ကျင်ရာ ရောက်ပါတယ် ဆိုပြီးတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုပါ အလွဲသုံးစား လုပ်ပြီးတော့ ပြောဆို သွားတာ တွေ့ရတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် အန်တီတို့က အစိုးရအဖွဲ့ လုပ်ငန်းတွေကို ထိန်းကြောင်း ကြပ်မတ်ရာ ရောက်တဲ့ လုပ်ငန်းတွေပဲ လုပ်တယ်။ အစိုးရအဖွဲ့ရဲ့ အလုပ်တွေကို ၀င်ရောက် စွက်ဖက်တာမျိုး၊ တားမြစ်တာမျိုး မရှိဘူး။ ဘက်ဂျက်တွေကို ကန့်ကွက်တယ် ဆိုရင်လည်း ဥပဒေနဲ့ အညီပဲ ထောက်ပြပြီးတော့ ကန့်ကွက်တယ်။ ဒါပေမဲ့ အစိုးရအဖွဲ့ဝင် ၀န်ကြီး တစ်ယောက်ကတော့ ဒီလိုမျိုး ပြောင်ပြောင်တင်းတင်းကို ထပြီးတော့ အတိအလင်း လွှတ်တော် ကော်မတီများ မဖွဲ့ရဘူးတို့၊ ဒါဖွဲ့စည်းပုံ အခြေခံဥပဒေကို ချိုးဖောက် တယ်လို့ ပြောတာက ဒါလွှတ်တော်ရဲ့ လုပ်ငန်းတွေကို အစိုးရ အဖွဲ့ဝင်တွေက စွက်ဖက်တာပေါ့။ ၀င်ရှုပ်တာပါပဲ။
မေး – ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ လွှတ်တော်ဥက္ကဋ္ဌနဲ့ အစိုးရအဖွဲ့ဝင် လူကြီးတွေရဲ့ ဆက်ဆံရေး ကကော ဘယ်လိုရှိသလဲ ခင်ဗျ။
ဖြေ – အများ ပြောနေကြတဲ့ ကိစ္စကတော့ လွှတ်တော်ဥက္ကဋ္ဌကြီးက ၀န်ကြီးချုပ်ရဲ့ လွှမ်းမိုးမှုတွေ အများကြီး ရှိနေ ကြတယ်လို့ အများက ပြောနေကြတယ်။ ဘာကြောင့်လဲဆိုတော့ ပွဲတော်တော်များများ ကိုလည်း ၀န်ကြီးချုပ် နောက်ကနေ လွှတ်တော်ဥက္ကဋ္ဌက လိုက်ပြီးတော့ ပါတာတွေ့ရတယ်။ အများပြောကြတာပေါ့။ အန်တီတို့လည်း မြင်ပါတယ်၊ တီဗွီတွေမှာ။ နောက်တစ်ခါ အပြောအများဆုံး အချက်ကတော့ ဘာလဲဆိုတော့ ၀န်ကြီးချုပ်က တပ်ထဲမှာ နေစဉ်က လွှတ်တော် ဥက္ကဋ္ဌအပေါ်မှာ အများကြီး သြဇာ ညောင်းခဲ့တယ်ပေါ့။ စီနီယာ တစ်ယောက် ဖြစ်ခဲ့တယ်။ အဲဒါကတော့ မငြင်းနိုင်ဘူး ဖြစ်နေတာပေါ့။ သြဇာ ညောင်းခဲ့သလား၊ မညောင်းခဲ့လား တော့ မသိဘူးပေါ့။ တပ်ထဲမှာတော့ ၀န်ကြီးချုပ်က စီနီယာဖြစ်ပြီးတော့ ဥက္ကဋ္ဌက အရမ်း ဂျူနီယာကျတာ တွေ့ရတယ်။ ဒါကြောင့်လည်း လွှတ်တော်ရဲ့ လုပ်ငန်းတွေကို အစိုးရအဖွဲ့က ၀င်ရောက်ပြီးတော့ ပြောဆို ဝေဖန်ရခြင်းရဲ့ အကြောင်းရင်း တစ်ခုလို့ အန်တီတို့က ထင်တယ်။
မေး – ဒီလိုမျိုးတွေ ဖြစ်နေတော့ လွှတ်တော်ရဲ့ လုပ်ငန်းတွေမှာ ဘာတွေ အနှောင့်အယှက် ဖြစ်သလဲ။
ဖြေ – အနှောင့်အယှက် အကြီးကြီး ဖြစ်တာပေါ့။ အန်တီတို့ ရန်ကုန်တိုင်းက အစိုးရအဖွဲ့က သုံးတဲ့ငွေဟာ မနည်းဘူးပေါ့။ ဘီလီယံ ၄၀၀ နီးပါးလောက် ဒီနှစ်ဆိုရင် သုံးတာပေါ့။ ဘီလီယံ ၄၀၀ လောက်ရှိတဲ့ စီမံကိန်း တွေကို စောင့်ကြည့် ထိန်းကြောင်း စိစစ်တဲ့ လွှတ်တော်ရဲ့ ကော်မတီ မရှိဘူး။ ပြည်သူ့ငွေစာရင်း ကော်မတီ လိုမျိုး ထိရောက်တဲ့ ကော်မတီလိုမျိုး မရှိဘူး။ မရှိတဲ့ အတွက်ကြောင့်မို့လို့ အန်တီတို့ အများကြီး စိုးရိမ်တယ်။ အစိုးရအဖွဲ့ဟာ တင်ပြထားတဲ့ စီမံကိန်းတွေကို တင်ပြတဲ့အတိုင်း မှန်မှန်ကန်ကန်နဲ့ ပြည်သူ လူထုအတွက် အကျိုးရှိရှိ ထိထိရောက်ရောက် လုပ်ပါ့ လုပ်နိုင်ပါ့မလားလို့ အန်တီ့အနေနဲ့ သံသယ၀င်တယ်။ ဘာကြောင့် အန်တီက ပြောရသလဲဆိုတော့ အန်တီ့မှာ ခိုင်မာတဲ့ အကြောင်းပြချက် ရှိတယ်။ အန်တီတို့ ပြီးခဲ့တဲ့ ၂၀၁၂ ဘက်ဂျက်နဲ့ ရွှေပြည်သာမြို့နယ် လိန်ကုန်း မြေသားလမ်းဆိုရင် စာရင်းစစ်ချုပ်ရဲ့ အစီရင်ခံစာ အရဆိုရင် လုပ်ငန်း မပြီးသေးတာကို တွေ့ရတယ်။ ဒါ ၂၀၁၂ ဘက်ဂျက်နဲ့ လုပ်ခဲ့တဲ့ လုပ်ငန်းတစ်ခုဟာ ၂၀၁၄ နှစ်ကုန် အထိအောင် မပြီးဘူးဆိုတာဟာ အစိုးရအဖွဲ့အနေနဲ့ စီမံကိန်းတွေကို မှန်မှန်ကန်ကန် မဆောင်ရွက်ခဲ့ဘူး ဆိုတဲ့ သက်သေပဲ။ အလားတူ ကိစ္စမျိုးတွေ အများကြီး။ ၂၀၁၄ ဘက်ဂျက်ထဲမှာကော ဖြစ်မလာနိုင်ဘူးလို့ ဘယ်သူ အာမခံသလဲ။ အာမခံတဲ့သူ တစ်ယောက်မှ မရှိဘူး။ အဲဒါကို စစ်ဖို့အတွက် ပြည်သူလူထုကိုယ်စား ကြီးကြပ်ဖို့ အတွက် လွှတ်တော်က ဖွဲ့စည်းတဲ့ ကော်မတီ မရှိဘူး။ ပြည်သူ့ငွေစာရင်း ကော်မတီ မရှိဘူး။ အဲဒီလို မရှိတဲ့ အတွက်ကြောင့်မို့လို့ ရန်ကုန်တိုင်းက ပြည်သူလူထုအတွက် အများကြီး နစ်နာတယ်။ အများကြီး ဆုံးရှုံးမှု ဖြစ်တယ်။
မေး – လွှတ်တော်မဏ္ဍိုင် အနေနဲ့ အုပ်ချုပ်ရေး မဏ္ဍိုင်ကို ထောက်ပြရမယ့် တာဝန်ရှိတော့ အန်တီတို့ ထောက်ပြ တာကိုကော အုပ်ချုပ်ရေးဘက်က လက်ခံတာတွေ ရှိသလား။
ဖြေ – များသောအားဖြင့်တော့ လက်ခံတာမျိုး မရှိဘူး။ ဒါပေမဲ့ မြို့သစ် စီမံကိန်းကိစ္စမှာတော့ အန်တီ မေးခွန်း ထုတ်တဲ့ မေးခွန်း ၁၇ ခု အပေါ်မှာ အစိုးရအဖွဲ့က အစည်းအဝေးမှာ နက်နက်နဲနဲ စဉ်းစားတယ်လို့ အန်တီ ထင်တယ်။
မေး – ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကို အုပ်ချုပ်ရေးဘက်က ၀င်စွက်ဖက်တာတွေက အမြဲတမ်းလိုလို ဖြစ်နေတာ မျိုးလားခင်ဗျ။
ဖြေ – အဲဒါမျိုးကို မကြာခဏဖြစ်တာ။ အန်တီ ခုနကပြောတဲ့ နှစ်ခုကတော့ ထင်ထင်ရှားရှားဖြစ်တာ။
မေး – တပ်မတော်သား ကိုယ်စားလှယ်ကကော ဒီလိုကိစ္စမျိုးတွေမှာ ဘယ်လို သဘောထား ရှိသလဲ။
ဖြေ – တပ်မတော်သား ကိုယ်စားလှယ်တွေက တစ်ခါမှ ၀င်ရောက် ဆွေးနွေးတာ မရှိဘူး။ သို့သော်လည်းပဲ မဲခွဲတဲ့အခါမှာ သူတို့လည်း သူတို့ရဲ့ ၀န်ကြီးချုပ် ဘက်ကပဲ လိုက်တာပဲ။
မေး – ၀န်ကြီးချုပ်ကကော လွှတ်တော်အပေါ် တိုက်ရိုက် ချုပ်ကိုင်ထားတာမျိုးတွေ ရှိသလား။
ဖြေ – မဲပေးတဲ့အခါမှာ ဥပဒေအရ ၀န်ကြီးချုပ်နဲ့ အစိုးရ အဖွဲ့ဝင်ကပါ ပေးရတယ် မဟုတ်လား။ အဲဒီတော့ ၀န်ကြီးချုပ်က သူဖြစ်ချင်တဲ့ဟာ၊ အစိုးရအဖွဲ့ ဖြစ်ချင်တဲ့ဟာတွေကို ထောက်ခံမဲပေးပါဆိုရင် အစိုးရအဖွဲ့နဲ့ ၀န်ကြီးချုပ်က ကမန်းကတမ်း ထရပ်လိုက်တာနဲ့ ပြည်ခိုင်ဖြိုး ကိုယ်စားလှယ် တွေကလည်း အကုန်လုံး ထရပ် ကြတာပဲ။ ၀န်ကြီးချုပ်တောင် ရပ်တယ်ဆိုတော့ သူတို့လည်း ရပ်ကြတာပေါ့။
မေး – အားလုံး ပြန်ခြုံကြည့်မယ်ဆိုရင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်နဲ့ အစိုးရအဖွဲ့ရဲ့ အားနည်းချက်တွေ ဆိုရင် ဘာတွေဖြစ်မလဲ။
ဖြေ – လွှတ်တော်က လွှတ်တော်ရဲ့ လုပ်ငန်းတွေကို ပီပီပြင်ပြင် မလုပ်နိုင်ဘူး။ ဘာကြောင့်လဲ ဆိုတော့ အစိုးရ အဖွဲ့ရဲ့ လွှမ်းမိုးမှု၊ ချုပ်ကိုင်မှု အရမ်းကို ကြီးထွားနေတဲ့အတွက်။ နောက် အစိုးရဘက်က ပြန်ကြည့်မယ် ဆိုရင်လည်း လုပ်ငန်းတွေကို ပြောင်ပြောင် မြောက်မြောက်၊ ထိထိရောက်ရောက် လုပ်နိုင်တာ အရမ်းနည်း တယ်။ ဘာကြောင့်လဲဆိုတော့ လွှတ်တော်ရဲ့ ထိန်းကျောင်းမှုကို ထိုက်သင့်သလောက် မရလို့ပဲ။ အလို လိုက်ခြင်း ခံထားရတဲ့ သားဆိုးသမီးဆိုးလေး ဖြစ်နေတာပေါ့။
ရန်ကုန်တိုင်း လွှတ်တော်ရဲ့ အားနည်းချက် နောက်တစ်ခုက တိုင်းဒေသကြီး လွှတ်တော် စကျင်းပကတည်းက မှတ်တမ်းတွေပေါ့။ သုံးနှစ်ခွဲစာ မှတ်တမ်းတွေ။ မှတ်တမ်းတချို့ကို အန်တီတို့ ပြီးခဲ့တဲ့ လကမှ ရတယ်။ သုံးနှစ်ခွဲအတွင်းမှာ မှတ်တမ်းတွေ တစ်ခါမှ မရခဲ့ဘူး။ အန်တီတို့က လွှတ်တော်မှာ အဆိုတင်ပြီးတော့ တောင်းတော့ မှပဲ အခုဆို လွှတ်တော်သက်တမ်း သတ္တမအကြိမ် အထိရတယ်။ နောက်ထပ် အန်တီိတို့ ရစရာတွေ ရှိသေးတယ်။ လွှတ်တော် အစည်းအဝေး သုံး၊ လေးကြိမ်စာ အန်တီတို့ ရဖို့ ရှိသေးတယ်။ လွှတ်တော် မှတ်တမ်းတွေကို အချိန်မီ မရခြင်းအားဖြင့် လွှတ်တော် ကိုယ်စားလှယ်တွေဟာ တခြား ကိုယ်စားလှယ် မေးပြီးသား မေးခွန်းတွေကို ထပ်ထပ် မေး တယ်။ မေးခွန်းတွေ ဖောင်းပွတာသာ အဖတ်တင်ပြီး အဖြေကျတော့ ၀န်ကြီးတွေက အတူတူပဲဖြေတယ်။ ဟိုနှစ်က ဒီကိုယ်စားလှယ် မေးထားလည်း ဒီအဖြေပဲ ဖြေတယ်၊ နောက် နှစ်နှစ်ကြာလို့ ဒီကိုယ်စားလှယ်မေးလည်း ဒီအဖြေပဲ ဖြေတယ်။ အဖြေရဲ့ Quality အရည်အသွေးပါ ကျဆင်းတာ တွေ့ရတယ်။ အဲဒီတော့ အချိန်ကုန်ပြီးတော့၊ မေးခွန်းများပြီးတော့ လူထုအတွက် အကျိုး သက်ရောက်မှု နည်းတာပေါ့။ ။
မြန်မာသံတော်ဆင့်သတင်းဌာန – http://www.facebook.com/

No comments:
Post a Comment