အစိုးရတပ်နှင့် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)တို့ကြား
ကော့ကရိတ်မြို့ နယ်အတွင်း အောက်တိုဘာ ၁၀ ရက်က
တိုက်ပွဲများပြန်လည်ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
အစိုးရတပ်နှင့် DKBAတို့ ကြား စက်တင်ဘာလနှောင်းပိုင်းတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်အခြေအနေ ငြိမ်သက်နေရာမှ တိုက်ပွဲ ပြန်လည်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ကော့ကရိတ် မြို့နယ်အတွင်း DKBA ကလိုထူးဝါးဗျူဟာ အဓိကအခြေစိုက်သည့် ကောင်းမှုရွာအနီးတွင် နံနက် ၁၀ နာရီမှစ၍ ၁၁နာရီခွဲ ခန့်အထိ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာရမှုစာရင်းကို
အတိအကျမသိရသော်လည်းနစ်ဖက်လုံးထိခိုက်မှုရှိခဲ့ကြောင်း DKBA ကလိုထူးဝါးဗျူဟာနှင့် နီးစပ်သည့် သတင်းရင်းမြစ် တစ်ဦးက ပြောသည်။
ယခုဖြစ်သည့် တိုက်ပွဲမှာ ဒီကေဘီအေက ကျိုက်မရော ပစ်ခတ်မှုဖြစ်စဉ်တွင် သိမ်းထားခဲ့သည့် လက်နက်များ ပြန်အပ်ပေးခဲ့သည့် ကော့ကရိတ်မြို့အခြေစိုက် စစ်ကွပ်ကဲရေးဌာနချုပ် (စကခ-၁၂) လက်အောက်ခံတပ်ဖွဲ့ဝင်များနှင့် DKBA ဗိုလ်မှူးကြီးကျော်သက်ဦးဆောင်သည့် တပ်ဖွဲ့ဝင်များ ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။
‘‘ကျွန်တော်တို့ နယ်ထဲမှာ ဖြစ်တာမဟုတ်တော့ အသေးစိတ်မသိရပါဘူး။ ဒါပေမဲ့ မနက် ၁၀နာရီခွဲလောက်မှာ စဖြစ်တာဖြစ်ပြီး ထိခိုက်တာတွေ၊ ဒဏ်ရာရတာတွေရှိတယ်လို့ သိရတယ်။ အခုနေတော့ တည်ငြိမ်နေတယ်ကြားတယ်’’ဟု မြ၀တီခရိုင် ရဲတပ်ဖွဲမှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောသည်။
ကော့ကရိတ် မြို့နယ်ကောင်းမှုရွာအနီးတွင် အောက်တိုဘာ၁၀ရက် နံနက် ၁၀နာရီခန့် မှ စတင်၍ အစိုးရတပ်စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် (စကခ ၁၂) လက်အောက်ခံတပ်များနှင့် DKBA ကလိုထူးဝါးဗျူဟာလက်အောက်ခံတပ်တို့ကြား တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း နယ်ခြားစောင့်တပ်ဖွဲ့(BGF)မှ ဗိုလ်မှူးသိန်းဇော်မင်းက ပြောသည်။
‘‘လောလောဆယ်တော့ တိုက်ပွဲပြီးသွားပြီ။ တွေ့လို့ပစ်ကြတဲ့ ပုံစံပါ။ ထိခိုက်တာတော့ အသေးစိတ်မသိရသေးပါဘူး’’ဟု ၎င်းဆိုသည်။
တိုက်ပွဲဖြစ်ပွားရခြင်းနှင့် ပတ်သက်၍ DKBA ဒုတိယစစ်ဦး စီးချုပ်စောမိုရွေးထံဆက်သွယ် မေးမြန်းခဲ့သော်လည်း ဖုန်းအဆက်အသွယ်မရခဲ့ပါ။
DKBA ကော့ကရိတ်ဆက်ဆံရေးတာဝန်ခံ ဗိုလ်မှူးစောသရဲနီက အစိုးရဘက်မှ စတင်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲအခြေအနေ အသေးစိတ်ကို စုံစမ်းနေဆဲဖြစ်ကြောင်း KIC သတင်းဌာနတွင်ဖော်ပြထားသည်။
ယခုအစိုးရနှင့် တိုက်ပွဲဖြစ်ပွားသည့်DKBAတပ်မှာ ကလိုထူးဝါးစစ်ဗျူဟာလက်အောက်ခံတပ်များဖြစ်ကြောင်းဒေသတွင်း သတင်းရင်းမြစ်များကဆိုသည်။
နောက်ဆုံးရသော သတင်းများအရ ကော့ကရိတ်မြို့၊ ရေတွင်းဖြူကျေးရွာတွင် DKBA တပ်ဖွဲ့ဝင်နှစ်ဦးနှင့် ၄င်းတို့ကို ဆိုင်ကယ်ဖြင့်လိုက်ပို့သည့် ရွာသားတစ်ဦးကို ခြေမြန်တပ်ရင်း ခမရ(၅၄၆)မှ ဖမ်းဆီးထိန်းသိမ်းထားပြီး ရွာသားပြန်လည်လွတ်မြောက်ရေးအတွက် မိသားစုဝင်များက တောင်းဆိုနေကြောင်း သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၂၆ရက်မှစတင်၍ အစိုးရတပ်နှင့် DKBAတို့ကြားကျိုက်မရောမြို့ နယ်၊ မြ၀တီမြို့နယ်နှင့် ကော့က ရိတ်မြို့နယ်များတွင် လေးရက်ခန့် တိုက်ပွဲဆက်တိုက်ဖြစ်ပွားခဲ့ ခြင်းဖြစ်သည်။ မြန်မာ့တပ်မတော်မှ စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီးခင်ဇော်ဦးက DKBA အနေဖြင့် ၎င်းတို့တပ်များကို ထိန်းသိမ်းရန် အကြောင်းကြားစာပေးပို့ခဲ့ပြီးနောက် DKBA ဘက်မှလည်း ငြိမ်းချမ်းစွာဖြေရှင်းလိုကြောင်း တုံ့ပြန်ပြောဆိုခဲ့သည်။
စက်တင်ဘာလလယ်က မြ၀တီမြို့ပေါ်တွင် စည်းကမ်းမဲ့ မောင်းနှင်သော DKBA တပ်ဖွဲ့ဝင်များ လိုက်ပါလာသည့် ယာဉ်ကို အစိုးရပူးပေါင်းလုံခြုံရေးအဖွဲ့က စစ်ဆေးရန်တားရာ လက်မခံဘဲ သေနတ်ဆွဲထုတ်သဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ DKBAမှ အရာရှိတစ်ဦးသေဆုံးပြီး တပ်သားတစ်ဦးဒဏ်ရာရရှိခဲ့သည်။ ယင်းကိစ္စမှ စတင်၍ နှစ်ဖက်တင်းမာမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ် လေ့လာသူများက အစိုးရနှင့်အပစ်အခတ်ရပ်စဲထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကြားတွင် အပစ်ရပ်ကာလ၌ တပ်နေရာချထားခြင်း၊ ပူးတွဲစောင့်ကြည့်ရေးကော်မတီ မဖွဲ့စည်းနိုင်ခြင်းတို့ကြောင့် တိုက်ပွဲများပြန် ဖြစ်ပွားနိုင်ကြောင်း သုံးသပ်သည်။ ထို့အပြင် အပစ်ရပ်စဲချိန် နှစ်ဖက်သဘောတူညီချက်များကိုလည်း လိုက်နာရန်လိုအပ်ကြောင်း ၎င်းတို့က ဆိုသည်။
မြ၀တီမြို့၌လည်း လက်နက်ကြီးများဖြင့် ပစ်ခတ်မည့် သတင်းများ ထွက်ပေါ်နေမှုကြောင့် ပြည်သူများ စိုးရိမ်နေကြပြီး အစိုးရတပ် နှင့် ပူးပေါင်း၍ လုံခြုံရေးဆောင်ရွက်နေကြောင်း ဗိုလ်မှူးသိန်းဇော်မင်းက ပြောသည်။
DKBAသည် အစိုးရနှင့်အပစ်အခတ်ရပ်စဲရေး သဘောတူညီ ချက်ကို ၂၀၁၁ခုနှစ် နိုဝင်ဘာလတွင် လက်မှတ်ရေးထိုးထားပြီး ခန့်မှန်း အင်အား ၁,၅၀၀ ခန့်ရှိသည်။

Credit - 7DAY DAILY
No comments:
Post a Comment